【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၁

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၁

သူနှင့် ကိုအောင်ကြင်တို့ ကျင်းပပေးကြသည့် ဆရာကြီးဒဂုန်တာရာ နှုတ်ဆက်ပွဲသို့ ‘အစအစ’ အဖွဲ့ဝင် အားလုံးနီးပါး လာကြသဖြင့်၊ ‘အစအစ’ တစ်ယောက်ဖြစ်သည့် ဆရာကြည်နိုင်လည်း နှစ်တိုင်းတက်ရောက်ကြောင်း သူသိပါသည်။

သို့သော် ဆရာတာရာက ဆရာကြည်နိုင်ကို သူ့အနားသို့ခေါ်ပြီး၊ လွန်ခဲ့သော နှစ် ၂၀ ကျော်က၊ မိုးကြိုမုန်တိုင်း စာပေဝေဖန်ရေးကို မမေ့သေးကြောင်း ပြသသည်ကိုမူ သူမသိလိုက်ပေ။

ပွဲသိမ်း၍ ရန်ကုန်သို့ ပြန်ကြချိန်၌၊ ကားပေါ်တွင် ဆရာကြည်နိုင်က “ဟာဗျာ - ဆရာတာရာက အမှတ်ကြီးသဗျ” ဟု ဆိုင်းမဆင့်ဘုံမဆင့် ညည်းလေသည်။

သူက “ဘာအမှတ်ကြီးတာလဲ” ဟု ပြန်မေးမိ၏။

ဆရာကြည်နိုင်က “မေ ဝတ္ထုပေါ့ဗျာ” ဟု အစချီသည်။အမှန်ဝန်ခံရလျှင် ဆရာတာရာ၏ နာမည်ကြီးအမှီးဝတ္ထု “မေ” ကို သူမဖတ်ဖူးပေ။သူက ဆရာတာရာ့ စာများအနက်၊ “စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” နှင့် “သဇင်သင်းပြန်တော့” စာအုပ်များကို ကြိုက်သည်။ထိုစာအုပ်များကား ဝတ္ထုမဟုတ်။ထိုစာအုပ်နှစ်အုပ်တွင် ဆရာတာရာ ရေးသားခဲ့သည့် စာပေရေးရာ၊ သဘောတရားရေးရာ၊ ဂီတ၊ အနုပညာနှင့် စာပေဝေဖန်ရေးဆောင်းပါးများကို၊ စုစည်းပုံနှိပ်ထားပါသည်။

“သဇင်သင်းပြန်တော့” စာအုပ်ကို “စာလုံး - - - ကတ္တီပါကားလိပ်” ၏ အဆက်ဟုလည်း ယူဆကြပါသည်။ဆရာတာရာ့ဝတ္ထုကို တခြားစာရေးဆရာများက ဝေဖန်သည်ကိုလည်း သူမဖတ်ဖူးပေ။သို့သော် ယနေ့ပွဲကို အကြောင်းပြု၍ ဆရာကြည်နိုင် စပြောသည့် မေနှင့် မိုးကြိုမုန်တိုင်းကို သူစိတ်ဝင်စားလာသည်။ ဆရာကြည်နိုင်က သူ့ထုံးစံအတိုင်း စကားကို လေးလေးမှန်မှန် စပြောသည်။

