【 ဆောင်းပါး 】 ဘိုးတော်မှန်နဲ့ ၁၀ တန်း မေးခွန်း

【 ဆောင်းပါး 】 ဘိုးတော်မှန်နဲ့ ၁၀ တန်း မေးခွန်း

အဲဒီနေ့က ဘိုးတော်မှန် မန်းမှုတ်လိုက်တာနဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော် ပန်းကန်ထဲ ချက်ချင်းရောက်လာတဲ့အကြောင်း နားထောင်လို့ကောင်းနေတုန်းထောင်ပိုင်ကြီးခေါ်လို့ဆိုပြီး အကျဉ်းသားအရာရှိချုပ် ကိုကြင် ထောင်ဗူးဝထဲ ပြန်ပါသွားတာကြောင့် ကျနော်တို့ ဆတ်တငံ့ငံ့နဲ့ ကျန်ခဲ့တယ်။
 
ကိုကြင်က အပိုဆားဒါးတွေလည်း မပြောတတ်၊ ကြွားဝါစိတ်နဲ့ လူအထင်ကြီးခံချင်တဲ့ရောဂါလည်း မရှိတာကြောင့် ကိုကြင်ပြောတဲ့ ဘိုးတော်မှန်ရဲ့ ထောင်တွင်းဖြစ်ရပ်မှန်အကြောင်း ကျနော်တို့ ယုံကြတယ်။ဒါပေမဲ့ အဝတ်စအဖြူ အုပ်ထားတဲ့ ပန်းကန်အလွတ်ထဲ ဘိုးတော်မှန် မန်းမှုတ်လိုက်တာနဲ့ ခေါက်ဆွဲကြော်နဲ့ ကြာဇံ ကြော် ဘယ်က ဘယ်လိုရောက်လာတာလဲဆိုတာ မမီတဲ့ ဉာဏ်တွေနဲ့ ကျနော်တို့ ယောင်ယောင်ရမ်းရမ်း ထင်မြင်ချက်တွေ တစ်ယောက်တစ်ပေါက် ပြောဖြစ်ကြတယ်။
 
“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ညနေတော့ ကျနော်တို့ဘိုးတော်မှန်ကို ဂုဏ်ပြုရင်း ကိုကြင့်ကို ညတန်း ပိတ်ချိန်ရောက်ရင် ဘိုးတော်မှန်အကြောင်း ဆက်ပြောပြဖို့ ဖားရမယ်” လို့ ကျနော်တို့ဝိုင်းတော်သား မန္တလေးသူဌေးကြီးက ဆိုတယ်။
 
ပြီးတော့ ချက်ချင်းဆိုသလိုပဲ သူ့လက်စွဲတော် ဝါဒါကိုခေါ်ကာ ကျနော်တို့ ဝိုင်းတော်သား ၈ ယောက်စာအတွက် ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော် ၈ ထုပ် ဝယ်ခိုင်းလိုက်တယ်။မန္တလေးမြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်ကနေ ဝယ်ခိုင်းလိုက်တာတဲ့။မစားရတာလည်းကြာပြီမို့ ညနေဘက် ခေါက်ဆွဲကြော် ရောက်လာတာနဲ့ စားလိုက်တာ နတ်သုဒ္ဓါပမာ ကောင်းမှကောင်း။
 
တန်းပိတ်ခါနီးမှ အခန်းထဲရောက်လာပြီး ထမင်းစားဖို့ ပြင်နေတဲ့ ကိုကြင့်ကို ကြာဇံ ကြော်တစ်ထုပ်သွားပေးကာ ဘိုးတော်မှန် အမှတ်တရလို့ဆိုလိုက်တော့ ကိုကြင်သည်လည်း အားရဝမ်းသာ ကြာဇံကြော် ပျော်ပျော်ဆွဲလို့။
ကြာဇံကြော်စားပြီးတာနဲ့ ကိုကြင့်ကို အနားမပေး။ဘိုးတော်မှန်အကြောင်း ဆက်စမ်းပါဦးလို့ ဝိုင်း ပြောကြတာနဲ့ ကိုကြင်လည်း ဆက်ရတော့တယ်။
 
ကိုကြင်က စကားစမယ်ကြံကာရှိသေး ကျနော်တို့ဝိုင်းတော်သား မန်းသူဌေးရဲ့ လက်စွဲတော် ဝါဒါက ဓာတ်ဗူးကြီးနဲ့တစ်ဗူး လက်ဖက်ရည် လာပေးပြန်တယ်။
 
“ဒါလည်း ဘိုးတော်မှန် မနက်ခင်းတိုင်းသောက်တဲ့ လက်ဖက်ရည်ပဲလား” လို့ ကိုကြင့်ကို ပြောတော့ ပွဲကျသွားကြတယ်။
 
