【 ဆောင်းပါး 】 မာန်လျှော့လေဦး

【 ဆောင်းပါး 】 မာန်လျှော့လေဦး

မာန်ဆိုတာ ထောင်လွှားဝင့်ကြွားတာပါ။အလွန်သိမ်မွေ့သော ကိလေသာစိတ်ဖြစ်သည်။တစ်ခုခုအားကိုးနှင့် စိတ်ကြီးဝင်ကာ သူပြောသမျှ သူလုပ်သမျှ အရာအားလုံးမှန်နေပြီဟု ယူဆထားသည်။သူ့ကို မှားသည်ဟု ဝေဖန်ပြောဆိုလျှင် လက်မခံပါ။အများအားဖြင့် အလှကြောင့်၊ အတတ်ပညာကြောင့်၊ မိဘအရှိန်အဝါကြောင့်၊ ငွေကြေးစည်းစိမ်ကြောင့်၊ ရာထူးအရှိန်အဝါကြောင့် မာန်တက်လေ့ရှိသည်။
 
သူအားကိုးသော သူ့ကိုမာန်တက်စေသော အလှအပ၊ ငွေကြေး၊ ရာထူး စသည်ကို အခြားသူများက ဝေဖန်အပြစ်တင်ပြောဆိုလျှင် ဆတ်ဆတ်ခါအောင် နာကြည်းတတ်သည်။ထိုသူကိုလည်း ရန်သူလိုပင် မုန်းတီးမိသည်အထိ ခံစားရတတ်သည်။
 
အားကိုးတစ်ခုခုကြောင့် မာန်တက်လာပြီဆိုလျှင် သူ့ကိုယ်သူ အထင်ကြီးစိတ် လွန်ကဲလာသည်။တစ်ဆက်တည်းမှာပင် အခြားသူများအပေါ် အလွယ်တကူ အထင်သေးစိတ်တွေ ပေါ်လာသည်။သူများကို အထင်မကြီးတတ်တော့။သူ့မာနကို လာထိသည့် မည်သူမဆို သူ့ရန်သူပမာ ခံစားသွားတတ်သည်။မာန်မာနခံထားလေလေ အမှန်တရားနှင့် ဝေးလေလေဖြစ်သည်။
 
ခေမာသည် မဒ္ဒတိုင်း သာဂလပြည့်ရှင်ဘုရင် မဒ္ဒရာဇ်မင်းကြီး၏ သမီးဖြစ်သည်။ရုပ်ရည်အဆင်းအလွန်လှပသည်။လှလွန်းသည့်အတွက်လည်း သူ့ကိုယ်သူ အထင်ကြီးကာ အလှမာန်တက်နေသူဖြစ်သည်။အရွယ်ရောက်သောအခါ ဗိမ္ဗိသာရမင်း၏ မိဖုရားကြီးဖြစ်လာသည်။
 
ဗိမ္ဗိသာရမင်းကြီးက ဘုရားရှင်ထံ အမြဲသွားပြီး တရားနာသူဖြစ်သော်လည်း ခေမာမိဖုရားကတော့ ဘုရားရှင်ထံသွားဖို့ကို အကြောင်းအမျိုးမျိုးပြ၍ ရှောင်လွှဲသည်။ဘုရားရှင်က အလှအပကို အပြစ်မရှိ အပြစ်ရှာသည်ဟု ယူဆကာ ဘုရားရှင်ထံသို့ မသွားခြင်းဖြစ်သည်။
 
ဗိမ္ဗိသာရမင်းက သူ့မိဖုရားကြီး ဘုရားရှင်နှင့်တွေ့ဆုံစေရန် ဘုရားရှင် သီတင်းသုံးသော ဝေဠုဝန်ဥယျာဥ်တော်၏ သာယာပုံကို စာဆိုတို့ကို သီကုံးဖွဲ့နွဲ့စေပြီး နန်းတွင်းကချေသည်တို့ကို သီဆိုစေသည်။မကြာမီမှာပင် ခေမာမိဖုရားသည် ဝေဠုဝန်ဥယျာဥ်တော်သို့ သွားလိုစိတ်များပေါ်လာသည်။ရံရွှေတော်များကလည်း ပရိယာယ်အမျိုးမျိုးသုံးကာ ဆွဲဆောင်သည်။နောက်ဆုံးမှာ ခေမာတစ်ယောက် ဝေဠုဝန်ဥယျာဥ်သို့ ရောက်ခဲ့တော့သည်။ထိုမှတစ်ဆင့် ဘုရားရှင်ရှေ့သို့ပါရောက်ခဲ့သည်။
 
