【 ဆောင်းပါး 】 ဖွန်မကြောင် ဂယောင်မဖတ်တဲ့ ဘကြီးစတိုင်လ်

【 ဆောင်းပါး 】 ဖွန်မကြောင် ဂယောင်မဖတ်တဲ့ ဘကြီးစတိုင်လ်

ဖဆပလခေတ်၊ ၁၉၅၀ ပြည့်နှစ်လွန်ကာလတွေက ကျနော်တို့တောမှာ သူဌေးတွေသာ စက်ဘီးစီးနိုင်ကြတယ်။အဲဒီကာလ စက်ဘီးတွေက အင်္ဂလန်ဘီး ယောကျာ်းစီး တကယ့်ကို တောင့်တောင့်တင်းတင်း။နည်းနည်းနင်းတာနဲ့ များများပြေးမယ်ဆိုတဲ့ အစားထဲက။

အဘိုးက မိန်းမယူပြီးစကာလကတည်းက လယ်ဧက ၂၀ ကျော် ပိုင်ဆိုင်ပြီး စပါးလည်း အထွက်ကောင်းတာကြောင့် စက်ဘီးဝယ်နိုင်ခြင်းဖြစ်တယ်။အဲဒီခေတ်ကာလ ရွာကြီးတစ်ရွာမှာတောင် စက်ဘီးရှိလှ ၂ စီး၊ ၃ စီးထက် မပိုတာကြောင့် စက်ဘီးများစီးသွားရင် ဝိုင်းငေးကြတာ လွန်ရော။နှုတ်ဆက်ချင်သူတွေလည်း ပေါပါ့။

ဘကြီးနဲ့ ကျနော့်အဖေတို့ လူပျိုပေါက်ဖြစ်စ အရွယ်ရောက်တော့ စက်ဘီးတစ်စီး ၃ ယောက်စီးသလို ဖြစ်နေတာကြောင့် နောက်တစ်စီး ထပ်ဝယ်လိုက်ရတယ်။အဲဒီအချိန်မှာ အဘိုးက လယ်ဧက ၅၀ လောက် ပိုင်နေပြီ မို့ လူချမ်းသာမဟုတ်ပေမယ့် ပြည့်ပြည့်စုံစုံ စာရင်းဝင်။အဲဒီအချိန်ထိလည်း ပြည့်စုံသူတွေသာ စက်ဘီးစီးနိုင်တာမို့ လူအထင်ကြီးခံရaမြဲ။

ညနေဆို စက်ဘီးတဝီဝီနဲ့ ကျနော့်အဖေသာ ရည်းစားရသွားတယ်။ဘကြီးကတော့ ငုတ်တုတ် ရည်းစားထားရကောင်းမှန်းပင် မသိ။ဘကြီးသိတာက စာအုပ်တွေ၊ နွားတွေနဲ့ စိုက်ပျိုးရေးဆိုတာလောက်။အဲဒါကြောင့် သူတို့အဖေ၊ ကျနော့်အဘိုးက တောမှာ စက်ဘီးစီးနိုင်ပြီး ရည်စားမရတာ ငါ့သားကြီးတစ်ယောက်ပဲရှိမယ် ထင်တယ်လို့ ပြောယူရတဲ့အထိ။ကျနော့်အဘွားကတော့ သူ့သားကြီးက အမေကို လုပ်ကျွေးမယ့် သားဆိုပြီး ဂုဏ်ယူပေါ့။

ဘကြီးက မနက်စောစော အိပ်ရာနိုး၊ အိမ်သာတက် ကိုယ်လက်သန့်စင်ပြီးတာနဲ့ နွားရုံထဲဝင်ပြီး နွားတွေကို အပြင်ထုတ် အစာကျွေးဖို့လုပ်။နွားအကောင် ၃၀ ကျော်ရဲ့ ဝေယျာဝစ္စလုပ်ရတာ မလွယ်ဘူးဆိုပေမယ့် နွားကိုချစ်တဲ့ ဘကြီးအတွက် နေ့စဉ်ဝတ္တရားမပျက်။နွားတွေကို ကျွေးမွေးခြင်းကိစ္စ လုပ်ပြီးမှသာ ဘကြီးက သူ့ဗိုက်သူဖြည့်တင်းတဲ့သူ။ပြီးတော့မှ ကျောင်းသွားဖို့ ပြင်ဆင်။

