【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၅

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၅

တချို့က သူ့ကို ဘာသာမဲ့ဟု ထင်ကြသည်။ထိုသူများကို သူပြန်ဖြေရှင်းလေ့မရှိပေ။မသိလိုက် မသိဘာသာပင် နေလိုက်သည်။
 
စင်စစ် သူသည် ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားသည့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါသည်။သို့သော် ဆယ်ကျော်သက်ရွယ်မှစ၍ လူအများကို ကူညီချင်စိတ်ရှိသူဖြစ်သည့်တိုင်၊ ဘုရားကျောင်းကန်၊ ဘုန်းကြီးများကိုလှူမှ ကုသိုလ်ရသည်၊ နောင်ဘဝအတွက် ဒါနမျိုးစေ့ပါမည်၊ နောင်ဘဝတွင် လူချမ်းသာ နတ်ချမ်းသာဖြစ်မည်ဟူ သော လောဘအရင်းခံသည့် လှူဒါန်းခြင်းမျိုးကို သူမနှစ်သက်ပေ။
 
လူတွေကို ကူညီရာတွင် တစ်ဖက်သား၏ ဒုက္ခ ဆင်းရဲ လျော့ပါးသက်သာပါစေဟူသော စိတ်မှလွဲ၍ သူ့တွင် တခြားမျှော်ကိုးစိတ် မရှိခဲ့ပေ။ပွင့်တော်မူခဲ့ပြီးသော ဘုရားအဆူဆူသည်ပင်လျှင် လူသားများနှင့်တကွ သတ္တဝါအားလုံးကို ဆင်းရဲခြင်းမှ ကင်းလွတ်စေရန် လမ်းပြလို၍ ဘုရားဆုပန်ခဲ့ကြသူများ၊ ဘုရားအဖြစ်ရရှိရန် ကျင့်ကြံအားထုတ်ခဲ့ကြသူများ ဖြစ်ကြပါသည်။ထို့ကြောင့်အကူအညီလိုအပ်နေသူများကို ကူညီခြင်းသည် ဘုရားလမ်းစဉ်ပင်ဖြစ်၍၊ ဗုဒ္ဓအလိုကျ နေထိုင်နေခြင်းဟု သူခံယူထားသည်။ 
 
ဘုရား၏ ဂုဏ်တော်များကို အာရုံပြု၍ ဘုရားဖူးခြင်းမဟုတ်ဘဲ၊ ကုသိုလ်ရရန်ဟူသော စိတ်ဖြင့် ဘုရားသွား ကျောင်းတက်ခြင်းသည်ပင် လောဘမကင်းဟု သူယူဆ၏။သူ့အနေဖြင့် ဘုရားသွား ကျောင်းတက်လေ့ မရှိသည့်ပြင်၊ အချိန်လည်းမပေးနိုင်ပေ။ဗုဒ္ဓစာပေများကိုတော့ သူဖတ်ရှုလေ့လာပါသည်။ဗုဒ္ဓစာပေများကို ရေးသားနေသူများအနက်၊ ဆရာကြီးဦးရွှေအောင်၊ ဆရာကြီးဦးအေးမောင်၊ ဆရာကြီးဦးသော်ဇင်နှင့် ဆရာပါရဂူတို့ကို သူကြိုက်နှစ်သက်သည်။ဆရာကြီးဦးရွှေအောင် ရေးသည့် စာတချို့ကို တချို့ဘုန်းကြီးများပင် ရေးရန် မလွယ်ဟု သူထင်မြင်သော်လည်း နှုတ်မှ ဖွင့်ဟမပြောပေ။
 
မြန်မာလူ့ဘောင်အတွင်း နေထိုင်သူ ၈၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်က တစ်ကြောင်း။အများစုက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသည်ကတစ်ကြောင်း စသည့် အကြောင်းများကြောင့် ဆရာကြီးဦးရွှေအောင်၏ စာများကို တချို့ရဟန်းတော်များရေးသည့် စာများထက် သူပို၍တန်ဖိုးထား ယုံကြည်လက်ခံကြောင်း လူသိရှင်ကြားမပြောမိရန် သူသတိထား၏။  
 
