【 ဆောင်းပါး 】 မောရစ်ကောလစ်၏ ယိုးဒယားဝှိုက် (၁)

【 ဆောင်းပါး 】 မောရစ်ကောလစ်၏ ယိုးဒယားဝှိုက် (၁)

စာအုပ်အမည်လေးက စိတ်ဝင်စားဖွယ်ရာ ဒီအမည်ကို ဘယ်မှာဖတ်ဖူး သိဖူးပါလိမ့် ဆက်နွယ်ရာတစ်ခုကို စဉ်းစားမိလိုက်သည်၊ အခြားသူမဟုတ် ဆရာမြသန်းတင့်၏ ခရီးသွားအမှတ်တရဆောင်းပါးမှာ တွေ့လိုက်ရခြင်းဖြစ်သည်။

ဆရာမြသန်းတင့်သည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ကျရုံမဟုတ် ကျွန်းအထိ ကျဖူးခဲ့သည်။ ၁၉၇၀ ခုနှစ်အလွန် ကာလအတွင်းမှာ ကျွန်းမှလွတ်လာ၏။စာပေရေးသားခြင်းကို တစိုက်မတ်မတ်လုပ်ခဲ့သည်။

၁၉၇၄/ ၇၅ မဆလဟုခေါ်ကြသော ဗိုလ်နေဝင်း၏ အာဏာရှင်ကာလများတွင် ပြည်သူလူထုမှာ အတော်ပင်ကျပ်တည်းကာ ဆင်းရဲတွင်းထဲကျနေကြသည်။ကျနော်တို့အရွယ်ရောက်စ လွန်ခဲ့သော နှစ် (၅၀) ကျော်ကာလ ၁၉၆၀ ကျော် ၇၀ ကာလများတွင် လူထုအမှန်တကယ်လိုအပ်နေသော အခြေခံပစ္စည်း (ဆန်၊ ဆီ၊ ဆေး၊ ဆား၊ သကြား/အထည်အလိပ်ဘက်မှာလည်း ဇင်ပြာနှင့် မာလကျင်ခေါ် ကလေးအနှီးပိတ်) မျှ မလောက်ငှ မရနိုင်ဖြစ်နေကြသည်။မှောင်ခိုခေတ်ဆိုတာကြီးလည်း ဖြစ်ပေါ်လာသည်။ဆရာမြသန်းတင့် ခရီးထွက်ခဲ့သည်မှာ ၎င်းကာလဖြစ်၏။စာရေးဆရာသည် သူတွေ့ကြုံခဲ့ဖြတ်သန်းခဲ့ရသော ဖြတ်သန်းနေရဆဲဖြစ်သော ခေတ်ပြိုင်ကာလကိုမှတ်တမ်းတင်သည် ထိုမှတ်တမ်းကို ခေတ်ကိုသိချင်သူများကဖတ်ကြသည်။နာမည်လေးက ဘာတဲ့ ---

“ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဘေးနှင့် အီကွေတာညများ”

မှောင်ခိုစီးပွားရေးလောကကြီး ဖြစ်ပေါ်ကြီးထွားရာ မော်လမြိုင်၊ မြဝတီနှင့် ရေး၊ ဘိတ်၊ ထားဝယ်ဘက်ကို ခရီးထွက်ရာမှ ခရီးသွားဆောင်းပါးတစ်အုပ် ရေးထုတ်ကာ ပြည်သူကို တင်ပြလာသည်။စာဖတ်သူပြည်သူများ မည်သို့သုံးသပ်ကြမည်နည်း။ဗိုလ်နေဝင်း၏ ဘယ်တော့အကောင်အထည်ပေါ်မည်မသိရသော (ယခုအထိလည်း အကောင်အထည်မပေါ်သော) မဆလခေတ်ကြီးကို မှောင်ခိုလောကကြီးက စိန်ခေါ်လာခဲ့ပြီ။