“ကျွန်တော်က ကိုတင်သစ်တို့ ထပြောနေတဲ့ “ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ” အယူအဆကို၊ သဘောမတူကြောင်း ဆွေးနွေးတာကို၊ ကျွန်တော်စိတ်ဝင်စားတယ်။ဆရာ ပြန်ဆွေးနွေးတာကိုလဲ စိတ်ဝင်စားတယ်။နေ့လယ်စာ စားပြီး ခဏနားကြတဲ့အချိန်၊ ဆရာတာရာက ထိပ်ဘက်မှာ ကုလားထိုင်နဲ့ ထိုင်နေတာ။ကိုကြည်နိုင် ခဏဆိုတော့၊ ကျွန်တော်လည်း သူ့ကုလားထိုင်နား ပြောင်းထိုင်လိုက်တယ်။အဲဒီမှာဗျာ “ကိုကြည်နိုင် မေကို အခုဘယ်လိုသဘောထားသလဲ” မေးချလိုက်တော့ ကျွန်တော် ရုတ်တရက် ဘာမှပြန်မဖြေနိုင်ဘူးဗျာ။အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် မေကိုလည်း မေ့နေပြီ။မေကို ဝေဖန်ခဲ့တာကိုလည်း မေ့နေပြီ။ကျွန်တော် ခဏကြောင်တက်တက်ဖြစ်သွားပြီး အော် ငါတို့ဝေဖန်ခဲ့တာကို ခုထိမမေ့သေးတာပါလားလို့ ချက်ခြင်းနားလည်လိုက်တယ်။ဆရာတာရာက ဘာမှအားမနာနဲ့။ရင်ထဲရှိတဲ့အတိုင်းပြော၊ ကျွန်တော်စိတ်မဆိုးဘူး။သိချင်ရုံသက်သက်ပဲလို့ ထပ်ပြောသဗျ။အဲဒါနဲ့ ဆရာရယ် အဲဒီတုန်းက ကျွန်တော်တို့ အတော်ငယ်ကြသေးတဲ့ အရွယ်ပါလို့ လေပြေလေးနဲ့ ပြောရတာပေါ့ဗျာ။တကယ်လဲ အခုနေသာ မေဝတ္ထုကို စဖတ်ဖူးပြီး ဝေဖန်ပါဆိုရင် ဟိုတုန်းက ဝေဖန်သလို ဘယ်လိုမှ ထွက်လာမယ်မဟုတ်ဘူးဆိုတာလဲ ကိုယ့်ဘာသာကိုယ်သိနေတယ်ဗျ။

ကျွန်တော့်စကားလဲဆုံးရော၊ ဆရာ့မျက်နှာမှာ ပြုံးယောင်သန်းသွားတွေ့ရလို့ ကျွန်တော်လဲ အသက်ရှူချောင်သွားတယ်။သူလည်း လူကြီးလူကောင်းပီသပါတယ်။ဘာမှထပ်မပြောတော့ပါဘူး။တကယ်လို့ ဆရာသာ ဆက်ပြောခဲ့ရင် ကျွန်တော်ပြန်ချေပနိုင်ပါ့မလား မသိဘူးဗျာ” ဟုပြောရင်း၊ ဆရာကြည်နိုင် ရယ်ပါသည်။သူစိတ်ဝင်စားစွာ စပ်စုလိုက်၏။

“အော် ဆရာတို့ ဘယ်လိုဝေဖန်လိုက်လို့လဲ”

“အေးဗျာ အဲဒီတုန်းက အချိန်ကာလကလဲ ၁၉၇၀ ဝန်းကျင်။ကျွန်တော်တို့ကလဲ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ကြား။ပြည်သူ့စာပေမှသာ အကျိုးပြုတယ်။ပြည်သူ့စာပေရေးသူသာ စာရေးဆရာဆိုတဲ့ ယုံကြည်ချက်ပြင်းပြကြသူတွေ စုမိတာပေါ့။အဲဒီထဲမှာ ကျွန်တော်၊ ဆရာထက်မြက်၊ နီဟိန်း၊ နိုင်ဝင်းဆွေ၊ လှဆွေ၊ ကျော်ဇောဦး၊ ဘသင်း၊ သန်းစိုး၊ တင်ဟိန်း၊ မောင်သွေးခိုင်၊ မောင်ငြိမ်းစည်၊ ဝင်းသစ်၊ စိန်လှ စတဲ့သူတွေပါတာပေါ့။အနီးစပ်ဆုံး ဥပမာပြရရင်၊ ဟိုတလောက၊ ဘာသာရေးလိုင်း၊ ဝေဖန်ရေးလိုင်း ရေးနေတဲ့ နောက်ပေါက်စာရေးဆရာတစ်ယောက်က၊ ဆရာကြီး ဒေါက်တာသန်းထွန်းရေးတဲ့ သမိုင်းနဲ့ဆိုင်တဲ့ စာတွေကို ဝေဖန်သလိုပေါ့ဗျာ။ကျွန်တော်တို့ ပေတံက ပြည်သူအကျိုးပြုစာပေဖြစ်ရမယ်။လူတန်းစားရပ်တည်ချက် မှန်ကန်ရမယ်ဆိုတာတွေနဲ့ မှတ်ကျောက်တင်တာဆိုတော့၊ ချောချောလှလှ ခပ်လည်လည် ရေပေါ်ဆီလူတန်းစားတွေကြားက ခပ်ရှုပ်ရှုပ် မိန်းမတစ်ယောက်အကြောင်းရေးထားတဲ့ “မေ” ကို “မေဘာလဲ” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး၊ တွယ်ကြတာဗျ၊ မေဝတ္ထုကို ကျွန်တော်တို့ အဓိကတင်တဲ့ စွဲချက်က အထူးသဖြင့် မေသည် နယ်ချဲ့ယဉ်ကျေးမှုကို ဖြန့်ဖြူးသည်ဆိုတာပဲဗျ။”

