【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၄

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၄

မခင်နှင်းဦး ပြောဖူးသည့် ကြည်အေးဗာရာဏသီ ဒုတိယချီးမွမ်းခန်းကား ရှင်ခြင်းနှင့် သေခြင်းတရားအကြောင်း။
 
ဆရာမကြည်အေး ရေးသည့်စာကိုတော့ သူမဖတ်ဖူးပေ။မခင်နှင်းဦးကတော့ သေခြင်းနှင့် ရှင်ခြင်းကြား၌ အလွှာပါးလေးသာခြားကြောင်း ဆရာမကြည်အေး ရေးသားပုံက အင်မတန်ပြောင်မြောက်သတဲ့။
 
အားကျမခံပြန်ပြောရန်၊ သူ့တွင်လည်း သူကြိုက်နှစ်သက်သည့် သေခြင်းကို ရေးဖွဲ့သောစာရှိပါသည်။ဆရာတိုက်စိုးရေးသည့် ”သေရေး နေရေး” အက်ဆေးကို သူကြိုက်သည်။ဗြူတီမဂ္ဂဇင်းက ဆရာတိုက်စိုးနှင့် တွေ့ဆုံမေးမြန်းရာတွင် သည်အက်ဆေးအကြောင်း ထည့်ဖြေကြားထားသော “နေရေး သေရေး” အပေါ် ထားရှိသည့် ဆရာ့အတွေးအမြင်ကို သူကြိုက်သည်။
 
ဆရာတိုက်စိုး လည်ချောင်းကင်ဆာဖြစ်နေသည်ဆိုသော သတင်းက သူ့စာဖတ်ပရိသတ်ကြား၌ ၂၀၀၂ နှစ်ဦးပိုင်းကတည်းက ပျံ့လွင့်လာသည်။ဆရာ့စာများကို ကြိုက်နှစ်သက်သူများ၊ ဆရာ့၏ ပညာရှင်ဘဝကို တန်ဖိုးထားသူများက “ဟယ် - အသက် ၈၀ ကျော် ၉၀ နား ကပ်နေမှ ဒီရောဂါဖြစ်ရလေတယ်” ဟု စိတ်မကောင်းစွာပြောကြသည့် မှတ်ချက်စကားများကိုလည်း သူကြားရသည်။ 
 
ဆရာတိုက်စိုး၏ လည်ပင်းဘေးမှ အကြိတ်ကို ၂၀၀၂ ခုနှစ် ဧပြီတွင် ခွဲစိတ်ပြီး၊ ဓာတ်ကင်နေသည့် သတင်းကလည်း စာသမားများကြားတွင် ပျံ့နှံ့နေသည်။သို့ဖြင့် ဗြူတီမဂ္ဂဇင်းက ခြေမြန်လက်မြန် ဆရာ့ကို သွားရောက်မေးမြန်း အင်တာဗျူးသည့် စာများ ၂၀၀၂ ခုနှစ်‌ အောက်တိုဘာလထုတ်တွင် ပါလာသည်။ဆရာတိုက်စိုး၏ “နေရေးကို သေရေးထက် ပိုဦးစားပေးသည်” ဟု ဖြေကြားခြင်းက သူ့အယူအဆနှင့် ကိုက်ညီသည်။
 
ဆရာတိုက်စိုးက “ဗုဒ္ဓဘာသာမှာ ဘုရားထိုးထွင်းသိမြင်သွားတာ Vision ပဲ။ဒါဟာ အနုပညာပဲ - - -“ တဲ့။
 
“ခုနေမှာ ဆရာ ကျန်းမာရေးမကောင်းတော့ဘူးဆိုတော့၊ အလုပ်နဲ့ပတ်သက်တဲ့ ဆရာ့အမြင်တွေ ပြောင်းလဲသွားလား။လုပ်စရာတွေက အများကြီး၊ လုပ်ချင်တာတွေက အများကြီး၊ အဲဒီလိုဖြစ်မနေဘူးလား” ဟူသော အမေးကို၊ ဆရာက -
 
