【 ဆောင်းပါး 】 မန္တလေး နန်းတွင်းထောင် ဖောက်ပြေးမှု

【 ဆောင်းပါး 】 မန္တလေး နန်းတွင်းထောင် ဖောက်ပြေးမှု

၁၉၉၁ ခုနှစ် ဆောင်းတွင်းမှာ မန္တလေး နန်းတွင်းထောင်ထဲ ထောင်ဖောက်ပြေးမှုတစ်ခုဖြစ်ခဲ့တယ်။
 
ထွက်ပြေးတဲ့သူတွေက ထောင်မကြီး တိုက်ထဲမှာ နေတဲ့သူတွေ။တိုက်ခန်းတစ်ခန်းထဲက ၃ ဦး ညသန်းခေါင်အချိန် တိုက်ကိုဖောက်ပြီး အပြင်ထွက်တဲ့အချိန် ညတာဝန်ကျ ဝန်ထမ်းတွေ တွေ့ပြီး ဖမ်းမိသွားတာမို့ အထမမြောက်တဲ့ ထောင်ဖောက်ပြေးမှု။
 
မှတ်မိသလောက်ပြောရရင် အဲဒီတိုက်ထဲမှာက နေတဲ့သူ ၂ ဦးက လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်ဆိုတဲ့ အမှုတွေ တန်းစီနေတဲ့သူတွေ။ပြီးတော့ သူတိုကို သိပ်မကြာခင် တရားရုံးက စီရင်ချက်ချတော့မှာဖြစ်ပြီး သေဒဏ်ကျဖို့ သေချာသလောက်ရှိသူတွေလို့ သိရတယ်။
 
နောက်တစ်ဦးကတော့ ဘာအမှုလဲမသိ၊ ဘာ့ကြောင့် သူ့ကို ဓားပြတွေနဲ့အတူ တိုက်ထဲထားတာလဲ မသိ။တချို့က ပြောကြတယ်။နောက်တစ်ဦးက ဓားပြတွေ သတ်မှာကြောက်လို့ သူတို့နဲ့အတူ တိုက်ဖောက်တာတဲ့။ဟုတ်၊ မဟုတ် သေချာမသိပေမဲ့ ဖြစ်နိုင်ခြေရှိတာတော့ သေချာရဲ့။ဘာလို့လဲဆိုတော့ ဟို ၂ ယောက်က လူ့အသက်ကို ပုရွတ်ဆိတ်တစ်ကောင်လို အသာတကြည်သတ်ရဲ တဲ့သူတွေ။တိုက်ထဲ ၃ ယောက် အတူနေတာဆိုတော့ လည်ပင်းညှစ်သတ်တာနဲ့တင် ဘယ်သူမှမသိလိုက်ဘဲ အလွယ်တကူသေနိုင်တယ်မဟုတ်ဘူးလား။ပြီးတော့ ဓားပြ ၂ ဦးက သေဒဏ်တောင်ကျတော့မယ်သူတွေဆိုတော့ ဘာမဆိုလုပ်ဖို့ ဘယ်ဝန်လေးပါ့မလဲ။
 
တိုက်ဆိုတာက အနောက်နဲ့ ဝဲယာ ထူထဲတဲ့ အုတ်နံရံ။မျက်နှာစာတံခါးက သံတိုင်တွေနဲ့ ဖွဲ့စည်းထား တဲ့ သံတခါး။သံတိုင်တွေက တစ်ခုနဲ့ တစ်ခု နည်းနည်းအကွာအဝေးရှိတော့ အဲဒီသံတိုင်တစ်ချောင်းကို ကွေးအောင် လုပ်တာတဲ့။သံတိုင်တစ်ချောင်း ကွေးပြီဆို ဖက်တီးတွေကလွဲလို့ သာမန်အရွယ်အစား ခန္ဓာကိုယ်တွေက ထွက်လို့ရပြီတဲ့။
 
ဓားပြတွေက သံတိုင်ကိုကွေးဖို့ မာကျောတဲ့ တုတ်တိုတစ်ချောင်း တိုက်ထဲရအောင် သွင်းခဲ့တယ်။ဘယ်က ဘယ်လို တုတ်ရအောင် ဖန်တီးခဲ့သလဲဆိုတာတော့ မသိ။ပြီးတော့ ထောင်ပုံစံလုံချည်ကလည်း အင်မတန်ခိုင်ခံ့တာမို့ သံတိုင်မှာ လုံချည်ကို စွပ်ပြီး တုတ်အတိုနဲ့ အားစိုက် လှည့်ကာ သံတိုင်ကို ကွေးစေတာတဲ့။သံတိုင်တွေက နှစ်တော်တော်ကြာပြီမို့ နည်းနည်းဆွေးနေပြီလို့လည်း သိရတယ်။
 