၂၀၁၆ နှစ်ကုန်၌ ၆ လ တစ်ကြိမ်၊ ၅ နှစ်တိုင်တိုင် ဆေးစစ်ရသည့်လုပ်ငန်း ပြီးစီးသွားပါသည်။သူ့တွင် ကင်ဆာဆဲလ် ပြန်မတွေ့ဟူသော အဖြေရသဖြင့် အလုပ်ပြန်လုပ်ဖို့ စဉ်းစားရသည်။ခင်မင်ရင်းနှီးသည့် အသိ မိတ်ဆွေများနှင့် သားချင်းများက သူ့တွင် ကင်ဆာဆဲလ် ပြန်မတွေ့၍ သူ့ကင်ဆာရောဂါပျောက်ပြီဟု ဝမ်းသာကြသည်။သူကား အထွေထွေရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သော်လည်း သူကိုယ်တိုင် ကင်ဆာရောဂါ ခံစားရပြီးနောက်ပိုင်း ကင်ဆာအကြောင်းကို သူအသေးစိတ် ရှာဖွေဖတ်ရှုသည်။ 
 
“ကင်ဆာမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ကြမလဲ” ခေါင်းစဉ်ဖြင့် သူရေးသည့် ဆောင်းပါးကို ကျန်းမာရေးမဂ္ဂဇင်း  (Wellness) က၊ ၂၀၁၃ စက်တင်ဘာလတွင် ဖော်ပြပေးခဲ့ပါသည်။
 
တကယ်တော့ လူတိုင်း၏ ကိုယ်ခန္ဓာထဲတွင် ကင်ဆာက ရှိနှင့်နေပြီးဖြစ်သည်။အသက်အန္တရာယ်ပြုလာသည့်အဆင့် မရောက်စေရန်၊ ကိုယ်ခံအားက တိုက်ဖျက်ပေးနေ၍သာ၊ ကင်ဆာဝေဒနာသည် ဘဝကို မရောက်ကြခြင်းဖြစ်ပါသည်။သူကား ကင်ဆာ၏ သားကောင်ဖြစ်ခဲ့ရပြီ။ လူအများကို ကင်ဆာမီးမလောင်မီ တားနိုင်ရန် ဤပညာပေးဆောင်းပါးကို ရေးသားဖို့ တိုးတက်ပြောင်းလဲနေသည့်ဆေးပညာများကို ပြန်ဖတ်ရသည်။ပြန်လေ့လာရသည်။အင်တာနက်ခေတ်ဖြစ်၍ ဆေးပညာသာမက၊ ပညာရပ်အဖုံဖုံကို ထိုင်ရာမထ ဆက်လေ့လာနိုင်၍ သူဝမ်း သာမိသည်။သူ့အတွက် ကျန်ရှိသည့် အချိန်လေး မကုန်ဆုံးမီ လူသားများအတွက် တတ်အားသမျှ ဆေးပညာပေးနိုင်ရန်၊ နေ့စဉ် လိုင်းပေါ်တက်၍ သူစာဖတ်ရသည်။
 
သူ့တွင် ကင်ဆာဆဲလ် ပြန်မတွေ့တော့၍ လူကောင်းပြန်ဖြစ်ပြီ၊ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ ဆေးခန်းမှာ ထိုင်ပေးပါဟု သန်းမြင့်အောင်က သူ့ကိုလာခေါ်သည်။ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ ဆေးခန်းတွင် ရံဖန်ရံခါထိုင်ပေးပြီး ခိုလှုံနေကြသည့် ဘိုးဘွားများ၏ ကျန်းမာရေးကို သူကြည့်ရှုပေးပါသည်။ဆေးကုသခံရန် အိမ်ပြင်သို့ မထွက်လာနိုင်တော့သူများ၊ အိပ်ရာထဲလဲနေသူ ဘိုးဘွားများကို တစ်ခါတလေ သူသွားကြည့်ပေး၊ ကုသပေးသော်၏။သို့သော် ဆည်းဆာရိပ်ဘိုးဘွားများနှင့် အိမ်မှထွက်ရန် အခက်အခဲရှိကြသည့် စာရေးဆရာများ၊ သက်ကြီးရွယ်အိုများကို သူကြည့်ရှုပေးချိန်ကား မကြာမြင့်ပေ။ရန်ကုန်တွင် နေရသည်ကို သူငြီးငွေ့လာသည်။သို့ဖြင့် နယ်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သူအလုပ်သွားလုပ်သည်။
 
