【 ဆောင်းပါး 】 ပြောင်းလဲရမှာကို ကြောက်

【 ဆောင်းပါး 】 ပြောင်းလဲရမှာကို ကြောက်

ပြောင်းလဲမှုတိုင်းမှာ စိန်ခေါ်မှုတွေက ကပ်ပါလာမြဲ။

တချို့ပြောင်းလဲမှုက စိန်ခေါ်မှုတွေ အလုံးအရင်း။တချို့ကျတော့ ခပ်ပါးပါး။စိန်ခေါ်မှုမရှိတဲ့ အပြောင်းအလဲဆိုတာမျိုး မရှိ။

လူအများက အပြောင်းအလဲဆိုတာမျိုးထက် ဖြစ်နိုင်ရင် မပြောင်းမလဲနဲ့ ဒီအတိုင်းနေရတာကို ကြိုက်ကြဟန်တူတယ်။အပြောင်းအလဲဆိုတာမျိုး မလုပ်ချင်၊ဖြစ်နိုင်ရင် အပြောင်းအလဲတွေနဲ့ မကြုံချင်။တချို့က အပြောင်းအလဲဆိုတာမျိုးကို မကြောက်ပေမယ့် ပြောင်းလဲသွားတဲ့ အပြောင်းအလဲနဲ့ လိုက်လျောညီထွေ လိုက်ပါပြောင်းလဲရတဲ့ စိန်ခေါ်မှုမျိုးကျ မလုပ်ချင်။

ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်မိတယ်။အပြောင်းအလဲတွေကို ကြောက်၊ မကြောက်။အပြောင်းအလဲတွေကို လိုချင်၊ မလိုချင်။

ကျနော်ငယ်စဉ်တုန်းကတော့ အပြောင်းအလဲကို သိပ်ကြောက်တဲ့အစားထဲမှာ ပါဝင်ခဲ့တယ်။ကျနော်တို့ ကျေးလက်ရဲ့ နေ့စဉ်ဘဝဆိုတာက အပြောင်းအလဲရယ်မရှိ၊တစ်သမတ်တည်းနီးပါး ဖြတ်သန်းကြရတာဆိုတော့ ဒီအတိုင်း ဖြတ်သန်းနေရတဲ့ဘဝကိုပဲ အပြောင်းအလဲမရှိ အရသာခံချင်သူတွေသာ များလွန်းလှ။

ကျနော်တို့ ညဘက်ဆို ရေနံဆီမီးအိမ်၊ ရေနံဆီမီးခွက်နဲ့ ဖယောင်းတိုင်နဲ့သာ ဖြတ်သန်းခဲ့ကြတာဆိုတော့ လျှပ်စစ်မီးတွေ ဘာတွေနဲ့ ကိုယ့်တစ်အိမ်လုံး လင်းထိန်သွားမှာမျိုးကို အပြောင်းအလဲမလုပ်ချင်။ကျနော့်အဘွားဆို အင်မတန်အေးအေးဆေးဆေးနဲ့ တစ်သက်တာ စိန်ခေါ်မှုအနည်းဆုံးဘဝမျိုး ပိုင်ဆိုင်ခဲ့သူမို့ အပြောင်းအလဲဆိုတာတွေ မကြိုက်။တစ်သက်လုံး လက်နဲ့ပဲ ထမင်းစားလာတာ၊ ဘာကိစ္စ ဇွန်းနဲ့စားရမှာလဲဆိုတာမျိုး။

ရန်ကုန်မှာ ကြီးပွားနေတဲ့ အစ်မက သူ့မောင် ကျနော်တို့အဘိုးကို ချစ်တော့ ရန်ကုန်မှာ သူတို့နဲ့အတူ အလုပ်လာလုပ်။အခြေခံရှိပြီးသားမို့ ကျိန်းသေပေါက် ကြီးပွားမှာ သေချာပေမယ့် ဇာတိရပ်ရွာနဲ့ လယ်တွေကိုစွန့်ကာ ရန်ကုန်တက်ရမယ့် အလုပ်မျိုး အဘိုးရော အဘွားပါ မလုပ်ချင်။ကိုယ့်တောမှာလည်း လယ်ဧကများများနဲ့ ကြီးပွားနေတာပဲ၊ ဒါ့ထက်ပိုပြီး သိပ်ချမ်းသာတာမျိုး မလိုချင်။အပြောင်းအလဲနဲ့ စိန်ခေါ်မှုမျိုးကို မလိုချင်။ဒါ့ကြောင့် သေချာပေါက် ပိုကြီးပွားမယ့်လမ်းကို နှစ်ခါမစဉ်းစားဘဲ ခေါင်းတွင်တွင်ခါ။  