“ဖြစ်တယ်။ဆေးရုံကဆင်းတော့ ပိုတောင်ဖြစ်သေးတယ်။ဒါဟာ ကျွန်တော်ကင်ဆာဖြစ်နေတာကြောင့်တင် မဟုတ်ဘူး။ကျွန်တော် အခု ၈၀ ကျော်နေပြီ။လူတွေ အများအားဖြင့် ၉၀ မရောက်ခင် သေကြတာမဟုတ်လား” ဆိုသော ပွင့်လင်းသည့်အဖြေကို သူကြိုက်သည်။ထို့ပြင် ဆရာက ကျွန်တော့်အယူအဆ၊ နေရေး သေရေး အယူအဆပေါ့။နေရေး၊ သေရေး၊ နေရေးက ပိုအရေးကြီးတယ်။အခု ကျွန်တော့်အသက် ၈၀ ကျော်ပြီ။ကင်ဆာဖြစ်ဖြစ်၊ မဖြစ်ဖြစ် သက်တမ်းနဲ့ပြောရရင် ဒါဟာ The Last Decade (နောက်ဆုံးနေခွင့် ဆယ်စုနှစ်ပဲ)။ဒီကာလမှာ လောဘ၊ ဒေါသ မကုန်ရင် မဖြစ်ဘူး။အနေမှန်ရမယ်။ပြီးရင် ကောင်းကောင်းသေမယ်။နေရတာကို ဘယ်တော့မှ စိတ်ပျက်လက်ပျက်မဖြစ်ဘူး။ကျွန်တော် အက်ဆေးတစ်ပုဒ် ရေးဖူးတယ်။ဘုရားရင်ပြင်တော်ပေါ်က ကော်ဇောခင်းထားတဲ့အပေါ်မှာ ကလေးမလေးတစ်ယောက် လူးလှိမ့်ပြီး ကစားတဲ့အကြောင်း။သူ့ဆီမှာ ဘာမှမရှိဘူး။ကလေးရဲ့ ပင်ကို ပကတိစိတ်နဲ့နေတယ်။ပစ္စုပ္ပန်မှာနေတယ်ဆိုတာ ဒါမျိုးဖြစ်မယ်။”
 
သူလည်း ရှေ့ဆက်၍ မှန်ကန်သောနေခြင်းဖြင့် နေထိုင်ပြီး၊ သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ပြင်မည်ဆိုသော အတွေးပေါ်လာသည်နှင့် တွေဝေသော အတွေးများ ပျောက်သွားသည်။ကျယ်ဝန်းခမ်းနားလှသော သုဝဏ္ဏဘုမ္မိလေဆိပ်ထဲတွင် လေယာဉ် အတက်၊ အဆင်း ကြေညာသံ၊ ခရီးသည်များအား အသိပေးပြောကြားသံများကြား၌ ဥဒဟို ဝင် - ထွက်သွားလာနေကြသည့် များပြားလှသော ခရီးသွားများ။အင်း - ဘဝကရော ဘာထူးလဲ။မွေးဖွားလာသူများ စက္ကန့်မလပ် လောကထဲသို့ ဝင်လာနေကြသည်။တဖန် သေဆုံးသူများ စက္ကန့်မလပ်ရှိနေကြသည်။ဆရာဝန်ဘဝတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကို နေ့စဉ်မြင်ခဲ့ရသည်ပဲ။
 