ပထမ အလုပ် လုပ်သည့် ဆေးရုံလေးက တောင်ပေါ်ဒေသရှိ မြို့ကြီးတစ်မြို့၏ အစွန်အဖျားတွင်ရှိသည်။တောရိပ်တောင်ရိပ်နှင့် အေးမြသော ရာသီဥတုကို သူပြန်တွေ့ကြုံခံစားရသည်။ငယ်စဉ်ကနေခဲ့ရသော မာမီ့ဇာတိ ချောင်းဆုံလို မြေပြန့်ဒေသလည်းမဟုတ်၊ ပင်လယ်နှင့်လည်း မနီးစေကာမူ၊ ရာဇဝင်ထဲက သတို့သမီးဟု ထူးအိမ်သင် တင်စားသီဆိုခဲ့သည့် မြန်မာ့အသက်သွေးကြော ဧရာဝတီမြစ်ကြီးကို ပေါ်ပေါက်လာစေမည့် မြစ်ဆုံကို သူမြင်တွေ့ရသည်။ ဆေးရုံမှ နားရက်များတွင် မြစ်ဆုံသို့ သွားရောက်အပန်းဖြေရသည်ကို သူနှစ်ခြိုက်သည်။ရိုးသားဖြူစင်သည့် သားချင်းတိုင်းရင်းသားများနှင့် နီးနီးကပ်ကပ် နေရသည်ကိုလည်း သူနှစ်သက်သည်။သို့သော် ဆေးရုံဖွင့်ခွင့် ပြဿနာရှိနေ၍ သူဆေးရုံပြောင်းရပြန်သည်။နောက်ဆေးရုံ၌ အလုပ်ပြောင်းရွှေ့လုပ်ကိုင်နေစဉ်၊ တောင်ကြီးတွင် ရောက်နေသည့် သူငယ်ချင်းက လှမ်းဆက်သွယ်သည်။
 
“ခင်ဗျားကို ရန်ကုန်မှာလို့ ထင်နေတာ။နယ်ရောက်နေမှန်း ကျွန်တော်သိတာ မကြာသေးဘူး။တကယ်လို့ ကျန်းမာရေးအတွက် အနားယူချင်တယ်ဆိုရင် ကျွန်တော့်ဆီလာခဲ့ပါ။အိမ်မှာ ကျွန်တော်တစ်ယောက်ထဲပဲရှိတယ်။မိန်းမနဲ့ ကလေးတွေက ရန်ကုန်မှာကျန်ခဲ့တယ်” ဟု ဆေးကျောင်းသားဘဝတွင် သိကျွမ်းခင်မင်ခဲ့သည့် သူငယ်ချင်းတစ်ယောက်က ဖိတ်ခေါ်သည်။သူငယ်ချင်း သွားဆရာဝန်က၊ တောင်ကြီးတွင်နေသဖြင့်၊ ကျန်းမာရေးအတွက်လာ အနားယူပါဟု ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။လက်ရှိ သူလုပ်ကိုင်နေရသည်က သွားကျန်းမာရေးနှင့် လားလားမျှ မပတ်သက်သော အရေးကြီးသည့် အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံ့တာဝန်တစ်ရပ်ဖြစ်ပါသည်။
 