ဆရာမြသည် ရောက်ရာ တွေ့ရှိရာကို မှတ်တမ်းတင်ခဲ့သည်၊ မော်လမြိုင်ဘက် ဒိုင်းဝန်ကွင်းဘက်တွင် ဈေးတန်းကြီးက ဟီးထနေပါသည်။တစ်ဖက်နိုင်ငံက နယ်စပ်ဈေးကြီးသည် တရားမဝင်ဈေးကြီးမှ ဟုတ်ပါသလောဟု မေးခွန်းထုတ်ချင်စရာ၊ ၎င်းဈေးကြီးနှင့် မနီးရိုးဆွဲ၌ရှိသော ဈေးကြီးတစ်ခုသည် ရန်ကုန်မြို့ လူစည်ကားရာ ရွှေတိဂုံဘုရားလမ်းနှင့် အနော်ရထာလမ်းထိပ်တွင် “လေဟာပြင်ဈေး” အမည်ဖြင့် မှောင်ခိုပစ္စည်းများကို တရားဝင်ဈေးကြီးအလား ရောင်းချနေ၏၊မော်လမြိင်နှင့် လေဟာပြင်ဈေးမှာ မဖမ်းပါ။အဲဒီမော်လမြိုင်ရထားပေါ်မှာဖြင့် မှောင်ခိုပစ္စည်းဆို၍ ဖမ်းသည်၊ ပစ္စည်းသိမ်းသည်။မဆလခေတ်မှာ အဲသလို နားလည်ရခက်သော နားမလည်နိုင်သော ရှင်းမပြနိုင်သော အကြောင်းရပ်တွေ အတော်များပါသည်။

ကျနော်တို့ ဝတ်ဆင်ထားသော အထည်အလိပ်၊ စွပ်ကျယ်၊ အင်္ကျီပုဆိုးများသည် ထိုင်းပစ္စည်းများချည်းသာဖြစ်ပါသည်။မိန်းကလေးများလည်း ဤသို့ပင်ဖြစ်ပါသည်။ကိုင်း ယိုးဒယားပစ္စည်းတွေ အကုန်ချွတ်ချပါဆိုလျှင် ကျားရောမပါ ဝစ်လစ်စလစ်ဖြစ်သွားဖို့သာရှိပါသည်။

ဆရာမြသည် စာရေးဆရာများနှင့် စာပေဟောပြောပွဲထွက်ရင်း မော်လမြိုင်၊ရေး၊ ဘိတ် (မြိတ်)၊ ထားဝယ်ဘက်သို့ ရောက်သွားသည်။၎င်းဘိတ်မှာ စာရေးဆရာလည်းဖြစ် အင်္ဂလိပ်ခေတ်အရေးပိုင်လည်းဖြစ်ခဲ့ဖူးသော မောရစ်ကောလစ် အမှုထမ်းသွားဖူးသည်။ကျနော်သည်လည်း မကြာလှသေးသော နှစ်နှစ်သုံးနှစ်ခန့်က စာရေးဆရာသမဂ္ဂအဖွဲ့များနှင့်အတူ စည်းရုံးရေးခရီးထွက်ရင်း မောရစ်ကောလစ် အမှုထမ်းခဲ့ဖူးရာ ရုံးအဆောက်အအုံရှိရာသို့ ဝင်ကြည့်ခဲ့သေးသည်။ထိန်းသိမ်းပေးထားသည်ကို ကျေးဇူးတင်ရပါသည်။ဆရာမြ၏ ခရီးသွားအရေးအဖွဲ့ထဲမှာ “မေရီပိုဘေး” ဆိုသော အင်္ဂလိပ်အမျိုးသမီး၏ နာမည်ကို ဦးစွာကြားဖူးရသည်။ဆရာမြသည်လည်း ၎င်းအမည်ကို မောရစ်ကောလစ် ရေးဖွဲ့သော အဖြစ်မှန် “ယိုးဒယားဝှိုက်” ဝတ္ထုကို ဖတ်ဖူးခဲ့၍ဖြစ်၏။ဂျေအက်ဖာနီဘယ်သည် တစ်နေ့သ၌ ထားဝယ်မြို့ လမ်းမအတိုင်း လျှောက်လာရာ ဒိုဘီကုလားတစ်ယောက်သည် အိန္ဒိယမှာကဲ့သို့ အင်္ဂတေကျောက်ပြားပေါ်တွင် အဝတ်များကို တဘုန်းဘုန်းဖြင့် လွှဲရိုက်ကာ အဝတ်လျှော်နေသည်။ကျောက်ပြားကို ကြည့်မိရာ နာမည်ရေးထိုးထားသည်ကို စိတ်ဝင်စားဖွယ်ရာ တွေ့လိုက်ရသည်။