သူစီးရမည့် လေယာဉ်ခရီးစဉ်က လူခေါ်နေပြီ။သူလေယာဉ်သို့ရောက်ပြီး မကြာမီ လေယာဉ်စထွက်သည်။နောက်တစ်နာရီကျော်ကျော်ကြာလျှင် အမိမြေသို့ သူပြန်ခြေချရပြီ။ဘန်ကောက်မှ ညနေစောင်းအချိန် စထွက်လာသော ထိုင်းလေယာဉ် ရန်ကုန်လေဆိပ်သို့ရောက်ချိန်တွင် မိုးချုပ်စပြုနေပြီ။လေယာဉ်ပေါ်မှဆင်းလာသည်နှင့် အလင်းထဲမှ အမှောင်ထဲ ဝင်လာရသူ၏ ခံစားချက်မျိုး ဗြုန်းခနဲပေါ်လာသည်။အမှောင်ဟူ၍မရှိ နီယွန်မီး အလင်း ရောင်များဖြင့် လင်းလက်နေသည့် ဂျပန်လေဆိပ်နှင့် ထိုင်းလေဆိပ်မှာ နာရီများစွာကြာခဲ့သော သူ့အတွက် မီးမှိန်မှိန် ပတ်ဝန်းကျင်ကြားတွင် ပျားပန်းခပ်သွားလာမှုကင်းလျက်၊ ကြိုကြားဝင်ထွက်သွားလာနေသူတချို့ကို မြင်မှ ရန်ကုန် လေဆိပ်ထဲသို့ ရောက်လာပြီပဲဟု ပြန်သတိကပ်လိုက်ရသည်။မည်သို့ဖြစ်စေ သူလွမ်းရသည့် အမိမြေ။သူချစ် သည့်အမိမြေ။သူချစ်ခင်သူများနှင့် သူ့ကို ချစ်ခင်သူများရှိနေသည့်မြေသို့ သူပြန်ခြေနင်းရပြီ။သူ့စိတ်များ လွတ်လပ်ပေါ့ပါးသွားသည်။
 
နောက်နေ့မှစ၍ မိတ်ဆွေ သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံ စကားပြောခြင်းကို သူစလုပ်သည်။ဂျပန်တွင် နေထိုင်ရစဉ် ၂ လကျော် ၃ လနီးပါးအတွင်း၊ သူလွမ်းတခဲ့ရသည့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို ပထမဆုံးလုပ်သည်။သူက လက်ဖက်ရည်ချိုးဖြစ်၍ ရန်ကုန်တစ်မြို့လုံးတွင် မည်သည့် လက်ဖက်ရည်ဆိုင်လက်ရာက မည်ပုံဆိုသည်ကို ကောင်းကောင်းသိသည်။ချစ်သူခင်သူ သူငယ်ချင်းမိတ်ဆွေများ၊ စာရေးဆရာများနှင့်အတူ လက်ဖက် ရည်ဆိုင်ထိုင်ရသည်ကိုလည်း ပျော်မွေ့နှစ်ခြိုက်သည်။သို့သော် သူ့တွင် ကင်ဆာ၏ ကြီးမားလှသော ရန်သူ အချိုအရသာများသော မုန့်များ၊ အစားများကို မစားမိရန် သတိထားရသည့် အလုပ်တစ်ခု ပိုလာသည်။သူနှစ်ခြိုက်လှသော လက်ဖက်ရည်ကို သကြားမထည့်ဘဲ သောက်ရသည်။
 
သူ ဂျပန်သို့သွားရန် ပြင်ဆင်နေချိန်ကပင် သူ့ဆေးခန်းကို ပိတ်ခဲ့သည်။ယခု ဂျပန်မှ ပြန်ရောက်လာချိန်တွင်လည်း ဆေးခန်းပြန်မဖွင့်တော့ပေ။လူနာဟောင်းများက ဆေးခန်းပြန်ဖွင့်ပါဟုပြောတိုင်း သူရှင်းပြရသည်။ကင်ဆာရောဂါသည်တို့၏ ထုံးစံအတိုင်း၊ သူ့ခန္ဓာတွင် ကင်ဆာဆဲလ်ပြန်ဖြစ်ပေါ်နေ၊ မနေ ၆ လ၊ တစ်ကြိမ် ၅ နှစ်ပြည့် သည်ထိ သူဆေးပြန်စစ်ရမည်။နောက် ၆ လ ဆေးပြန်စစ်ချိန်တွင် အဖြေမည်သို့ထွက်မည် သူအာမ မခံနိုင်ပေ။သူ့တွင် ကင်ဆာဆဲလ် ပြန်တွေ့ပါက ထပ်မံကုသရမည်။သို့ဖြင့် ဆေးခန်းဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်မည်ကို သူမလိုလားပေ။သူ့ကင်ဆာက ပထမအဆင့်ဖြစ်ပြီး၊ စနစ်တကျကုသခံလာသည်ဖြစ်၍ လူကောင်းပကတိနှင့် မခြားပေ။ထို့ကြောင့် သူ့လူနာဟောင်းများနှင့် အသိမိတ်ဆွေများ နာမကျန်းဖြစ်လျှင် သူကြည့်ပေး၊ ကုသပေးခြင်းကိုတော့ ဆက်လက်လုပ်ဆောင်မြဲ လုပ်ဆောင်၏။
 