တောင်ကြီးတွင် သွားဆရာဝန် သူငယ်ချင်းနှင့် ခဏသွားနေပြီး သူ ရန်ကုန်သို့ ပြန်လာသည်။စာဖတ်ခြင်းနှင့် စာရေးခြင်းကိုသာ သူလုပ်တော့သည်။ဆေးခန်းမထိုင်တော့ပေ။အွန်လိုင်းပေါ်တွင် ဖတ်ရှုလိုသည်များကို သူရှာဖွေဖတ်ရှုသည်။ထို့နောက် ဖတ်မှတ်ထားသည့် အချက်များကို အခြေခံ၍ ဆေးပညာဆောင်းပါးများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးများရေးသားခြင်းဖြင့် ဘဝကိုဖြတ်သန်းရသည်။
 
ရန်ကုန် ပြန်ရောက်လာချိန်တွင် သူနှင့် လွန်ခဲ့သောနှစ်များစွာကပင် သိကျွမ်းခင်မင်ခဲ့သည့် ကိုသိန်းနိုင်တို့ မိသားစုက၊ သူနေထိုင်ရန် တိုက်ခန်းတစ်ခန်းပေးသည်။ထိုတိုက်ခန်းတွင် သူနှင့် ကိုသိန်းနိုင်၏ ညီ ကိုဇော်ဝင်းတို့ အတူတူနေထိုင်ကြသည်။သူနှင့် ကိုဇော်ဝင်းက ပထမထပ်တွင် နေထိုင်ပြီး၊ ကိုသိန်းနိုင်တို့ မိသားစုက အောက်ထပ် (မြေညီထပ်) ၌ နေထိုင်ကြသည်။ကိုဇော်ဝင်းက အသက် ၅၀ ကျော်၊ လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး၊ ကိုယ်ပိုင် တက္ကစီကားလေးကို မောင်းနှင်သည်။ရန်ကုန် ပြန်ရောက်လာသဖြင့် ယခင်က သူရေးသားခဲ့သည့် ဆောင်းပါးများကို ပြန်စုစည်းသည်။ထို့နောက် ‘ကိန်းဂဏန်းတစ်လုံးနဲ့ ကမ္ဘာပျက်တော့မှာလား နှင့် သဘာဝပတ်ဝန်းကျင် ဆောင်းပါးများ’ ခေါင်းစဉ်ဖြင့် စာအုပ်ကို စိတ်ကူးချိုချိုက ၂၀၁၈ နိုဝင်ဘာလတွင် ထုတ်ဝေပေးခဲ့ပါသည်။ 
 
၂၀၁၈ ဒီဇင်ဘာတွင် ‘ကင်ဆာမဖြစ်အောင်ဘယ်လိုနေထိုင်စားသောက်ကြမလဲ’ နှင့် ‘အိပ်မရညများ’၊ ၂၀၁၉ ဇန်နဝါရီတွင် ‘ဘာကြောင့်အမျိုးသားတွေ အသက်တိုကြတာလဲ’ နှင့် ‘အစားအစာ ဆေးဝါးဆိုင်ရာ ကျန်းမာရေးစာစု’ စာအုပ်နှစ်အုပ်ကို စိတ်ကူးချိုချိုကပင် ဆက်ထုတ်ပေးခဲ့ပါသည်။
 
စိတ်ကူးချိုချိုက ထုတ်ဝေပေးသည့် စာအုပ်လေးများကို သူကိုင်တွယ်ကြည့်ရှုရင်း၊ သူလျှောက်ခဲ့သော စာပေခရီးကို ပြန်သတိရလာသည်။ပထမဆုံး ပုံနှိပ်စာလုံးဖြင့် ဖော်ပြခံရသည့် စာမူမှာ “အင်တီအောက်ဆီဒင့်နှင့် ဗီ တာမင်များ၏ အန္တရာယ်” ဆောင်းပါးဖြစ်၏။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလထုတ် Wellness မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသည်။
 