                   RE LYETH --T---
                   BODY OF  MA-----
                   SAM---WHI---
                   THAILIF-----
                   O, DONI       1682
                   ERGO   RESURGAM             

၎င်းကျောက်ပြားကို “ဂျေအက်ဖ်ဖာနီဘယ်” က သိမ်းယူလိုက်ပြီး သင်္ဘာဆိပ်ဟောင်း သစ်ပင်ကြီးတစ်ပင်အောက်တွင် စိုက်ထူစေလိုက်သည်။ဖာနီဘယ်သည် ၎င်းကျောက်ပြားကို ၁၉၁၇ ခုနှစ်တွင် တွေ့ရှိရခြင်းဖြစ်၏။ဆက်၍လေ့လာရာ သင်္ချိုင်းကျောက်ပြားစာမှာ ယိုးဒယားဝှိုက် (ခေါ်) ဆင်မြူရယ်ဝှိုက်ရဲ့ ချစ်ဇနီး “မေရီပိုဘေး” ဖြစ်ပြီး သမီးမေရီကို မွေးဖွားပြီးနောက် ကွယ်လွန်သွားခဲ့ကြောင်း သိရ၏။တိုက်တိုက်ဆိုင်ဆိုင် စာပေမြတ်နိုးသော အင်္ဂလိပ်လူကြီးလူကောင်းက ဒိုဘီအဝတ်လျှော်သော သင်္ချိုင်းကျောက်ပြားကိုတွေ့သည် အသိအမှတ်ပြုကာ သင့်ရာတွင် ပြန်လည်စိုက်ထူလိုက်သည်။

သေချာသော အမှတ်အသားက (၁၆၈၂) ခုနှစ်ဖြစ်သည်။တွေ့ရှိချိန်ကနေတွက်သော် နှစ်ရာစု၊ နှစ် (၂၀၀) ကျော်လွန်ခဲ့လေပြီ။ ၁၆ ရာစုဆိုသည်မှာ အိန္ဒိယသမုဒ္ဒရာတွင် အာရပ်မဟာမေဒင်များ ဥရောပက စပိန်၊ပေါ်တူဂီ၊ ဒတ်ခ်ျ၊ အင်္ဂလိပ်၊ ပြင်သစ် စသော ကုမ္ပဏီများနှင့် ပင်လယ်ဓါးပြများ ဆိုးသွမ်းဆဲ အပြိုင်အဆိုင် အနိုင်ကြဲနေကြသောကာလဖြစ်၏။

မေရီပိုဘေးဆိုသော အနောက်တိုင်းသူ မိန်းကလေးသည် ဝေးလံလှသော မြန်မာနိုင်ငံမှ ဘိတ် (မြိတ်) ဆိုသော မထင်မရှားမြို့ကလေးကို အဘယ်နည်းဖြင့် ရောက်ရှိလာ၍ ကွယ်လွန်ရသနည်း။

