【 ဆောင်းပါး 】 ပိုက်ဆံလည်းရှိ တရားလည်းသိမှ

【 ဆောင်းပါး 】 ပိုက်ဆံလည်းရှိ တရားလည်းသိမှ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိမ်နီးချင်းနိုင်ငံတစ်ခုမှာ ၂ နှစ်တာ ကျနော် အလုပ်သွားလုပ်ခဲ့ဖူးတယ်။

လုပ်ရတဲ့ အလုပ်က ကိုယ့်ပရော်ဖယ်ရှင်နယ်နဲ့ကိုယ် သက်သောင့်သက်သာမို့ အချိန်တွေ ပိုပိုလျှံလျှံနဲ့ အထီးကျန်ခြင်းဒဏ်ကိုတောင် တော်တော်ခံခဲ့ရသေးတယ်။ဘာပဲဖြစ်ဖြစ် အဆင့်အတန်းရှိစွာ နေရစားရပြီး ထိုက်သင့်တဲ့ ဝင်ငွေတစ်ခု ရနေတာမို့ စိတ်အေးလက်အေးနဲ့ သူတို့နိုင်ငံသားတွေရဲ့ ဘဝကို လက်လှမ်းမီသလောက် ငေးခွင့်ရခဲ့တယ်။သူတို့နိုင်ငံသားဆိုပေမယ့် ကိုယ့်အနီးဝန်းကျင်က လူလတ်တန်းစားတွေရဲ့ ဘဝလောက်ပါပဲ။

ဒီနေရာမှာ ပြောစရာရှိတာက ခဏတဖြုတ် ခရီးသွားရင်း မြင်ရတဲ့ မြင်ကွင်းတွေကိုကြည့်ကာ ကောက်ချက်ဆွဲလိုက်ရင် မှားတတ်တယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံမှာ အလုပ်လာမလုပ်ခင် ခဏတဖြုတ် အလည်အပတ် ၃ ခေါက် ကျနော်ရောက်ခဲ့ဖူးပါတယ်။အလည်အပတ်ဆိုတော့ အလွန်ဆုံးကြာလှ တစ်ပတ်။အလည်အပတ်ရောက်တဲ့ အချိန်တိုင်းကလည်း ဆောင်းဦးပေါက်ရာသီတွေချည်း။

ဆောင်းဦးပေါက်ဆိုတာ သူတို့နိုင်ငံသားတွေအတွက် ချမ်းလှတယ်မဟုတ်ပေမယ့် နည်းနည်းအေးနေပြီမို့  ဝတ်စားဆင်ယင်မှုကလည်း အတိုအကပ်တွေမရှိ၊ လုံလုံခြုံခြုံ။အဲဒီလို ၃ ခေါက်သွား၊ ၃ ကြိမ်စလုံး လုံလုံခြုံခြုံမြင်တွေ့ခဲ့လေတော့ သူတို့ဆီက မိန်းမငယ်တွေ ဝတ်စားဆင်ယင်ပုံ ယဉ်ကျေးလှတယ်လို့ ထင်မိ။ကိုယ်တကယ်သွားရောက်နေထိုင်ချိန် နွေရာသီကိုရောက်တော့ အတိုအကပ် အပြတ်တွေ မြင်ရတဲ့အခါကျမှ ရာသီအလိုက် ဝတ်စားဆင်ယင်မှုကို သဘောပေါက်မိတော့တယ်။

ဆိုလိုတာက ခဏတဖြုတ်မြင်ရတဲ့ မြင်ကွင်းဆိုတာက ရထားစီးရင်း မြင်ရတဲ့ ရထားလမ်းဘေး ရှုခင်းတွေလို ဖြတ်ခနဲ မြင်ရတာလောက်နဲ့ ကောက်ချက်ချလို့မရဘူးဆိုတာ သဘောပေါက်လာရတယ်။

အဲဒီနိုင်ငံကိုရောက်စက အပျိုလေးတွေကနေ သက်ကြီးပိုင်းအထိ အမျိုးသမီးတွေကိုကြည့်လိုက်ရင် ဗိုက်ပူတွေ၊ ဝတုတ်တွေ မြင်ရခဲလို့ သူတို့ နေ့စဉ် လေ့ကျင့်ခန်းယူကြတာကြောင့်လို့ အထင်ရောက်ခဲ့ဖူးတယ်။သူတို့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအဆစ်ကမလှပေမယ့် အမျိုးသမီးတွေကိုကြည့်လိုက်ရင် ဗိုက်ပူနေတာမျိုးမရှိတော့ ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းနေတာပေါ့။

