【 ဆောင်းပါး 】 မိုက်မဲချစ်

【 ဆောင်းပါး 】 မိုက်မဲချစ်

လူတို့သည် တစ်ယောက်နှင့် တစ်ယောက် ချစ်ကြသည်။မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ မိတ်ဆွေ သူငယ်ချင်း၊ လင်နှင့် မယား စသူတို့သည် တစ်ဦးနှင့် တစ်ဦး မြတ်နိုးစွဲလမ်းစွာ ချစ်မိကြသည်။ထိုအချစ်ကြောင့် ကောင်းကြသည်။အတိုင်းအဆမရှိအောင်လည်း ကောင်းလာတတ်သည်။ထိုအချစ်ကြောင့်ပင် ဆိုးကြသည်။အတိုင်းအဆမရှိအောင်လည်း ဆိုးသွားတတ်လေသည်။

ထိုအချစ်တစ်ခုအတွက် ကောင်းတာ ဆိုးတာတွေက ခေတ်အဆက်ဆက်မှာရော ယခုအချိန်မှာရော နေရာတိုင်းမှာရှိပါသည်။တချို့သားသမီးတွေက မိဘကိုချစ်လို့ စာပိုကြိုးစားကြသည်။သားသမီးတွေကိုချစ်လို့ မိဘတွေက ပိုက်ဆံပိုရှာကြသည်။တပည့်တွေက ဆရာကိုချစ်လို့ သင်ခန်းစာများကို ပိုဂရုစိုက်သင်ယူကြသလို ဆရာတွေက တပည့်တွေကိုချစ်လို့ စာတွေ ပိုလေ့လာ ပိုမိုဂရုတစိုက် သင်ပေးကြသည်။ကိုယ့်လင် ကိုယ့်မယားကို ချစ်ကြလို့ သမာအာဇီဝနည်းနှင့် ကြိုးစားပြီး စီးပွားရှာကြသည်။

လူအချင်းချင်းသာမက သက်မဲ့ပစ္စည်းတွေကိုလည်း စွဲစွဲလမ်းလမ်း ချစ်တတ်ပြန်သည်။အတတ်ပညာနှင့် ငွေကြေးရာထူး ဂုဏ်အရှိန်အဝါကိုလည်း လိုလိုချင်ချင် ချစ်တတ်သေးသည်။ထိုအချစ်တွေကြောင့် ကောင်းလာတာရှိသလို ဆိုးသွားတာလည်းရှိပါသည်။ဘယ်သူ့ကို ဘယ်လောက်ပဲချစ်ချစ် တချို့က တွေးတွေးခေါ်ခေါ် နှိုင်းနှုင်းချိန်ချိန် စဉ်းစားတတ်သည်။တချို့ကတော့ ကျန်တာတွေဘာဖြစ်ဖြစ် ဘယ်သူတွေဘာဖြစ်ဖြစ် သူကတော့ သူချစ်တာတစ်ခုအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်တတ်သည်။

တချို့က သူ့မိသားစုအတွက် ပစ္စည်းဥစ္စာ ရာထူးအရှိန်အဝါအတွက် မှန်တာ၊ မှားတာ တရားတာ၊ မတရားတာ သရုပ်ခွဲ စဉ်းစားမနေဘဲ အမှားလုပ်ဖို့ မတရားလုပ်ဖို့ ဝန်မလေးတတ်ကြပေ။လိုအပ်လာလျှင် သူများဥစ္စာလည်းခိုးမှာပဲ သူများအသက်လည်းသတ်မှာပဲ သူများသားမယားလည်း ပြစ်မှားမှာပဲ လိမ်ညာသင့်ရင် လိမ်ညာမှာပဲဆိုသည့် လူမျိုးဖြစ်သည်။ထိုသူတို့၏ အချစ်တွေကိုတော့ မိုက်မဲအချစ်များဟု ခေါ်ရမည် ထင်သည်။

သူတို့က ကိုယ်ကျင့်သီလတွေ ကုသိုလ်၊ အကုသိုလ်တွေ မေတ္တာတွေ သစ္စာတွေကို အလေးထားပြီး မစဉ်းစားတတ်ကြ။သူတို့က အချစ်ကို ကိုးကွယ်သူတွေဖြစ်သည်။ယောင်္ကျားကို ကိုးကွယ်သည်။မယားကို ကိုးကွယ်သည်။သူငယ်ချင်းကို ကိုးကွယ်သည်။ပိုက်ဆံကို ကိုးကွယ်သည်။ရာထူးအာဏာကို ကိုးကွယ်သည်။အလောင်းအစားကို ကိုးကွယ်သည်။သူတို့ကိုးကွယ်သည့်အချစ်တွေအတွက် ဘာပဲပြောရပြောရ ဘာပဲလုပ်ရလုပ်ရ ပြောဖို့လုပ်ဖို့ နောက်တစ်ချက်မတွန့်တတ်ပေ။