မသေမီ လုပ်စရာရှိသည်ကို တတ်နိုင်သမျှ လုပ်ဆောင်သွားသော ဆရာတိုက်စိုးကို သူအားကျသည်။အတုယူသည်။သူလည်း လူသားတွေအတွက် (မြန်မာတွေ) ဘာလုပ်ပေးခဲ့နိုင်မည်လဲ။သူ ဘာလုပ်ပေးခဲ့မည်လဲ။ဆေးကုသခြင်း အလုပ်ကို အချိန်ပိုင်း၊ ရက်ခြား လုပ်ပေးနိုင်သည့် အလုပ်ကို သူရွေးချယ်သည်။ကျန်အချိန်များတွင် စာ ဖတ်သည်။စာရေးသည်။ယခု ကျန်းမာရေးနှင့်ပတ်သက်သည့် စာများ၊ အထူးသဖြင့် ကင်ဆာရောဂါနှင့်ပတ်သက်သည့် စာများကို သူပြန်ဖတ်သည်။လေ့လာသည်။ထို့နောက် ဆောင်းပါးများရေး၍ ကျန်းမာရေး (Wellness) မဂ္ဂဇင်းသို့ ပို့သည်။ဒုတိယအနေဖြင့် ဂျပန်ကဲ့သို့ အမှိုက်ကင်းစင်သောနိုင်ငံ မဖြစ်သည့်တိုင်၊ လက်ရှိ ကမ္ဘာ့အခြေအနေကား နိုင်ငံတိုင်း သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်း၍ မဖြစ်သည့်အနေအထားသို့ ရောက်နေကြောင်း လူအများကို ကျယ်ကျယ်ပြန့်ပြန့် သိစေချင်သည်။
 
ရက်သတ္တပတ် တစ်ပတ်တွင် စာရေးဆရာသမဂ္ဂအသင်းဆေးခန်း၌ ၂ ရက်ထိုင်ပေးပြီး၊ ဟံသာဝတီဦးဝင်းတင် ကုသိုလ်ဖြစ်ဆေးခန်းတွင် ၂ ရက်ထိုင်ပေးသည်။သန်လျင်သို့လည်း သူပုံမှန် သွားပြီး လေဖြတ်နေသည့် ကိုအောင်ကြင်ကို ကြည့်ရှုပေးသည်။ကိုအောင်ကြင့် အခြေအနေက တိုးတက်မလာသော်လည်း၊ ကိုအောင်ကြင်က စိတ်ဓာတ်မကျဘဲ အားတင်းထားသည်ကို သူကျေနပ်သည်။စိတ်ဓာတ်မကျခြင်းသည် နာတာရှည်ရောဂါဝေဒနာ ခံစားရသူအတွက် အလွန်အရေးကြီးသည်။ကျန်သည့်အချိန်များကား၊ သူငယ်ချင်းမိတ်ဆွေများနှင့် တွေ့ဆုံချိန်၊ စာဖတ်စာရေးချိန်၊ အနားယူချိန်။သို့သော် ၆ လပြည့်တိုင်း သူ့တွင် ကင်ဆာဆဲလ် ပြန်ပေါ်နေသလား၊ စင်ကာပူသို့ ဆေးသွားစစ်ရသည်။ ၂၀၁၃ တွင် ၂ ကြိမ်၊ ၂၀၁၄ တွင် တစ်ကြိမ်၊ စုစုပေါင်း ဆေးစစ်ပြီးချိန်အထိ သူ့တွင် ကင်ဆာဆဲလ် ပြန်မတွေ့ပေ။
 