“မေမေကြီး (အဘွား) တို့ တစ်သက်လုံး လယ်ပဲလုပ်လာတာ။တခြားအလုပ် ပြောင်းမလုပ်ချင်ဘူး။ပြီးတော့ ရန်ကုန်မှာက မျက်စိရှုပ် နားရှုပ်၊ လူတွေကလည်း ရှုပ်ကရှုပ်နဲ့။ကိုယ့်တောမှာက ဘယ်သူကဘာ အကုန်သိပြီးသား” တဲ့။

ကျနော့်အဘွားက အဲဒီလို သူ့ဘဝသူ တစ်ဖြောင့်တည်းကိုသာ ရွေးချယ်ခဲ့သူ။ကျနော်တို့တောမှာ လျှပ်စစ်မီး နည်းနည်းရပြီဆိုတော့ တတ်နိုင်သူတွေက မီတာဘောက် လျှောက်။လျှပ်စစ်မီးသွယ်။လျှပ်စစ်မီးကို ညဦးပိုင်း ၆ နာရီကနေ ၉ နာရီခွဲ၊ ၁၀ နာရီလောက်သာ ပေးနိုင်ပေမယ့် တတ်နိုင်သူ တော်တော်များများက လျှောက်ကြ။အဘွားကတော့ တတ်နိုင်ပေမယ့် တစ်သက်လုံး ဒီအတိုင်းနေလာတာ။အခုကျမှ ထူးပြီး မလင်းချင်တော့ဘူးတဲ့၊ မီတာဘောက် မလျှောက်။ ၂၀၀၁ ခုနှစ်၊ အသက် ၈၃ နှစ်မှာ အဘွား ကွယ်လွန်သွားပေမယ့် မီတာဘောက် မလျှောက်ခဲ့။ပြီးတော့ အဘွားက တတ်နိုင်ပေမယ့် တစ်သက်လုံးနေခဲ့တဲ့ သစ်သားအိမ်ကိုဖျက်ကာ အုတ်တိုက်မဆောက်။အုတ်တိုက်က အေးကအေးနဲ့။ပြီးတော့ မသိတဲ့လူက အုတ်တိုက်နဲ့နေလို့ သူဌေးထင်ပြီး ဓားပြလာတိုက် ဘယ့်နှယ့်လုပ်မလဲတဲ့။

တကယ်တော့ အဘွားက ကျနော်တို့တောမှာ သူဌေး။လယ်ဧက လေး၊ ငါးဆယ်၊ နွားအကောင် လေး၊ ငါးဆယ် နှစ်ပေါင်းတော်တော်ကြာ ပိုင်ဆိုင်ခဲ့တဲ့အားက နည်းနည်းနောနော ဘယ်ဟုတ်မလဲ။ပြီးတော့ အဘွားတို့ပိုင်တဲ့ လယ်တွေက သံလွင်မြစ် အလယ်ခေါင်က ကျွန်းတစ်ကျွန်းပေါ်မှာဆိုတော့ စပါးအထွက်နှုန်းကလည်း ကောင်းလိုက်တာမှ လွန်ရော။နှစ်စဉ် စပါးသိမ်းပြီး ရောင်းပြီးပြီဆိုရင် အဘွား ရွှေလုပ်ပြီး သိမ်းထားတာ ဘယ်နည်းမလဲ။အဲဒါကိုပဲ အဘွားက သူ့ကိုယ်သူ သူဌေးလို့မထင်။လယ်ဧက ရာနဲ့ချီပိုင်မှ သူဌေးလို့ခေါ်တာတဲ့။

ဒါပေမဲ့၊ ဓားပြရန်ကြောက်လို့ အဘွားအိမ်က သစ်သားတံခါးမကြီးက အခိုင်အခံ့။အဲဒါတံခါးမကြီးကို ကန့်လန့်ထိုးထားတဲ့ သစ်သားချောင်းကလည်း ခပ်လေးလေး။အဲဒီတံခါးမကြီး အရှေ့မှာကလည်း အိမ်ထဲ ပထမဆုံးဝင်ပေါက် တံခါးတစ်ချပ်ကရှိသေး။ဒုတိယတံခါးမကြီးရဲ့ဘေးမှာ အပြင်က တစ်ယောက်ယောက်ကို အတွင်းကနေ ဓားနဲ့ အမှတ်မထင်ထိုးဖို့ အံဝှက်အပေါက်လေးကလည်းရှိသေး။ပြောရရင် အလွယ်တကူ ဓားပြအတိုက်မခံရအောင် သေချာပြင်ဆင်ထားတဲ့ သစ်သားအိမ်မျိုး။