နည်းနည်းလေး အနေကြာလာ၊ သူတို့နဲ့ အနေနီးလာတဲ့အခါကျတော့မှ သူတို့တတွေ မဝဘူး၊ ဗိုက်မပူဘူးဆိုတာ သူတို့ရဲ့အစားအသောက်ပုံစံကြောင့်ဖြစ်တယ်ဆိုတာ သဘောပေါက်ရတယ်။သူတို့နိုင်ငံက ပိုက်ဆံချမ်းသာတယ်ဆိုပေမယ့်လည်း မြို့ပြနေ ပြည်သူတွေကတော့ လူတန်းစေ့နေထိုင်နိုင်ရေးအတွက် ကိုယ်တွေလို ရုန်းကန်ရတာပါပဲ။တချို့ဆို အလုပ်နဲ့ အိမ်က ၃ နာရီကျော် ဝေးတဲ့နေရာမှာ။မနက်ဆို ရုံးချိန်အမီရောက်ဖို့ အစောကြီးထသွားရ။ညနေအလုပ်ပြီးလို့ အိမ်ပြန်ရောက်တော့ ည ၉ နာရီ၊ ၁၀ နာရီ။ဘယ်အားကစားတွေ ဘာတွေလုပ်ဖို့ ဘယ်အချိန်ရှိပါ့မလဲ။

သူတို့ ဘာကြောင့် မဝတာလဲဆိုတော့ ဆန်အစားနည်းတာကြောင့်လို့ ဆိုတယ်။သူတို့လည်း ထမင်းစားကြတယ်ဆိုပေမယ့် ထမင်းအများကြီး စားလေ့စားထမရှိ။ထမင်းနည်းနည်းနဲ့ ဟင်းများများစားတဲ့အလေ့က နှစ်များစွာကြာပြီမို့ ထမင်းကို မခုံမင်။တချို့ဆို ထမင်းပင်မစား။ကိုယ်တွေရဲ့ ထမင်း ၂ လုတ်၊ ၃ လုတ်စာက သူတို့အတွက် တစ်နပ်စာ ထမင်း။ပြီးတော့ သူတို့စားတဲ့ ဆန်ကိုလည်း ကစီဓာတ်မများရအောင် လျှော့ချထားတယ်တဲ့။ဒါကြောင့်၊ နေ့စဉ် သူတို့ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့ လူကိုဝစေတဲ့ ကစီဓာတ်တွေက သိပ်နည်းလေတော့ သွက်လက်ကျန်းမာစေတယ်လို့ ဆိုတယ်။

ပြီးတော့ သူတို့မြို့ပြမှာ ခေတ်စားနေတဲ့ အလေ့အထတစ်ခုက ညနေစာ စောစောစားကြတာကလည်း မဝဖို့ရာ ထိန်းထားပြီးသား ဖြစ်နေပါတယ်။များစွာသော မြို့ပြပြည်သူတွေဟာ ညနေ ၆ နာရီ နောက်ဆုံးထားပြီး ညစာစားလေ့ရှိပြီး ထမင်းစားပြီးနောက် ဗိုက်ဆာလာတဲ့အခါကျရင်တော့ သစ်သီးတစ်မျိုးမျိုးကို စားလေ့ရှိကြောင်း သိရပါတယ်။အဲဒါက သူတို့မြို့ပြရဲ့ ကျန်းမာရေးအထောက်အကူပြု တွင်ကျယ်နေတဲ့ အလေ့အထိ။မဝစေ၊ ဗိုက်မပူစေတဲ့ စနစ်။တစ်နည်းဆိုရသော် လျှာကို အလိုမလိုက်ခြင်းနဲ့ ခြိုးခြံချွေတာခြင်း။

ကျနော်တို့ မြန်မာနိုင်ငံသားတွေကျတော့ ထမင်းကို အကြိုက်ကြီးကြိုက်ပြီး အားပြုစားလေ့ရှိသလို စားဆီကိုလည်း ဟင်းချက်ရာမှာ လွန်လွန်ကျွံကျွံ သုံးလေ့ရှိတာကြောင့် ဝဖို့ရာ နေ့စဉ်တွန်းအားပေးနေသလိုမျိုး။ဒါ့အပြင် အလုပ်များများလုပ်ရပြီး ဝင်ငွေနည်းနည်းပဲရတဲ့ ဝင်ငွေအခြေအနေကလည်း ကျန်းမာရေးအတွက် စိတ်သွားတိုင်း ကိုယ်မပါသလို ဖြစ်ရပြန်ပါတယ်။