ဆရာဝန်လေးတင်၊ ဆေးလောကသားတစ်ဦး၊ ဒဿနိကဗေဒကျောင်းသားတစ်ဦး၊ ပညာသဘော စောကြောသူတစ်ဦး၊ သဘာဝပတ်ဝန်းကျင်လေ့လာသူတစ်ဦး စသည့် ကလောင်ကွဲများဖြင့် စာများ ဆက်ရေးဖြစ်ခဲ့သည်။ ၂၀၁၈-၂၀၁၉ တွင် ထိုဆောင်းပါးများကို စုပေါင်း၍ လုံးချင်းထုတ်သည့်အခါ ဆရာဝန်လေးတင် ကလောင် နာမည်ဖြင့်သာ ထုတ်ဝေခဲ့သည်။သို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လာသည်။
 
၂၀၂၁ တွင် သူ့လည်ချောင်း အသံအိုး၌ ကင်ဆာဆဲလ် ပြန်တွေ့လေပြီ။ကင်ဆာ၏ သဘောသဘာဝကို သိနေသည့် ဆရာဝန်တစ်ဦးအနေဖြင့် ထူးမတုန်လှုပ်သော်လည်း၊ ထွက်လာသည့် ဆေးစစ်ချက်က အဆင့်-၄ (ကင်ဆာ နောက်ဆုံးအဆင့်)။ ၂၀၁၂ တွင် အဆင့်-၁ ဖြင့် စတင်ခဲ့သည့် ကင်ဆာကို ၂ လကျော်ကျော် ကုသမှုခံယူခဲ့သည်။ ၅ နှစ်ဆက်တိုက် ဆေးစစ်ချက်ရလဒ်များ ကောင်းမွန်ခဲ့သည်။ ၂၀၁၂ တွင် အဆင့်-၁ ဖြင့် စခဲ့သော ကင်ဆာသည် ခေတ္တငုပ်လျှိုးကွယ်ပျောက်ဟန်ပြပြီး ယခု ၂၀၂၁ တွင် ကိုယ်ထင်ပြန်ပြလေပြီ။ဆယ်စုနှစ် တစ်စုကြာမျှ ကင်ဆာကို ပွေ့ဖက်၍ သူနေထိုင်ခဲ့ရပါတကား။
 
ထိုစဉ် သူ့ထက် ၁၀ နှစ်ကျော်ငယ်ပြီး လက်ရှိ သူနှင့်အတူနေထိုင်နေသည့် ကိုဇော်ဝင်းခမျာ ၄ နာရီအတွင်း ရုတ်တရက်ဆုံးပါးသွားရှာပါသည်။သူ့ရှေ့မှာပင် မခံမရပ်နိုင်အောင် ကိုဇော်ဝင်း ရင်ဘတ်အောင့်လာသည်ဆို၍၊ သျှင်ပါကူဆေးရုံသို့ ချက်ခြင်း သူလိုက်ပို့သည်။ဆေးရုံတွင် ဆရာဝန်များက ကိုဇော်ဝင်း၏ အသက်ကို ကယ်ရန် ကြိုးစားကြသည်။သို့သော် နာရီပိုင်းအချိန်လေးအတွင်း သူ့မျက်မှောက်မှာပင် ကိုဇော်ဝင်း ကွယ်လွန်ခဲ့သည်။ကိုဇော်ဝင်း ဝေဒနာ စတင်ခံစားရချိန်မှ ဆုံးပါးချိန်ထိ ၄ နာရီခန့်သာ ကြာမြင့်သည်။ကိုဇော်ဝင်း ခံစားသွားရသည့် နှလုံးရောဂါအကြောင်းကို ယူကျုတွင် သူရှာဖွေကြည့်ရာ Aotic Aneurysm rupture နှလုံးရောဂါ။ဤနှလုံးရောဂါကို ကမ္ဘာ့ဆေးပညာရှင်များပင် သိရှိသည်မှာ မကြာသေးဟူသော အဖြေကို သူရသည်။သာမန်လူများ နားလည်စေရန် အကျဉ်းချုပ် ပြောပြရလျှင် ကိုဇော်ဝင်း၏ ပင်မသွေးလွှတ်ကြီး၏ နံရံမှ သွေးများ ယိုစိမ့်ထွက်လာပြီး၊ ထိုသွေးများသည် ရင်ဘတ်ပိုင်းသို့ စီးဆင်း သွားကာ၊ သွေးယိုစိမ့်မှုအရှိန်ကြောင့် နှလုံးပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားခြင်းဖြစ်သည်။ကိုဇော်ဝင်းဆုံးသည့် နေ့ကား ၁၉.၁၂.၂၀၂၁။
 