ဘုရားရှင်ရှေ့သို့ ရောက်သောအခါ ဘုရားရှင်ကို ယပ်ခတ်ပေးနေသော အမျိုးသမီးကိုကြည့်ပြီး အံ့သြတကြီး ငေးကြည့်နေမိသည်။ထိုအမျိုးသမီး၏ အလှအပအောက်မှာ သူ့အလှအပက ဘာမှမဟုတ်ပါလားဟု ခံစားမိသည်။တစ်သက်လုံး သူ့အလှအပေါ် ကျေနပ်မိခဲ့သောမာန်မာနများ လုံးဝမရှိတော့ပေ။ထိုအမျိုးသမီး၏ အလှကိုသာ မျက်တောင်မခတ်တမ်းကြည့်နေမိသည်။သူကြည့်နေမိစဥ်မှာပင် ထိုအမျိုးသမီးသည် ပျိုရာမှအို အိုရာမှနာကာ အလှအပတွေကွယ်ပျောက်ပြီး သေလုဆဲဆဲ လူမမာတစ်ယောက်လို မြင်လာသည်။
 
နတ်သမီးလေးပမာ လှလွန်းသော အမျိုးသမီးလေး၏ ခန္ဓာကိုယ်အပြောင်းအလဲအပေါ် သံဝေဂရနေချိန်တွင် ခေမာ၏ အတွင်းစိတ်အပြောင်းအလဲကို သိနေသော ဘုရားရှင်၏ တရားတော်ကိုပါ နာကြားရသောအခါ အတ္တမာန များမရှိတော့ဘဲ သောတာပန်အရိယာ ဖြစ်သွားလေတော့သည်။
 
မာန်မာနဆိုတာ လူတိုင်းမှာရှိတတ်ပါသည်။တ ကယ်လှလို့ တကယ်တတ်လို့ တကယ်ရှိလို့ မာန်တက်တတ်သကဲ့သို့ ဘာမှမလှ ဘာမှမတတ် ဘာမှမရှိသော်လည်း ကြံဖန်ပြီး မာန်တက်တတ်ပါ သေးသည်။
 
ဘဝတစ်ခုမှာ ဘုရားလောင်းက သူကြွယ်မျိုးရိုးမှာဖြစ်သည်။သူ့မှာ မိတ်ဆွေသူကြွယ်တစ်ယောက်ရှိသည်။ထိုသူကြွယ်က အသက်အရွယ်အိုမင်းနေပြီး သူ့မိန်းမက အသက်ငယ်ငယ်လေးသာရှိသေးသည်။သူတို့မှာ သားတစ်ယောက်ရှိသည်။သူကြွယ်အိုက သူအသက်ကြီးလာပြီဖြစ်သည့် အတွက် သူ့သားရှေ့ရေးကို စဥ်းစားလာရသည်။ သူ့မိန်းမက အသက်ငယ်သေးသည့်အတွက် သူသာ ကွယ်လွန်သွားလျှင် နောက်အိမ်ထောင်သစ် ထူထောင်နိုင်သည်။ထိုအခါ နောက်အိမ်ထောင်က မတရားသူဖြစ်ခဲ့လျှင် သူ့သားသည် အကျိုးခံစားခွင့် တစ်စုံတရာမရရှိဘဲ ဒုက္ခဆင်းရဲရောက်နိုင်၏။ထို့ကြောင့် သူမသေမီ သားအတွက် တစ်ခုခုစီစဥ်ဖို့ လိုအပ်ကြောင်း စဥ်းစားမိသည်။
 
တစ်နေ့တွင် သူစိတ်ချယုံကြည်ရသည့် ကျွန်ဖြစ်သူ နန္ဒကို တောထဲသို့ခေါ်သွားကာ တောထဲတွင် ဥစ္စာပစ္စည်းများကို မြှုပ်နှံသည်။ထို့နောက် နေရာကို အသေအချာမှတ်ထားစေပြီး သူသေသွားပြီးနောက် သားဖြစ်သူ အလိုရှိက ထိုနေရာကိုခေါ်လာပြီး ဥစ္စာပစ္စည်းများ ယူပေးရန် မှာထားခဲ့သည်။
 
သူကြွယ်အို သေသွားပြီး သားဖြစ်သူ အရွယ်ရောက်လာသောအခါ မိခင်က သားဘခင်မသေမီက သားအတွက် တောထဲမှာ ဥစ္စာ ပစ္စည်းများ မြှုပ်နှံထားခဲ့တာကို သားအရွယ်ရောက်လာပြီဖြစ်၍ နန္ဒကို ခေါ်သွားပြီး ဥစ္စာများယူဖို့ပြောသည်။
 
သူကြွယ်သားလည်း တောထဲသို့ရောက်၍ နန္ဒကို ဥစ္စာများဘယ်မှာလဲလို့ မေးတဲ့အခါ နန္ဒက ဥစ္စာများမြှုပ်ထားသော နေရာမှာ စုံရပ်ရင်း သူကြွယ်သားကို မခန့်လေးစားကြည့်ကာ ဘာလို့ သင့်ဥစ္စာများရှိရမှာလဲလို့တောင် လေသံမာမာနှင့် ပြန်မေးလိုက်သေးသည်။သူကြွယ်သားလည်း လက်လျှော့ကာ နန္ဒကိုခေါ်ပြီး ပြန်လာခဲ့သည်။အိမ်ပြန်ရောက်တော့ နန္ဒပုံစံက ယခင်အတိုင်းပင် သူ့ကို ရိုရိုသေသေဆက်ဆံသည်။နောက်တစ်ကြိမ် ဥစ္စာမြှုပ်ထားသည့် နေရာကို သွားကြပြန်သည်။ထုံးစံအတိုင်းပင် ယခင်နေရာကိုရောက်သောအခါ နန္ဒက သူကြွယ်သားကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီး မထီလေးစားလုပ်နေသဖြင့် ဥစ္စာများမရသေးဘဲ ပြန်ခဲ့ရပြန်သည်။
 