သူမှတ်မိသမျှတော့၊ ထို့သို့သော စိတ်ဝင်စားဖွယ်ရာများကြုံရသည့် ဆရာဒဂုန်တာရာ နှုတ်ဆက်ပွဲကို သန်လျင်ရှိ ကိုအောင်ကြင်တို့ ခြံထဲတွင် ၂၀၁၀ ပြည့်နှစ်၌ ကျင်းပသည့်ပွဲကား နောက်ဆုံးဟုထင်၏။သည်နောက် ကိုအောင်ကြင် လေဖြတ်သွားရှာသည်။အစဉ်အမြဲ တက်ကြွသွားလာ အလုပ်လုပ်နေသူတစ်ယောက်၊ လေဖြတ်၍ အိပ်ရာထဲ လဲနေရသည်မှာ အဖြစ်ဆိုးလှပေသည်ဟု သူတွေးသော်လည်း၊ ကိုအောင်ကြင်ကိုမူ ပြန်ကောင်းလာရမယ်ဟု အမြဲအားပေးခဲ့သည်။

သူနှင့် ကိုအောင်ကြင် လက်တွဲ၍ ပရဟိတလုပ်ငန်း၊ စာပေလုပ်ငန်းများ လုပ်ကြသည်ဆိုသော်လည်း၊ သူက ဆေးကုသရေးဘက်တွင် သက်သက်သာသာ တာဝန်ယူရသူ။ဆေးဖိုးလိုလည်း ကိုအောင်ကြင်ရေ လုပ်ပါဦးဆိုသည်နှင့် ငွေရှာပေးသူ၊ ဆေးပြန်သွားပြန်ပြီဆိုလည်း ဆေးအပြေးအလွှားဝယ်ပေးသူ။

မြသွေး၏ ဖခင်ကြီး နေထိုင်မကောင်းဖြစ်သောအခါ၊ လိုအပ်သည့် ဆေးများကို၊ ဆယ်ရပ်ကွက်ဈေးဟု ထိုစဉ်ကနာမည်ကြီးသည့် တောင်ဥက္ကလာပရှိ ပဒေသာဈေးသို့ မိုးထဲရေထဲ ဆိုက်ကားနှင့် သွားဝယ်ပေးသည့် ကိုအောင်ကြင်။ပဒေသာဈေးသို့ ဆိုက်ကားနှင့်သွားသည်ဟု အလွယ်ဆိုစေကာမူ၊ မြသွေးတို့အိမ်မှ ၃၁ ဂိတ်ရောက်သည်ထိ လမ်းလျှောက်ပြီးမှသာ ဆိုက်ကားဂိတ်သို့ရောက်ပြီး ဆိုက်ကားငှား၍ရသည်။ယခုအချိန်ကဲ့သို့ သွားရေးလာရေးမလွယ်ကူပေ။လိုင်းကားတွေကလည်း  များများစားစားပြေးဆွဲခြင်းမရှိရုံသာမက၊ လမ်းတွေကလည်းဆိုးပါဘိ။ချိုင့်တွေဝှမ်းတွေ ပရပွနှင့် လမျက်နှာပြင်လို လမ်းပေါ်၌ ဆိုက်ကားနင်း ပို့ဆောင်ပေးသူများကိုပင် ပြန်ကျေးဇူးတင်ရသည့်ကာလ။ဆေးဆိုင်တွေကလည်း ယခုလို မပေါများပေ။ကိုအောင်ကြင်က ညည်းညူခြင်းမရှိ။သူရေးပေးလိုက်သည့်ဆေးကို ရအောင် ရှာဝယ်ပေးသည်။