သူငယ်ချင်းကိုချစ်လို့ အားနာလို့ မြေမျိုခံသွားသူတစ်ယောက် ရှိခဲ့ဖူးပါသည်။

ရှေးအခါက စေတိယတိုင်း၊ သေတ္ထိယမြို့၌ ဥပရမင်း အုပ်ချုပ်သည်။ဘုရင်သည် ကောင်းကင်မှာ သွားလာနိုင်သည်။နတ်သားလေးပါးက သန်လျက်ကိုင်၍ အရပ်လေးမျက်နှာမှ စောင့်ရှောက်သည်။ခန္ဓာကိုယ်မှ စန္ဒကူးနံ့ သင်းပျံ့သည်။ခံတွင်းမှ ကြာညိုပန်းရနံ့ ကြိုင်သင်းသည် စသော တန်ခိုးလေးပါးနှင့် ပြည့်စုံသည်။သူ၏ ပရောဟိတ်ကြီးသည် ကပိလဖြစ်ပြီး ကပိလ၏ ညီမှာ ဥပရ၏ ကျောင်းနေဖက် သူငယ်ချင်း ကောရကလမ္ဗဖြစ်သည်။ဥပရသည် တစ်နေ့ သူဘုရင်ဖြစ်ခဲ့လျှင် သူငယ်ချင်း ကောရကကို ပုရောဟိတ်ခန့်မည်ဟု ကတိပေးခဲ့သည်။

ခမည်းတော် နတ်ရွာစံပြီး သူကိုယ်တိုင် တကယ်ဘုရင်ဖြစ်လာသောအခါ ကပိလပုရောဟိတ်ကို မဖယ်ရှားနိုင်ခဲ့ပေ။နောက်ပိုင်းတွင် ကပိလကိုယ်တိုင် ရာထူးမှနုတ်ထွက်ကာ ရဟန်းပြုသွားတော့လည်း သူငယ်ချင်း ကောရလကို ပုရောဟိတ်ခန့်မည် လုပ်သည်။သို့သော်လည်း ကပိလပုရောဟိတ်က သူ့ညီ ကောရကလမ္ဗကို ဆက်ခံသူအဖြစ်မထားဘဲ သူ့သားကြီးကိုသာ ပရောဟိတ်ရာထူး လွှဲပေးသွားပြန်သဖြင့် အခက်တွေ့ရပြန်သည်။သူသည် သူငယ်ချင်း ကောရလကို အားနာကာ မုသားစကားဆို၍ ပုရောဟိတ်ရာထူးပေးရန် ကြံစည်သည်။ကောရလက ကန့်ကွက်ခဲ့သည်။အကြောင်းမှာ ကပိလသည် အကိုကြီးဖြစ်၍ သူသည် ညီဖြစ်တာကို အားလုံးကသိထားပြီးဖြစ်နေသဖြင့် လိမ်ပြော၍ မဖြစ်နိုင်ကြောင်း ရှင်းပြသည်။ဘုရင်ဥပရက အားမလျှော့ဘဲ သူသည် ဘုရင်တစ်ပါး၏ အင်အားနှင့် ကောရလသည် အကိုကြီးဖြစ်၍ ကပိလသည် ညီလေးဖြစ်သည်ဟု ဇွတ်အတင်း လိမ်လည်မည်ဖြစ်ကြောင်း ပြောသည်။ဥပရဘုရင်က ဘာမှမပူရန်နှင့် ခုနစ်ရက်အကြာတွင် မုသားစကားကို ပြည်သူတွေအားလုံးကြားအောင် အခိုင်အမာကြေငြာပေးမည်ဟု ပြောသည်။

ခုနစ်ရက်မြောက်သောနေ့၌ နန်းရင်ပြင်တွင် ဘုရင်က မုသားစကားပြောမည်ဟု သတင်းကြားပြီး ပြည်သူအများအပြား လာရောက်ကြည့်ရှုကြသည်။ဥပရမင်းသည် ပြည်သူကိုကြေငြာရန် နန်းရင်ပြင်အထက် ကောင်းကင်တွင် ရပ်နေသည်။ထိုအချိန်တွင် ကပိလရသေ့သည်လည်း ကောင်းကင်မှ စျာန်နှင့်ကြွလာကာ ဥပရမင်းကို မုသားစကားမပြောဖို့ တားမြစ်သည်။တိုင်းပြည်၏ ဘုရင်တစ်ပါးအနေနှင့် မုသားစကားဆိုခဲ့လျှင် အမှန်တရားကိုသတ်သည်မည်ကြောင်း အမှန်တရားကိုသတ်သူသည် မိမိကိုယ်ကိုသတ်တာနှင့်တူကြောင်း ရှင်းပြသည်။ထို့အပြင် ရရှိထားသော တန်ခိုးလေးပါးလည်း ပျောက်ကွယ်ဆုံးရှုံးရမှာဖြစ်ကြောင်း ပြောသည်။