သူကြွယ်သားလည်း နန္ဒမှာ အကြောင်းတစ်ခုခုရှိရမည်ဟုတွေးပြီး သူ့ဘခင်၏မိတ်ဆွေ ဘုရားလောင်း သူကြွယ်ဆီသွားကာ အကျိုးအကြောင်း ရှင်းပြလိုက်သည်။သူပြောတာကို နားထောင်ပြီးနောက် ဘုရားလောင်း သူကြွယ်က နန္ဒရပ်သောနေရာမှာ ဥစ္စာများများရှိမှာဖြစ်၍ ထိုနေရာကိုရောက်ရင် နန္ဒလက်ကိုဆွဲကာ မာမာထန်ထန်နှင့် ဥစ္စာများများကို အမြန်တူးရန် အမိန့်ပေးဖို့ မှာလိုက်၏။
 
နောက်တစ်နေ့သွားသောအခါ ဘုရားလောင်းမှာ သည်အတိုင်းပြုလုပ်ရာ နန္ဒသည် သူကြွယ်သားကို ဘာမှတောင်ပြန်မပြောနိုင်ဘဲ ဥစ္စာများတူးပေးသည်။တကယ်တော့ ရိုးသားပြီး သစ္စာရှိသောကျွန် နန္ဒသည် ဥစ္စာများမြှုပ်သည့်နေရာရောက်သည်နှင့် ဥစ္စာမာန်တက်ကာ သူကြွယ်သားကိုပင် ရန်ပြန်လုပ်နေခြင်းဖြစ်သည်။
 
လင်နှင့် မယား၊ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ သူငယ်ချင်းများကြားထဲမှာတောင် မာန်မာနခံတတ်ပါသည်။မာန်မာနခံလာရင် ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်လာပါတော့သည်။တချို့ဆိုလျှင် မိမိ၏မာနကို လာထိသည့်အတွက် ရန်သူတစ်ယောက်လို မုန်းတီးသွားပြီး တစ်သက်လုံးမခေါ်မပြော မဆက်ဆံတော့သည်အထိ ဖြစ်တတ်သည်။
 
ကျောင်းသားဘဝက ပညာသင်ခါမရှက်ရာဆောင်းပါးလေးကို အမှတ်ရသည်။ပညာရှာသည့် အခါ ပညာရဖို့က အဓိကဖြစ်၍ ပျားရည်ရှာသောသူသည် ပျားရည်ရဖို့က အဓိကဖြစ်သောကြောင့် ပျားရည်ရှိရာ သစ်ပင်သည် တမာပင်ဖြစ်စေ ကြက်ဆူပင်ဖြစ်စေ ဂရုစိုက်နေလို့မဖြစ်ဘဲ ပျားရည်သာရမည်မှန်လျှင် မည်သည့်အပင်မှဖြစ်စေ ရအောင်ယူရမည်။
 
ပညာသင်ပေးမည့် ဆရာသည်လည်း ရုပ်ချောချော ရုပ်ဆိုးဆိုး ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာ မျိုးရိုးနိမ့်နိမ့်မြင့်မြင့် မာနထားနေလို့မဖြစ်ဘဲ ပညာသင်ပေးနိုင်သည့် ဆရာဆိုလျှင် လက်ခံသင်ယူရမည်ဖြစ်ကြောင်း မှာထားသည်။
 
ရာထူးကြောင့် မာန်တက်သူများသည် ပို၍သတိထားသင့်သည်။မိမိရာထူးအရှိန်အဝါကကြီး မိမိကလည်း မာန်မာနကို လုံးဝမလျှော့သည့်အတွက် မိမိ၏လက်အောက်ဝန်ထမ်းများက မိမိကို လုံးဝပြန်မပြောရဲ မဝေဖန်ရဲတော့သဖြင့် မိမိမှားနေလည်း ပြန်ပြင်နိုင်သည့်အခွင့်အရေး ဆုံးရှုံးသွားပြီဖြစ်၍ အမှားနွံထဲမှာ နစ်သည်ထက် နစ်သွားတတ်ပါသည်။
 
တကယ်တော့ မာန်မာနဆိုတာ မိမိ၏ရင်ထဲကိုဝင်ရောက်ပြီး အမှန်တရားနှင့် ဝေးသည်ထက် ဝေးအောင် လုပ်နေသော မိမိ၏ တကယ့်မဟာရန်သူတော်ကြီးဖြစ်ပါသည်။
 
မာန်ကိုလျှော့မှ အမှန်တရားနှင့်နီးမှာဖြစ်ပါသည်။မာန်မရှိမှ အမှန်တရားကိုသိမှာဖြစ်ပါသည်။
 
ရိုက်မောင်း
Photo Credit - google image