“ကျနော်က ဘိုးတော်မှန်အကြောင်း မပြောခင် ဘိုးတော်မှန်ရဲ့အငွေ့အသက်တွေ ခံစားနိုင်အောင် တမင်ကို ကြာဇံကြော်လည်း မှာကျွေး၊ လက်ဖက်ရည်လည်း မှာတိုက်တာ။ဒီလက်ဖက်ရည်ကလည်းကျ နော်တို့ မန္တလေးတက္ကသိုလ်နားက နာမည်ကြီးဆိုင်က လက်ဖက်ရည်ပဲ” လို့ မန်းသူဌေးက ဆိုတယ်။
 
“ဘိုးတော်မှန်အကြောင်း ဆက်ရမယ်ဆိုရင် ကြာဇံကြော် မန်းမှုတ်ပြပြီး နောက်ရက်မှာ ထောင်ပိုင်ကြီးက သူ့အိမ်မှာ ရေဖြစ်ဖြစ် အချိုရည်ဖြစ်ဖြစ် ဘုန်းပေးဖို့ လာပင့်တယ်။သူ့မိသားစုလည်း ဘိုးတော်မှန်ကို ဖူးချင်လို့ပေါ့။အဲဒါနဲ့ ဘိုးတော်မှန်လည်း လိုက်သွားတယ်။ထောင်ပိုင်ကြီး အိမ်ရောက်တော့ ရေပဲသောက်တယ်။ထောင်ပိုင်ကြီးတို့မိသားစုက ဘိုးတော်မှန်ကို ကန်တော့ကြပြီးတော့ သူတို့ကို သားတပည့်လို စောင့်ရှောက်ဖို့ ပြောတယ်။ဘိုးတော်မှန်ကလည်းအကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး ထောင်ထဲရောက်လာတဲ့သူတွေအပေါ် အတတ်နိုင်ဆုံး မေတ္တာထားဖို့ ပြောပြီး ပြန်လာတယ်” လို့ ကိုကြင်က ဘိုးတော်မှန်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်မှန်အကြောင်း အစပျိုးလိုက်တယ်။
 
ဘိုးတော်မှန်က ထောင်ပိုင်ကြီး ကိုးကွယ်ခံဖြစ်လာပြီဆိုပေမယ့် သူ့ပုံစံအတိုင်း ခပ်အေးအေးပုံမှန်ပဲ။ဝါတွင်းကာလအတွင်း ထောင်ပိုင်တွေ ထောင်မှူးတွေ ဘာပဲလာကပ်ကပ် သူ့ဘေးခန်းက ကပ္ပိယ လူငယ်လေးတွေကိုသာ ကျွေးလိုက်တာပဲ။ ၁၀ ရက်လောက်မှာ တစ်ခါ ဘိုးတော်မှန် စိတ်ကူးပေါက်လာတဲ့အခါ သူ့ဘော်ဒါ လူငယ်လေးတွေ ဘာစားချင်သလဲ။ဘိုးတော်မှန် မန်းမှုတ်ကာ ဘာမှမရှိတဲ့ ပန်းကန်ပြားထဲ ဒံပေါက်ရောက်လာလိုက်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်ရောက်လာလိုက်နဲ့ လူငယ်တွေ စား ချင်တာ မန်းမှုတ် ကျွေးမွေးလို့။
 
ဘိုးတော်မှန်ကတော့ ရေသောက်တာကလွဲလို့ ဘာမှမစား။ဘာမှမစားလည်း ကျန်းမာရေးထိခိုက်တာမျိုးမရှိ၊ ဘာဆို ဘာမှမဖြစ်။
 
ဝါထွက်လို့ ထမင်းပြန်စားတော့မယ်ဆိုတော့ ထောင်ပိုင်ကြီးက သူ့အိမ်မှာ ဆွမ်းစားဖို့ ပင့်တယ်။စားပြီးသောက်ပြီးလို့ ပြန်ခါနီးကျတော့ထောင်ပိုင်ကြီး သမီးကို ရှေ့တိုးလို့ လှမ်းခေါ်ကာ စာတွေ အရမ်းကျက်မနေနဲ့၊ နားလည်အောင်လုပ်ပြီး ဖတ်ရုံပဲဖတ်ထား၊ အချိန်တန်ရင် အမှတ်ကောင်းကောင်းနဲ့ အောင်မယ်လို့ ဘိုးတော်မှန်က ဆိုလိုက်တယ်။
 