၁၂၊ ၂၁ စသော ဂဏန်းများက ငယ်သူငယ်ချင်းမောင်မောင်တီကို ဖျပ်ခနဲ သတိရမိစေပါသည်။သူတို့ ချစ်စနိုးဖြင့် အတီဟုခေါ်ကြသည့် သင်္ချာဆရာသည် တွေ့သမျှ လူများ၏ မွေးနေ့ကို မေးကာ၊ ဂဏန်းဗေဒင်ကို လျှပ်တစ်ပြက် စိတ်တွက်တွက်ပြီး၊ နှုတ်ဖြင့်ပင် ဟောစတမ်းထုတ်လေ့ရှိသည်။သူကင်ဆာ စဖြစ်သည့်နှစ် - ၂၀၁၂။ ကင်ဆာဆဲလ် ပြန်တွေ့သည့်နှစ် - ၂၀၂၁။ ၂၀၂၁ ခုနှစ် ၁၂ လပိုင်း ၁၉ ရက်နေ့ တွင် သူ့ရှေ့မှာပင် ကိုဇော်ဝင်း ရုတ်တရက် ကွယ်လွန်သွားသည်။အတီ ယုံကြည်သည့် ဂဏန်းများသည် ဘဝနှင့် မည်သို့ပတ်သက်ကြလေသနည်း။ရှင်ခြင်းနှင့် သေခြင်းကြားတွင် အလွှာပါးလေးသာခြားသည်ဆိုသော ဆရာမကြည်အေး၏ ဒဿနကို ပြန်သတိရလာသည်။တစ်ဖန် သူမြင်လိုက်ရသည့် ရောဂါကျွမ်းသူတစ်ယောက်၏ သေခြင်းတရားကိုလည်း ပြန်သတိရလာသည်။
 
စနေဝိုင်း ပုံမှန်ဝိုင်းဖြစ်စဉ်က၊ အစအစတို့၏ စာပေ စနေဝိုင်းသို့ တစ်ရက်တွင် ကိုစစ်တင် ရောက်လာသည်။ကိုစစ်တင် မည်သည့်စာပေများရေးသားသနည်း သူ သေသေချာချာ မသိသော်လည်း၊ ကိုစစ်တင်သည် စာအတော် ဖတ်ပြီး၊ စာပေလောကမှ လူအများစုနှင့် သိကျွမ်းသူဖြစ်ပါသည်။ကိုစစ်တင်က ကိုစိမ်းခေါင်အခြေအနေဆိုးနေတယ်။ဆရာလေး လိုက်ကြည့်ပေးပါတဲ့။သူလိုက်ကြည့်ပေးရာ ကိုစိမ်းခေါင် ရောဂါတော်တော် ကျွမ်းနေပြီဖြစ်ကြောင်း သူတွေ့ရသည်။ကိုစိမ်းခေါင်အတွက် သင့်တော်သည့် ဆေးဝါးတချို့ သူပေးခဲ့သော်လည်း၊ နောက်နေ့မှာပင် ကိုစိမ်းခေါင် ကွယ်လွန်သွားသည်။
 
သူကား ကင်ဆာရောဂါဖြစ်ခဲ့သည်မှာ ၁၀ နှစ်ကျော်လာလျက်၊ ကင်ဆာပြန်တွေ့ပြီဆိုသည့်တိုင် ရှင်နေသေးသည်။အင်း - မည်သို့ဖြစ်စေ၊ တစ်နေ့တော့ လူတိုင်း သည်လမ်းပါပဲ။
 
ခင်နှင်းဦး