၂၀၁၅-၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်လို မြို့ပြတွေမှာ ဂျင်ကစားလို့ရတဲ့နေရာတွေ ပေါ်လာသလို ဂျင်ကစားတဲ့သူတွေ များလာတယ်ဆိုပေမယ့် လူဦးရေအချိုးအစားအရ သိပ်များလှတယ်လို့ မဆိုနိုင်ပါဘူး။ရုန်းရုန်းကန်ကန် ပြေးပြေးလွှားလွှားသမားတွေက တစ်နေကုန်အလုပ်လုပ်ပြီးနောက် လိုင်းကားတိုးစီးကာ ည ၇ နာရီလောက်မှ အိမ်ပြန်ရောက်ရ။တချို့ဆို အိမ်ရောက်မှပဲ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ရ၊ညစာ ထမင်းစားတော့ ည ၉ နာရီ။ဒီခန္ဓာကိုယ်နဲ့ ဒီကျန်းမာရေး ဖြစ်ချင်သလိုဖြစ်တော့ဆိုပြီး ပစ်ထားလိုက်တာ နှစ်လရှည်ကြာ။ဗိုက်သားတွေ ရှေ့တစ်တောင်လောက် ငေါထွက်နေတာ လွန်ရော။

“၆ နာရီမထိုးခင် ထမင်းစားဖို့ဆိုတာ အလုပ်စောစောပြီးဖို့ လိုတယ်။ညဘက် ဗိုက်ဆာရင် သစ်သီးပဲစားဖို့ဆိုတာ ငွေရှိဖို့လိုတယ်” လို့ ကျနော့်မိတ်ဆွေက လက်တွေ့ကျတဲ့စကားနဲ့ ပြန်ပက်တော့ ကျနော်ထပ်လျှာရှည်လို့မရ။ဒီနေ့ခေတ် ပန်းသီးတစ်လုံးရဲ့တန်ဖိုးက ကျပ်လေး၊ ငါးရာ။ပိုက်ဆံရှာရတာက ကြက်ယက်ပြီး အစာကောက်နေရသလိုမျိုး။

ရာသက်ပန် ကျန်းမာရေးလိုက်စားသူ ကျနော့်ဘကြီး တောသားကြီးက ‘ကျန်းမာရေးလိုက်စားတယ်ဆိုတာကလည်း မပူပန်ရမှသာ ရေရှည်လုပ်နိုင်တာ” လို့ မှတ်ချက်ပေးတယ်။

အခုဆို ကျနော့်ဘကြီးအသက်က ၈၀ ဆိုပေမယ့် ပါးပါးလျလျ ဖြတ်ဖြတ်လတ်လတ်။တောသားတို့ ထုံးစံအတိုင်း ညနေ ၅ နာရီခွဲ၊ ၆ နာရီ ထမင်းစားပြီး။ ၉ နာရီကျော်ဆို အိပ်ယာထဲရောက်ပြီဆို ညဘက် ဗိုက်ဆာချိန်ပင်မရှိ။ ဘကြီး အသက် ၄၀ ကျော်ကတည်းက မနက်စောစောမှာ တစ်နေ့ တစ်နာရီကျော် ခပ်ပြင်းပြင်းလမ်းလျှောက် လေ့ကျင့်ခန်းလုပ်လာတာ မိုးရွာလည်း ထီးဆောင်းလျက် မပျက်မကွက်။

“ဘကြီးက လမ်းလျှောက်ပြီး ပြန်လာရင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး စားချင်ရာ စားမလား။အိမ်မှာပဲ ထမင်းကြော်စားပြီး ကော်ဖီသောက်မလား။ပြီးရင် နေ့ခင်း ဘာနဲ့စားမလဲဆိုတာလည်း မပူရဘူး။မနက်ဖြန်စားဖို့ ဆန်ရှိသလားဆိုတာလည်း မပူရတော့ အေးအေးဆေးဆေး ကျန်းမာရေးလုပ်နိုင်တာ” တဲ့။

တောက ဘကြီး သူငယ်ချင်းတွေ သူတို့မှာ ပူရတာတွေ ခပ်များများမို့ ဘကြီး အတင်းခေါ်လို့ ကျန်းမာရေးလိုက်စားနိုင်လည်း ခဏ။

လူတစ်ဦးချင်းဖြစ်ဖြစ်၊ တစ်တိုင်းပြည်လုံးဖြစ်ဖြစ် ကျန်းမာရေးလိုက်စားနိုင်ဖို့ဆိုတာ ပိုက်ဆံရှိပြီး အပူအပင်တွေလည်း ကင်းပါမှ။ခြိုးခြံချွေတာစိတ်နဲ့ ကိုယ့်လျှာကိုယ် ထိန်းနိုင်ဖို့ဆိုတာကလည်း တရားရှိဦးမှတဲ့။ဘကြီးရဲ့ ဘဝပေးအတွေ့အကြုံသိစကား ကျနော်ခိုက်သွားတယ်။

ငြိမ်းဆက်