ထောင်ပိုင်ကြီး သမီးက ၁၀ တန်း ၂ ခါ ကျထားတဲ့သူ။တချို့က ထောင်ပိုင်ကြီး သမီးအကြောင်း တစ်ယောက်ယောက်ပြောပြထားလို့ ဘိုးတော်မှန်သိနေတာလို့ ဆိုကြပေမယ့် ထောင်ပိုင်ကြီးရော ဘိုးတော်မှန်မိတ်ဆွေ လူငယ်လေးတွေကပါ သူ့ဘာသာ အလိုလိုသိနေတယ်လို့ ယုံကြည်ကြတယ်။
 
“နောက်နေ့မှာ ထောင်ပိုင်ကြီးက ဘိုးတော်မှန်နေတဲ့ တိုက်ထဲ လာတယ်။သူ့သမီးကိစ္စ ဘာဆက် လုပ်မလဲလို့ လာမေးတယ်။ဘိုးတော်မှန်က ဘာမှလုပ်စရာ မလိုသေးဘူး။လိုရင် ပြောမယ်လို့ ပြန်ပြောလို က်တယ်။အဲဒါကို ဘိုးတော် ဘေးခန်းက လူငယ်တွေကြားပြီး ဘိုးတော်ကို ပြန်မေးလို့ ဘိုးတော်က ပြန်ပြောပြတာနဲ့ ထောင်ပိုင်သမီးကိစ္စ လူငယ်တွေ တစ်စွန်းတစ်စ သိကြတာ” လို့ ကိုကြင်က ဆိုတယ်။
 
ထောင်ပိုင်ကြီးက ဘိုးတော်မှန်နေတဲ့ တိုက်ထဲကို သိပ်တော့မလာ။ထောင်ထဲကို ထောင်ပိုင်ကြီး ဝင်လာပြီဟေ့ဆို အကျဉ်းသားတွေရော ထောင်မှူးတွေပါ အကုန်ပြာယာခတ်ရတာမို့ ဘိုးတော်မှန်က သူ့ကိုတွေ့ချင်ရင် ထောင်ပိုင်ကြီးရုံးခန်းထဲကိုသာ အခေါ်လွှတ်လိုက်ဖို့ မှာထားတာကြောင့် သိပ်မလာတာလို့ သိရတယ်။
 
ဘိုးတော်မှန်က ထောင်ပိုင်ကြီးနဲ့ တွေ့ချင်ရင် တိုက်တာဝန်ခံ တပ်ကြပ်ကြီးနဲ့ မှာလိုက်တယ်။ထောင်ပိုင်ကြီးက တွေ့ချင်တယ်ဆိုရင်လည်း တပ်ကြပ်ကြီးကနေတစ်ဆင့် ပြောလိုက်ရုံပဲ။စာမေးပွဲဖြေဖို့ တစ်လလောက်အလိုကျတော့ ဘိုးတော်မှန်က ထောင်ပိုင်ကြီး သမီး ချက်ထားတဲ့ ဟင်းနဲ့ ထမင်းစားချင်လို့ မနက်ဖြန်လာခဲ့မယ်လို့ ဆိုတယ်။နောက်တစ်ရက် ထောင်ပိုင်ကြီးအိမ်မှာ ထမင်းစားတယ်။ဘိုးတော်မှန် တိုက်ထဲပြန်လာတော့ ၁၀ တန်း ပြဌာန်းစာအုပ်တွေ ပါလာတယ်။
အဲဒီနှစ် အောင်စာရင်းထွက်လာတော့ ထောင်ပိုင်ကြီးရဲ့ သမီး မြန်မာစာကလွဲလို့ တခြားဘာသာအကုန် ဂုဏ်ထူးထွက်တယ်။
 
ထောင်ပိုင်ကြီး သမီးကို ဘိုးတော်မှန်က တစ်ရက်ကြိုတင်ကာ စာမေးပွဲမေးခွန်းတွေ ပေးခဲ့ကြောင်း ဒါ့အပြင် အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို အလွတ်ကျက်စရာမလို၊ နားလည်အောင်သာ ဖတ်သွားခိုင်းကာ စာမေးပွဲခန်းထဲရောက်ရင် သူ့ဘာသာအလိုလို ဖြေနိုင်သွားမယ်လို့ပြောကြောင်း ထောင်ထဲမှာ သတင်းပြန့်ခဲ့တယ်။
 
ထောင်ပိုင်ကြီး သမီးမှာ စာခပ်ညံ့ညံ့ ၁၀ တန်း ၂ နှစ်ကျ။သေချာတာက ဘိုးတော်မှန် တစ်ခုခုလုပ်လိုက်တယ်ဆိုတာပါပဲ။မည်သို့မည်ပုံ ပြုလုပ်လိုက်သလဲတော့ မသိကြ။
 
ကိုဆက်