ဘကြီးတို့ တောအထက်တန်းကျောင်းက မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ တစ်နေကုန်ကျောင်း။ကျောင်းကပြန်လာရင် ဘကြီးရဲ့ညီ ကျနော့်အဖေက လွယ်အိတ်ကို ပစ်ချ၊ အဝတ်လဲပြီးတာနဲ့ ဘောလုံးကွင်းပြေး။ဘကြီးကတော့ ကျောင်းကပြန်လာ ခဏတဖြုတ် နားနားနေနေ အိမ်အလုပ်လေးဘာလေး ဝိုင်းကူလုပ်ပြီးတာနဲ့ နွားဝေယျာဝစ္စ ဝတ္တရားမပျက်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာတော့ မနက်ခင်း နွားကိစ္စပြီးတာနဲ့ စာအုပ်တစ်အုပ်နဲ့ ဘကြီးတို့ နှပ်ပြီပဲ။ဘကြီးက ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား ကြိုက်မှကြိုက်။ပြီးတော့ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ စာအုပ်တွေဆိုရင်လည်း သဲကြီးမဲကြီး။

ပြီးတော့ ဘကြီးက အပေါင်းအသင်းလည်းမင်၊ စက်ဘီးလည်းရှိနေတာမို့ တစ်ရွာမဟုတ် တစ်ရွာထ မင်းမေ့ဟင်းမေ့ ချီပါပေါ့လား။ဘကြီးက အဲဒီလို လမ်းများသူမို့ မသိတဲ့သူတွေက စက်ဘီးတစ်စီးနဲ့ မိန်းမလျှောက်ပိုးတယ်လို့ ထင်ကြတယ်။ပထမအစ သူ့အမေအရင်းကတောင် ဒီကောင်လေး အားတာနဲ့ လမ်းပေါ်မှာချည်းပဲလို့ ပြောဆိုမိ။သူ့အမေကိုယ်တိုင်ကအစ မိန်းမလျှောက်ပိုးနေတယ်လို့ ထင်မိ။

တကယ်တော့ ဘကြီးက အဖော်ခင် အဖော်မင်ပြီး လျှောက်သွားတာသက်သက်။ပြီးတော့ ဘကြီးက စားပင်သီးပင်တွေ စိုက်ထားတဲ့ ခြံတွေထဲ လျှောက်သွားရတာကိုလည်း ကြိုက်တာမို့ ခြံရှိတဲ့သူငယ်ချင်းတွေဆီဆို မကြာခဏ။

ဘကြီး ၁၀ တန်း တစ်နှစ်ကျပြီး ကျောင်းဆက်မတက် လယ်ထဲဆင်းတော့ ဘကြီးအသက်က ၁၈ နှစ်တောင်မပြည့်သေး။ကျောင်းပြန်မတက်လို့ စိတ်ဆိုးနေတဲ့ အဖေ သူ့သားက ပိပိပြားပြားနဲ့ လယ်အလုပ် အောက်ခြေသိမ်းလုပ်နေတာ မြင်ရပြန်တော့ ကျေနပ်ရပြန်တယ်။

ဘကြီးတို့ခေတ် ဘကြီးတို့တောမှာက ၁၈ နှစ်လောက်ဆို မိန်းမရတဲ့ကောင်နဲ့ လင်ယူကြတဲ့သူနဲ့ တော်ရုံနဲ့ လူပျိုသက် အပျိုသက် မရှည်။ဘကြီး အသက် ၂၀ ကျော်အရွယ်ရောက်တော့ သူ့သူငယ်ချင်းတွေထဲ လူပျို၊ အပျိုအဖြစ် ကျန်တာဆိုလို့ ၁၀ တန်းအောင်ကာ ပညာရေးခရီး ရှေ့ဆက်နိုင်သူနည်းနည်းနဲ့ ဘကြီးလောက်ပဲ။

ဘကြီးခမျာ မိန်းမယူဖို့မပြောနဲ့ ရည်းစားတောင်မရှိ။ဘယ်သူ့ကိုမှလည်း မကြိုက်ဖူး။သူ့ဘာသာ လယ်အလုပ်ကို အားသွန်ခွန်စိုက်လုပ်၊ စာအုပ်ဖတ်။အသက် ၂၀ ကျော်အရွယ်မှာ နောက်ထပ်တစ်မျိုး လုပ်လာတာက အရက်သောက်တဲ့ကိစ္စ။