ဘုရင်ဥပရက ရသေ့ကြီး သတိပေးတာကို လက်မခံဘဲ ချက်ချင်းပင် ကပိလသည် ညီဖြစ်ပြီး ကောရလသည်သာ အကိုဖြစ်သည်ဟု မုသားဆိုလိုက်သည်။ထိုခဏတွင်ပင် သူ့ကိုစောင့်ရှောက်နေသော နတ်သားလေးပါးတို့ ကွယ်ပျောက်သွားသည်။ခံတွင်းမှ ကြက်ဥပုပ်နံ့ကဲ့သို့ အနံ့ဆိုးထွက်လာသည်။ခန္ဓာကိုယ်မှလည်း မစင်ကျင်ကြီးနံ့ထွက်လာသည်။ရုတ်တရက် ကောင်းကင်မှ မြေပြင်ပေါ်သို့ လျှောကျသွားသည်။တန်ခိုးလေးပါးလုံး ပျောက်ကွယ်ဆုံးရှုံးသွားလေပြီ။

ကပိလရသေ့က ဘုရင်ဥပရကို ဘာမှမစိုးရိမ်ရန်နှင့် ဘုရင်တစ်ပါးအနေဖြင့် ကိုယ်ကျင့်သီလကို စောင့်ထိန်းထားလျှင်ဖြစ်သည် ကျန်တာ သူကူညီမည်ဟု ပြောသည်။သို့သော် ဥပရက ဂရုမစိုက် ဆက်မိုက်သည်။မုသားစကားကို ဒုတိယအကြိမ်ပြောသည်။သူ့ခြေထောက်နှစ်ဖက်သည် ခြေမျက်စေ့အထိ မြေကြီးထဲဝင်သွားသည်။ရသေ့ကြီးက သတိထပ်ပေးပြန်သည်။ဥပရကလည်း ထုံးစံအတိုင်း စိတ်မလျှော့။မုသားစကားကို တတိယအကြိမ် ပြောပြန်သည်။ခြေထောက်နှစ်ဖက်သည် ဒူးဆစ်ထိ မြုပ်သွားပြီ။

မိုက်တွင်းနက်သော ဥပရဘုရင်က ရသေ့ကြီး သတိပေးနေသည့်ကြားမှ လေးကြိမ်မြောက်ပြောသည်။မြေကြီးထဲတွင် သူ့ခါးအထိ နစ်မြုပ်လာပြီ။ငါးကြိမ်မြောက် ပြောပြန်သည်။ချက်အထိ မြုပ်ပြီ။ခြောက်ကြိမ်မြောက်ဆက် မုသားဆက်ပြောသည်။မြေကြီးကလည်း အားကျမခံဘဲ သူ့ရင်ဘတ်အထိ ဆွဲမြှုပ်လိုက်သည်။ဥပရဘုရင်သည် မည်သည့်အားကိုးနှင့် မိုက်သည်မသိ။ခုနစ်ကြိမ်မြောက် မုသားစကားကို ပြောဖြစ်အောင် ပြောသည်။မြေကြီးသည် ဟင်းလင်းပွင့်ကာ ဥပရဘုရင်ကို အရှင်လတ်လတ် အဝီစိအထိ ဆွဲခေါ်သွားလေတော့သည်။

သူငယ်ချင်းကို ချစ်စိတ် အားနာစိတ်နှင့် မြေမျိုခံသွားသော ဥပရဘုရင်၏ မိုက်မဲချစ်ကို တွေ့ရသောအခါ သူ့ကို သနားရမှာလား ဒေါသထွက်ရမှာလား မသိအောင် ခံစားစရာဖြစ်နေ၏။သူ၏ ရဲရင့်ပြတ်သားမှု သေမှာ မကြောက်မှုတွေကို အကျိုးရှိသည့်နေရာမှာသာ အသုံးချနိုင်လျှင် ရဲရင့်သောဘုရင် ဖြစ်ရမှာပါ။အခုတော့ သူ့အတွက်လည်းအကျိုးမရှိ အများအတွက်လည်း အကျိုးမရှိသည့်နေရာမှာ အသုံးချမိသည့်အတွက် မိုက်ရူးရဲဘုရင် ဖြစ်ခဲ့ရပြီ။

တကယ်တော့ လူတစ်ယောက်က ဘာတွေကို ဘယ်လောက်ချစ်တယ်ဆိုဆို မူလရှိနေသည့် သူ့ကိုယ်ကျင့်တရားနှင့်လည်း ဆိုင်ပါသည်။တစ်ခုခုတွေးခါနီး၊ တစ်ခုခုပြောခါနီး၊ တစ်ခုခုလုပ်ခါနီး သင့်၊ မသင့် မှန်၊ မမှန် တရားလား၊ မတရားလား ဆင်ခြင်သတိထားမှုနှင့်လည်း ဆိုင်ပါသည်။

သေသေချာချာ စဉ်းစားကြည့်လျှင် မိုက်မိုက်မဲမဲ ချစ်တတ်သူသည် သူ့ကိုယ်သူ စော်ကားရာရောက်သလို သူ့ချစ်သူတွေကို စော်ကားရာလည်း ရောက်နေတာကို မြင်နိုင် ဆင်ခြင်နိုင်ပါသည်။

ရိုက်မောင်း
Photo Credit - Mandalay City Development Committee