သူတို့နှစ်ယောက် အတူလုပ်ကိုင်သည့် ပန်းအိစံထုတ်ဝေရေးတွင်လည်း ဤသို့ ဤနှယ်ပင်။ဆရာမောင်ခိုင်မာ၏ ကဗျာများနှင့် မျက်နှာဖုံးပန်းချီကို အတူရွေးကြ၊ ဖတ်ကြသော်လည်း ပုံနှိပ်သည့်ကိစ္စ၊ စာအုပ်ချုပ်သည့်ကိစ္စနှင့် ဖြန့်ချိရေးကို ပင်တိုင်လုပ်ရသူက ကိုအောင်ကြင်။သူတို့ပထမဆုံးထုတ်ဝေခဲ့သည့် ဆရာမောင်ခိုင်မာ၏ သိင်္ဂါရငှက်များ ကဗျာစာအုပ်က ခေတ်စကားဖြင့်ပြောရလျှင် ပေါက်ခဲ့ပါသည်။ရောင်းကောင်းသည်ပေါ့။သို့သော် စာတစ်အုပ်ဖြစ်ဖို့ ရင်းလိုက်ရသည့်ငွေက လုံးခနဲထွက်သွားသော်လည်း၊ ပြန်ရသည့်ငွေက အလီလီစိတ်ပြီးရသည်။သို့ဖြင့် ငွေခေါင်းကွဲပြန်သည်။စီးပွားရေးဆန်ဆန်လုပ်မည်ဆိုပါက၊ ငွေရင်းများများဖြင့် စာအုပ်များ တစ်အုပ်ပြီး တစ်အုပ် ဆက်စဉ်မပြတ်ထွက်ရမည်။သို့မှသာ ထွက်ငွေ၊ ဝင်ငွေက လည်ပတ်နေမည်။သူတို့ကား အမြတ်အစွန်းထက်၊ နှစ်သက်သည့် စာကောင်းပေကောင်းလေးတွေ ထုတ်မည်။မရှုံးလျှင်တော်ပါပြီဟု စခဲ့ကြခြင်းဖြစ်သည်။လက်တွေ့တွင် စာပေထုတ်ဝေရေးဟူသည် ရေရှည်လုပ်နိုင်ရန် အရင်းအနှီးအင်အား၊ လူအင်အားမရှိလျှင် မရကြောင်း သိလာရပါသည်။

ဆရာမောင်ခိုင်မာ၏ ဧဝရက်တောင်ထိပ်က တောင်ဆိတ်တစ်ကောင် ကဗျာရှည်စာအုပ် ထပ်ထုတ်ပြီးနောက်၊ ဆရာဖေမြင့်၏ လူနာဆောင်အမှတ် - ၆၊ မင်းလှညွန့်ကြူး၏ ကဗျာအလှရှာတော်ပုံ၊ ခင်ဝင်းသစ်၏ လမ်းလျှောက်နေသောလက်ဆစ်များနှင့် ဒေါက်တာမတင်ဝင်း၏ ရာဇဝင်ထဲကမိန်းမသား စာအုပ်များကို ဆက်လက်ထုတ်ဝေကြပါသည်။

သည်နောက် ကိုအောင်ကြင်လည်း သန်လျင်သို့ပြောင်းသွားပြီး၊ သူလည်း ဆေးခန်းထိုင်ရခြင်းနှင့် အိမ်တိုင်ယာရောက် လူနာကုသပေးခြင်း ပရဟိတဖြင့် စာအုပ်ဆက်မထုတ်ဖြစ်တော့ပေ။ကိုအောင်ကြင်က ပန်းအိစံအနေဖြင့် စာအုပ်ဖြန့်ချိရေးအလုပ်ကို အနည်းအကျဉ်းဆက်လုပ်သေးသည်။ကိုအောင်ကြင် လေဖြတ်ပြီးနောက်ပိုင်းတွင်မူ၊ စာအုပ်ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းနှစ်ခုစလုံး၊ အပြီးတိုင်ရပ်ဆိုင်းသွားပါတော့သည်။သူလည်း ညာလက်ရုံး ပြုတ်ကျန်ရစ်၏။ထိုအချိန်တွင် သန်းမြင့်အောင်က ပရဟိတနယ်ပယ်ထဲ ခြေစုံပစ်ဝင်ကာ၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီဖြစ်၍၊ သန်းမြင့်အောင်နှင့်တွေ့ရသည့် အချိန်နည်းသွားပြီ။