ပထမတစ်ည၊ သံတိုင်တစ်ချောင်းကို ကွေးပြီးတော့ ၃ ယောက်စလုံး တိုက်အပြင်ဘက် ရောက်ခဲ့။ဒါပေမဲ့ အဲဒီညက ဝန်ထမ်းတွေ မလစ်လို့ဆိုပြီး တိုက်ခန်းထဲပြန်ဝင်ကာ သံတိုင်ကို ပြန်ဖြောင့်ပြီး အတည်ပေါက်ပြန်နေကြ။နောက်တစ်ညကျမှ သံတိုင်ကို ထပ်ကွေးပြီး အပြင်ပြန်ထွက်ကြတာတဲ့။
 
သူတို့ ၃ ဦး အပြင်ထွက်တဲ့အချိန် မျက်နှာချင်းဆိုင် ထောင်ကျအဆောင် အပေါ်ထပ်ကို ရောက်နေတဲ့ တာဝန်ကျထောင်ဝန်ထမ်းတစ်ဦးက လူရိပ်တွေမြင်ပြီး သရဲအမှတ်နဲ့ အဆောင်အောက် ထွက်ပြေးတော့တယ်။အဆောင်အောက်ရောက်တော့ ဝါရင့်တပ်ကြပ်ကြီးနဲ့တိုး။ဘာဖြစ်လို့လဲမေးတော့ သရဲလို့ဆိုတာနဲ့ တပ်ကြပ်ကြီးက မဟုတ်ပါဘူးဆိုပြီး တိုက်တွေဘက် ကင်းလှည့်ကြည့်တယ်။အဲဒီမှာ တိုက်အပြင်ဘက် ရောက်နေတဲ့ ၃ ယောက်နဲ့ တည့်တည့်တိုးကာ ခြေမြန်လက်မြန်ဓားပြ ၂ ဦးက တပ်ကြပ်ကြီးကို ဝင်လုံးတော့တယ်။ကံဆိုးချင်တော့ လုံးလျက်နဲ့ပဲ တပ်ကြပ်ကြီးက လွတ်ထွက်သွားတယ်။တပ်ကြပ်ကြီးက အတွေ့အကြုံရှိသူမို့ လွတ်ထွက်ပြီး တိုက်ပရဝဏ်အပြင်ဘက်ရောက်တာနဲ့ ခြေဦးတည့်ရာ ပတ်ပြေးကာ ဝီစီကို နင်းကန်မှုတ်တော့တယ်။
 
ထောင်ထဲမှာ ညဘက်ကြီး ဝီစီမှုတ်တာက အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်တာကြောင့်ဆိုတာ ဝန်ထမ်းအားလုံး သိပြီးသားမို့ ဝီစီမှုတ်နေတဲ့ တပ်ကြပ်ကြီးဆီ ရောက်ရှိလာကြ။မေးကြည့်တော့ တိုက်ဖောက်တယ်ဆိုတာနဲ့ အဲဒီတိုက်ဆီ ဝန်ထမ်းအင်အားများများနဲ့ သွားရောက်ကြ။အကျဉ်းသား ၃ ဦးမှာ ခြွင်းချက်မရှိ အညံ့ခံလိုက်ရတယ်။
 
မနက် ၅ နာရီလောက်ရောက်တော့ ထောင်ဗူးဝကနေ ကြိုးစင်နားက တိုက်တန်းအထိ သံခြေချင်းတပ်၊ ဒေါင့်ခတ်ပြီး အင်္ကျီမပါ လုံချည်မပါ ဘောင်းဘီအတိုလေးနဲ့ လမ်းတစ်လျှောက် ကြိမ်လုံးနဲ့ ရိုက်လိုက်တာမှ ကြောက်စရာရိုက်ချက်များ။ကျနော်တို့ ထောင်ကျအဆောင်တွေက ပုံစံထိုင်နေရပေမယ့် အခန်းအပြင် လူသွားလမ်းဘက် စောင်းငဲ့ကြည့်လိုက်ရင် အရိုက်ခံနေရတာမြင်။မန္တလေးဆောင်း မနက် ဒီလောက်အေးနေချိန် အရှိုးရာအထပ်ထပ်နဲ့ ကော့နေရော။
 