သူ တတိယမြောက်ဆေးစစ်ပြီး ၃ လကျော် ၄ လအတွင်း ဝင်လာချိန်၂၀၁၄ အောက်တိုဘာ ၁၄ နေ့ တွင် ကိုအောင်ကြင် ကွယ်လွန်သွားရှာသည်။
 
ကိုအောင်ကြင်ကို သင်္ဂြုဟ်ပြီး၊ ကျန်ရစ်သည့် ကိုအောင်ကြင့် နှမငယ်လေး ၃ ယောက်ကို နှစ်သိမ့်အားပေး၍ သူ ရန်ကုန်သို့ပြန်လာသည်။တိုက်ခန်းကျဉ်းလေးထဲတွင် သူငြိမ်သက်စွာထိုင်နေမိသည်။ကိုအောင်ကြင် လေဖြတ်သွားတုန်းက သူအတွက် ညာလက်ရုန်းပြုတ်သည်ဟု သူခံစားခဲ့ရသည်။ယခု ကိုအောင်ကြင် အပြီးတိုင် ထွက်ခွာသွားပြီ။သူ့ရင်တွင် ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်သည်။သူ့တွင် အဖေတူ အမေကွဲ ညီများရှိသည်။ထို ညီများထက် ပိုမိုခင်တွယ်ရသည့် သူငယ်ချင်း။စိတ်ကောင်းစေတနာ သူ့ထက်သာသည့် သူငယ်ချင်း။သူ၊ ကိုအောင်ကြင်နှင့် မြသွေးရည်တို့ ၃ ယောက်စလုံး မွေးဖွားသည့်ခုနှစ်များ တူကြသည်။လသာခြားကြ၏။ကိုအောင်ကြင်တစ်ယောက် ၅၉ နှစ် အရွယ်ကောင်းစဉ် ကွယ်လွန်ခဲ့ရပြီ။သူ ကင်ဆာ အဆင့်-၁ ဖြစ်နေပြီ သိရစဉ်ကပင်သည် လောက် စိတ်မထိခိုက်ခဲ့။စိတ်အနှောင့်အယှက်ဖြစ်ရုံမျှသာ ခံစားခဲ့ရသည်။ယခုကား ထိထိခိုက်ခိုက်ခံစားရသည်။
 
သူနှစ်သက်သည့် အနောက်နိုင်ငံမှ ဝေလငါးအပျော်ဖမ်းသူများ သုံးကြ စီးကြသည့် မီဂင်ဘုတ်လေးများ ခေါင်းထဲဝင်လာသည်။သူတစ်ခါတရံ ကြည့်တတ်သည့် စွန့်စားခန်းရုပ်ရှင်ကားများထဲတွင် ငါးမန်းနှင့် မီဂင်လှေ သူတစ်ပြန် ငါတစ်ပြန် တိုက်ခိုက်ကြပုံ။နောက်ဆုံး မီဂင်ဘုတ်ကို ဦးစီးသူများက အနိုင်ရပြီး လိုရာ တစ်ဘက်ကမ်းသို့ ကပ်နိုင်ပုံများ မျက်လုံးထဲတွင် ပြန်မြင်လာသည်။ စင်စစ် ပြင်ပတွင် မီဂင်ဘုတ်ကို သူမမြင်ဖူး၊ မမောင်းဖူး၊ မစီးဖူးပါ။ယခု သူ ပင်လယ်ကမ်းစပ်တစ်နေရာရာသို့ ရောက်နေပြီး၊ မီဂင်လှေလေးကိုလှော်ပြီး တစ်ဘက်ကမ်းသို့ ကူးသွားနိုင်မည်ဆိုပါက၊ သူနှစ်သက်လှသည့် ဦးရွှေအောင် ရေးသားသော ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များတွင် ဖတ်ရသည့် မဂ္ဂင် ၈ ပါးကို ကျင့်ကြံနိုင်သူသဖွယ်၊ သံသရာဝဲဩဃမှ လွတ်မြောက်မည်လား။ပကတိငြိမ်းအေးခြင်းကို သူခံစားရမည်လား။
 
ခင်နှင်းဦး