၂၀၀၀ ပြည့်နှစ်တွင် မြသွေးကလည်း အလုပ်တာဝန်ဖြင့် မော်လမြိုင်သို့ ပြောင်းရွှေ့သွားရသည်။သို့ဖြင့် တစ်ချိန်က လူမသိသူမသိ လက်တွဲခဲ့ကြသည့် ပရဟိတအတူလုပ်ဖော်ကိုင်ဖက် ၄ယောက်၊ ယခင်ကကဲ့သို့ တစ်စုတစ်စည်းတည်း မဆုံဖြစ်ကြတော့ပေ။

ချွင်းချက်အနေဖြင့် သူတို့ ၄ ယောက် တစ်စုတစ်စည်းမရှိတော့စေကာမူ၊ ကိုအောင်ကြင်နှင့် သန်းမြင့်အောင်တို့၊ သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် နေထိုင်ကြသော ကိုယ်ခံအားကျဆင်းသည့် ရောဂါရရှိထားသူ မိဘမဲ့ကလေးများအတွက် လက်တွဲလုပ်ဆောင်ခွင့်ရခဲ့ကြပါသည်။

၂၀၀၅ ခုနှစ်တွင် ဦးအေးမင်း၊ ဒေါ်ခင်မေစု၊ ဒေါက်တာထားထား (စာရေးဆရာမ စုထား)၊ ဒေါက်တာတင်တင်ဝင်း (စာရေးဆရာမ ဂျူး)နှင့် သန်းမြင့်အောင်တို့ စုပေါင်းပြီး၊ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါဝေဒနာ ခံစားနေရသော မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ရန် သုခရိပ်မြုံအမည်ဖြင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကို သန်လျင်တွင် စတင်တည်ထောင်ခဲ့ကြပါသည်။

ကိုအောင်ကြင်က သုခရိပ်မြုံ၏ ပရဟိတအလုပ်များကို လာရောက်ကူညီ လုပ်ကိုင်ပေးတတ်သည်။ကိုအောင်ကြင် ကြော်ကျွေးတတ်သည့် ခေါက်ဆွဲကြော်၊ ကြာဆံကြော်များကို အားလုံးကနှစ်ခြိုက် ခံတွင်းတွေ့ကြသည်။ကလေးတွေရော ဂေဟာတွင် တာဝန်အသီးသီးယူနေကြသူများကပါ ကိုအောင်ကြင်ကို ခင်မင်ကြသည်။အရပ်အနည်းငယ်ပု၍ အသားဖြူဖြူကာ ကျောလယ်ခန့်ထိ ရှည်လျားသည့် ဆံပင်များကို နောက်ဘက်တွင် စုစည်းထားတတ်သည့် ကိုအောင်ကြင်ကို ဂေဟာမှ ဝန်ထမ်းများ၊ ဆရာမများက ဦးဆံရှည်ဟု ခေါ်ကြသည်။ ကလေးတွေက ဘဘ ဦးဆံရှည်ဟု ချစ်ခင်စွာ ခေါ်ဝေါ်ကြပါသည်။  

သန်လျင်တွင် ကလေး သုံး၊ လေးယောက်နှင့် စတင်ခဲ့သည့် သုခရိပ်မြုံကို ၂၀၀၇ ခုနှစ်တွင် ကလေး ၁၃ ယောက်နှင့်အတူ၊ လက်ရှိနေရာ ဒဂုံမြို့သစ်အရှေ့ပိုင်းသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။တစ်ခါတွင် ကလေးတွေက မီးရထားအစစ် စီးဖူးချင်သည်ဟု ပူဆာကြ၍၊ မီးရထားရုံပိုင်ကို အကူအညီတောင်းသဖြင့်၊ ရုံပိုင်က ကလေးများအတွက် မြို့ပတ်ရထားစီးရန် တွဲတစ်တွဲ သီးသန့်စီစဉ်ပေးပါသည်။ကလေး ၁၅ ယောက်နှင့် တာဝန်ရှိသည့် ဆရာမများ၊ စေတနာ့ဝန်ထမ်းများက ကလေးများကို မြို့ပတ်ရထား စီးနင်းစေသည်။သို့သော် သူတို့ဂေဟာသို့ ပြန်လာချိန်တွင် ဤခရီးကို မလိုက်ပါရသည့် ကလေးများက ဆန္ဒပြငိုယိုကြတော့သည်။သို့ဖြင့် ကိုအောင်ကြင်က ကလေးအားလုံးလိုက်ပါခွင့်ရသည့် ခရီးစဉ်ကို စီစဉ်ပေးသည်။