ကျနော်တို့တောမှာက လူကြီး၊ လူငယ် အရက်သောက်တယ်ဆိုတဲ့ကိစ္စက ထူးဆန်းထွေလာတော့ မဟုတ်။အလုပ်ပင်ပန်းတယ်ဆိုပြီး နေ့စဉ်သောက်တဲ့သူလည်း ဘယ်နည်းလိမ့်မလဲ။ဘကြီးအတွက်လည်း အရက်ဆိုတာ ယဉ်ပါးခဲ့ပြီးသား။ဘာလို့လဲဆိုတော့ ဘကြီးတို့အဖေ ကျနော့်အဘိုးက တော်တော်သောက်ခဲ့တာကိုး။

အဘိုးက လူပျိုတုန်းကလည်း တော်တော်သောက်။မိန်းမရပြီးတော့ ထိန်းထိန်းသိမ်းသိမ်းသောက်။ဘကြီးကိုမွေးပြီးတဲ့နောက် အရက်အစား ဓနိရည်ကို ပြောင်းသောက်။နောက်ထပ် သားတစ်ယောက်မွေးပြီး နောက်မှာတော့ အတုမြင် အတတ်သင်မှာစိုးလို့တဲ့။ဓနိရည်ကိုတောင် မသောက်တော့ဘဲ လုံးဝဖြတ်။ဘာပဲဖြစ်ဖြစ် ဘကြီးက သူ့အဖေ သောက်တာစားတာ တော်တော်ကြာ မီလိုက်သူမို့ ကျွမ်းဝင်ပြီးသား။

ဘကြီးလယ်လုပ်ပြီး ၂ နှစ်၊ ၃ နှစ်အကြာ အဘိုးက ကြီးကြပ်ရုံအဆင့်သာ လုပ်တော့ပြီး ဘကြီးကသာ လယ်တစ်ခုလုံးကို ဦးဆောင်ပြီးနောက်မှာတော့ အရက်စသောက်တော့တယ်။ဘကြီးက တည့်တည့်သမားမို့ ‘အဖေ သား အရက်စသောက်ပြီ’ တဲ့။လယ်ထဲမှာနေရင်း စသောက်တော့တယ်။

အဖေလုပ်သူက မသောက်နဲ့လို့ ပြောရမှာလည်း အခက်။ဘာလို့လဲဆိုတော့ သူ့သားက အရက်ကို တစ်ပတ်မှာ တစ်ရက်သာ သောက်တဲ့အပြင် သောက်တဲ့ရက်မှာလည်း အမူးလွန်တာမျိုးမရှိ။ဘကြီး အရက်သောက်တဲ့ရက်မှာ သူစားချင်တဲ့ အမြည်းတွေ သူ့ဘာသာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကြော်လှော်။အမြည်းတွေ ၃-၄ ပွဲ ပတ်လည်နဲ့ ချက်အရက် ခပ်ပြင်းပြင်းလေးနဲ့။အဖော်က ဘကြီးနဲ့ လယ်ချင်းကပ်လျက်က သူ့အမေရဲ့ မောင် ဘကြီးရဲ့ ဦးငယ်။သူ့ဦးငယ်မရှိတဲ့ ရက်ဆိုရင်တော့ ချက်အရက်နဲ့ စာအုပ်တစ်အုပ်နဲ့။

ဘကြီးက အရက်ဆိုတာ နေ့တိုင်း မသောက်ရဘူး။လူတိုင်းနဲ့ တွဲမသောက်ရဘူး။အမူးလွန်အောင်လည်း မသောက်ရဘူးတဲ့။ဘကြီးနဲ့ အရက် တစ်ပတ်မှာ တစ်ရက်။အမြည်းတွေကလည်း အလျှံပယ်။လယ်သမားတစ်ယောက် အရက်သောက်တာနဲ့မတူဘဲ မြို့ပေါ်က အရာရှိကြီးတစ်ယောက် ဇိမ်ခံနေသလိုမျိုး။

ဘကြီးရဲ့အဖေ ကျနော်တို့အဘိုးက ဒီကောင်လုပ်လိုက်ရင် အဆန်းတွေချည်းပဲတဲ့။ဟုတ်တယ်၊ ဘကြီးက မိန်းမသာ မရသေးတာ လုပ်လိုက်ရင် အဆန်းတွေချည်း။

ငြိမ်းဆက်