အဲဒီနေ့ကစလို့ သူတို့ ၃ ယောက်ကို တပ်ကြပ်ကြီးကသာ မတွေ့ခဲ့ရင် ထောင်အုတ်နံရံကို ဘယ်လို ကျော်မလဲဆိုတဲ့ မေးခွန်းက အကျဉ်းသားတွေကြား ထွက်ပေါ်လာတယ်။ထောင်ထဲမှာ မကြာခဏကြားဖူးနေတဲ့ အကြောင်းအရာတစ်ခုက ရေရွှဲနစ်နေတဲ့ ဘာဘူစောင်ကို အုတ်တံတိုင်းပေါ် ပစ်တင်လိုက်ရင် လူတစ်ယောက် တွယ်တက်လို့ရတဲ့အထိ အုတ်တံတိုင်းပေါ် စောင်က ကပ်နေရောဆိုတာပါပဲ။ဘာ့ကြောင့် စောင်က အုတ်နံရံပေါ် ကပ်နေရတာလဲဆိုတာ ဘယ်သူမှ သေချာရှင်းမပြနိုင်။တကယ် ကပ်၊ မကပ်ဆိုတာကလည်း ထောင်ထဲမှာ ဘယ်သူမှ စမ်းသပ်လို့မရတာကြောင့် လက်တွေ့သိနိုင်ဖို့က မဖြစ်နိုင်။ဒါပေမဲ့ အဲဒီဖော်မြူလာက တကယ်လိုလို။ထောင်နံရံမှာ မစမ်းဖူးပေမဲ့ အိမ်က အုတ်တံတိုင်းပေါ် စမ်းကြည့်တာ တကယ့်ကို ခွာမရ ကပ်နေသလို အတည်ပေါက်ပြောတဲ့သူကရှိသေး။ကိုယ်တိုင်စမ်းကြည့်တာလားဆိုတော့ မဟုတ်။တခြားတစ်ယောက်က စမ်းတာလိုလို။
 
ဆိုတော့ ဘာဘူစောင် ရေဆွတ်ပြီး အုတ်ရိုးပေါ် ပစ်တင်ကာ တွယ်တက်ကြမယ်ဆိုတဲ့ သတင်းစကားက ကောလာဟလလိုလိုနဲ့ အတည်ဖြစ်လာတယ်။ကဲ၊ ထောင်အုတ်နံရံကို ကျော်နိုင်ပြီပဲ ထားဦးတော့။နောက်ထပ် အုတ်တံတိုင်းတစ်ခုဖြစ်တဲ့ နန်းမြို့ရိုးကြီးကိုရော ဘယ်လိုကျော်မှာလဲ။
 
မန္တလေးနန်းတွင်းထဲမှာက စစ်တပ်တွေက အပြည့်။နန်းမြို့ရိုးအပေါက်တိုင်းမှာ လုံခြုံရေးတွေကရှိသေး။တချို့က ကိုယ့်ဘာသာ ဇာတ်ညွှန်းရေးလိုက်တာလား မပြောတတ်။ထောင်ပြင်ပမှာ ဓားပြတွေက ကားတစ်စီးကို အဆင်သင့်စောင့်ခိုင်းထားတယ်လို့ ဆိုလိုက်သေး။
 
ကျနော် ထောင်ကနေထွက်လာပြီးနောက် စာရေးဆရာ လေသူရဲတစ်ဦး ဘာသာပြန်တဲ့ ပါပီလွန်စာအုပ်နဲ့ ဆရာလင်းယုန်မောင်မောင် ဘာသာပြန်တဲ့ ထောင်ပြေးစပိုင်စာအုပ်တို့ကို ဖတ်တဲ့အခါတိုင်း မန္တလေးထောင်ထဲက တိုက်ဖောက်တဲ့အကြောင်း ခေါင်းထဲ ရောက်လာမြဲဖြစ်တယ်။
 
ပြီးတော့ တိုက်ဖောက်တဲ့ ၃ ယောက်နဲ့ တွေ့ဆုံမေးမြန်းချင်စိတ်တွေ တဖွားဖွားပေါ်လာလေ့ရှိတယ်။
 
ထောင်အုတ်နံရံကို ကျော်ဖို့ သူတို့ ဘယ်လိုစီစဉ်ထားသလဲ။ထောင်ပြင်ပရောက်ရင်ရော နန်းတွင်းထဲကနေ ဘယ်လိုထွက်ကြမှာလဲ။
 
ကိုဆက်