သန်လျင်ဘက်သို့ သင်္ဘောဖြင့်ကူးပြီး၊ ရေလယ် ကျောက်တန်း ဘုရားဖူးသွားသည့် ခရီးစဉ်။ဘုရားမှ ပြန်လာချိန်တွင် ကိုအောင်ကြင်တို့၏ ခြံဝန်းထဲ၌ ငှက်ပျောဖက်ဖြင့် တည်ခင်းကျွေးမွေးသည့် ထမင်း၊ ဟင်းများကို ကလေးတွေရော၊ ဆရာမများနှင့် စေတနာဝန်ထမ်းတွေပါ ခေါင်းမဖော်နိုင်အောင် စားသောက်ကြသည်။ကိုအောင်ကြင့် နှမ မြင့်မြင့်ဦးက ဟင်းချက်လက်ရာ အလွန်ကောင်းပါသည်။နှမငယ်များဖြစ်ကြသည့် မြင့်မြင့်စန်းနှင့် ပူစူးတို့လည်း မနေသာ။အစ်ကို၏ ပရဟိတကို တစ်နိုင်တစ်ပိုင် ဝိုင်းကူပေးကြပါသည်။

ကလေးတွေကား ပန်းပင်သစ်ပင်များဖြင့် ကျယ်ဝန်းသာယာလှပသည့် ကိုအောင်ကြင်တို့ ခြံထဲတွင် လက်လက်စင် ဆော့ကစားကြတော့သည်။ကလေးတွေ တစ်ကြိမ်မျှ မလုပ်ဖူးသည့် ပါဆယ်ဂိမ်းကစားနည်းကိုပါ ကိုအောင်ကြင့် ကျေးဇူးဖြင့် ကစားဖူးသွားကြသည်။ကစားတတ်သွားကြသည်။ဂိမ်းမာစတာကြီး ကိုအောင်ကြင်ကား ကက်ဆက်ဖွင့်လျက် သူဒုက္ခပေးလိုသူ၏လက်ထဲ ပါဆယ်ထုတ်ရောက်ချိန်တွင် တေးသွားကို တိခနဲ ရပ်ပစ်လိုက်သည်။

ပါဆယ်ထုတ်ပိုက်မိသူခမျာ ပါဝင်ကစားနေကြသူများ ဟိုဟာလုပ်ပြပါ၊ သည်ဟာလုပ်ပြပါ ခိုင်းသည်ကို လုပ်ပြပေတော့။ဤကား သုခရိပ်မြုံမှ ကလေးများ၊ ဆရာမများ အဘယ်ကြောင့် ဦးဆံရှည်ကြသနည်းဟူသည့် အဖြေပါတည်း။

ကိုကြင်အောင် စီစဉ်ပေးသော သန်လျင်ခရီးစဉ်အကြောင်း သူမသိခဲ့ပေ။ယခုမှ သန်းမြင့်အောင် ရေးထားသည့် “ ပျော်ပျော်ပါးပါး ကစားရအောင်” ဝတ္ထုတိုလေးဖတ်ရမှ သိရသည်။

ရင်ဘတ်မိတ်ဆွေ ကိုအောင်ကြင်၊ ညီရင်းအစ်ကိုထက် ပို၍ချစ်ခင်အားထားခဲ့ရသည့် ကိုအောင်ကြင်။အော် - ကိုအောင်ကြင် ရောက်လေရာဘဝမှာ ပရဟိတလုပ်နေမည် ထင်ပါရဲ့။

ခင်နှင်းဦး
Photo Credit - The Irrawaddy's Blog