ဘာပဲဖြစ်ဖြစ် သံဘာဂျာတံခါးနဲ့ တိုက်အိမ်က သစ်သားအိမ်ထက် ပိုလုံခြုံတာက သေချာတယ်။အဘွားက သူ့တစ်သက် မနေဖူးတဲ့ အုတ်တိုက်မှာ ပြောင်းမနေချင်တာကြောင့် အကြောင်းအမျိုးမျိုးပြ မဆောက်တာ။ပြီးတော့ ဓနိဖက်မိုးနဲ့ ရာသက်ပန်နေခဲ့တဲ့ အဘွား ရေရှည်ခံတဲ့ အုတ်ကြွပ်အမိုးလည်း ပြောင်းမမိုး။သွပ်မိုးလည်းမမိုး။အုတ်ကြွပ်ရော သွပ်အမိုးပါ ဓနိဖက်လို မအေးလို့ ပြောင်းမမိုးတာတဲ့။

အဘွားက အဲဒီလိုအပြောင်းအလဲမရှိ နေခဲ့ပေမယ့် သူ့သား ၂ ယောက်ကျတော့ အပြောင်းအလဲတွေကိုမကြောက် ဇွတ်တရွတ်ပြောင်းကြသူတွေမို့ အဘွားခမျာ စိတ်ပူပန်ရတယ်။ကျနော့်အဖေ အဘွားရဲ့ သားအငယ်က သူ့ချစ်သူ (ကျနော့်အမေ) ရန်ကုန်မှာ အလုပ်သွားလုပ်တော့ ချစ်သူရှိရာနောက် ကောက်ကောက်ပါ ရန်ကုန်ကိုပြောင်း၊ ကြီးတော်အိမ်မှာနေပြီး အစိုးရဌာနတစ်ခုမှာ စာရေးအလုပ်ဝင်လုပ်။အဖေ့အလုပ်က မြန်မာနိုင်ငံအနှံ့ ရွှေ့ပြောင်းနေရ။တချို့ပြောင်းရတဲ့နေရာတွေက မိုးတွင်းဆို ကားလမ်းမပေါက်၊လေယာဉ်လည်းမရောက်တဲ့ နေရာမျိုးမို့ အဘွားခမျာ သူ့သားငယ်အတွက် စိတ်ပူပန်ရ။အမေနဲ့ အဖေ အိမ်ထောင်ကျပြီးတော့လည်း ရန်ကုန်မှာသာ အခြေချနေထိုင်တာမို့ အနေဝေးဝေး။

အဲဒီတုန်းက ရန်ကုန်နဲ့ ကျနော်တို့ဇာတိမြေဆိုတာက မြင်းလှည်းတစ်ဆင့်စီး၊ သင်္ဘော ၂ ဆင့်နဲ့ ရထား ၁ ဆင့် စီးပြီးတာတောင် ရန်ကုန်ဘူတာကနေ တောင်ဥက္ကလာကို ကားတစ်ဆင့် ထပ်စီးပြီးမှ အိမ်ရောက်တာမို့ အလွယ်တကူတော့ ဘယ်ဟုတ်မလဲ။

ပြီးတော့ အဖေက အစိုးရဝန်ထမ်းမို့ ဇာတိမြေပြန်နိုင်လွန်းလှ များသောအားဖြင့် တစ်နှစ်မှ တစ်ခေါက်။အဲဒီတစ်ခေါက်တောင် သင်္ကြန်ပိတ်ရက်နဲ့ တစ်ဆက်တည်း ခွင့်နည်းနည်းထပ်ယူကာ နေနိုင်လွန်းလှ ၁၀ ရက်ကျော်သာ။အဘွားက သူ့သားကို အနည်းဆုံး ၁ လလောက် နေစေချင်ပေမယ့် ဘယ်နေလို့ဖြစ်မလဲ။အားနေတဲ့ အဘွားကို သူ့သားက ရန်ကုန်လာဖို့ခေါ်တော့ အဘွားက သိပ်မသွားချင်။ရန်ကုန်ရောက်ပြန်တော့လည်း ၄-၅ ရက်လောက် နေပြီးရင် ပြန်တော့မယ်ဆိုတာချည်း။ရွာမှာ ကိုယ့်အလုပ်လည်း ဘာမှမရှိ၊ စားဖို့သောက်ဖို့လည်း မပူပင်ရဘဲ ဘာလို့ပြန်ချင်နေရတာလဲလို့ဆိုတော့ အဘွားမှာ ဖြေစရာစကားမရှိ။

အဘွားက မီးအိမ်မှိန်မှိန်လေးနဲ့ သူ့အိမ်မှာသာ နေချင်သူ။သားကိုတွေ့ရ ဝမ်းသာလှပေမယ့် နားအေးပါးအေး သူ့ဇာတိမြို့လေးမှာပဲ နေချင်သူ။အပြောင်းအလဲဆိုတာမျိုးကို မကြိုက်။အဲဒီအဘွားနဲ့ ငယ်ငယ်ကတည်းက နေလာတဲ့ ကျနော်လည်း ပြောင်းလဲရမှာကို ကြောက်မှကြောက်။

ငြိမ်းဆက်