စာရေးဆရာ မောရစ်ကောလစ်သည် စိတ်ဝင်စားသွားသည်။မောရစ်ကောလစ်သည် (၁၉) ခုနှစ်တွင် မြန်မာနိုင်ငံတွင် အမှုထမ်းရန် ရောက်ရှိလာပြီး ဦးစွာ စစ်ကိုင်းအရေးပိုင်အဖြစ် အမှုထမ်းရသည်။သူသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် စာရေးဆရာဖြစ်ရမည်ဟု အမြဲအားခဲထားသောသူဖြစ်သည်။သို့ရာတွင် အရေးပိုင်ဘဝမှာ အလုပ်တွေရှုပ်ရ၏သူ့မှာ မျှတသော စိတ်ရင်းမှန်ရှိသည်ကို ရန်ကုန်အရေးပိုင်ဘဝတွင် တရားစီရင်ရသောအခါ ထင်ထင်ရှားရှားတွေ့ရသည်။သူသည် အခြားအရာရှိများကဲ့သို့ အထက်စီးကမနေ မှန်ရာကို လုပ်တတ် ပြောတတ်သဖြင့် မျက်နှာဖြူများကြားဝယ် သင်းကွဲဖြစ်ခဲ့သည်။ထို့ကြောင့် ဘိတ်ကိုပို့လိုက်သည်။ဘိတ်တွင် “မေရီပိုဘေ” အကြောင်း လေ့လာဖြစ်သည်။

ပင်စင်ယူပြီးသောအခါဝယ် အိန္ဒိယနှင့် အင်္ဂလန်တွင်ရှိသော မော်ကွန်းတိုက်များတွင် “ယိုးဒယားဝှိုက်” ၏ မှတ်တမ်းများကို ခက်ရာခက်ဆစ် ရှာဖွေတော့သည်။အဖြစ်မှန် အတ္ထုပတ္တိရေးနိုင်ရန် လုံလောက်စွာရရှိလေပြီဟု ယုံကြည်သောအခါ ယိုးဒယားဝှိုက် (ခေါ်) ဆင်မြူရယ်ဝှိုက်အကြောင်း ထုပ္ပတ်ကို စတင်ရေးတော့သည်။

၁၆ ရာစု ၁၇ ရာစုမတိုင်မှီက အိန္ဒိယသမုဒ္ဒရာမှာ ကျင်လည်သော အာရေဗျသား မဟာမေဒင်များသည် ဟင်းခတ်အမွေးအကြိုင်များကို အရှေ့အိန္ဒိယကဝယ်၍ ဥရောပတွင်ရောင်းချပြီး ကြီးပွားချမ်းသာနေကြသည်။ဥရောပသားများမှာ မျက်စိကျသော်လည်း လမ်းပန်းမသိဖြစ်နေကြသည်။အမေရိကတိုက်ကို တွေ့ရှိခြင်းသည်ပင် အရှေ့အိန္ဒိယကို လမ်းကြောင်းရှာရာမှ ရောက်ရှိခြင်းဖြစ်လေသည်။မဟာမေဒင်များသည် အရှေ့တစ်လွှားနိုင်ငံများကို နှစ်ရာနှင့်ချီ၍ စိုးမိုးထားခဲ့သည်။

ပထမဆုံး အာဖရိကတိုက်ကြီးကိုပတ်၍ “ဂွတ်ဟုတ်အငူ” ကို ကွေ့ပတ်ကာ အရှေ့တိုင်းသို့ လမ်းသိသွားသော စပိန်နှင့် ပေါ်တူဂီတို့သည် နယ်မြေစိုးမိုးမှုအတွက် ပုပ်ရဟန်းမင်းထံ မကြာခဏတိုင်တောကြလေရာ ရဟန်းမင်းမှာ ခေါင်းနောက်လှသဖြင့် စပိန်က ကမ္ဘာ့အနောက်ခြမ်း၊ ပေါ်တူဂီက ကမ္ဘာ့အရှေ့ခြမ်းယူစေဟု အမိန့်ချမှတ်ထား၏။ပေါ်တူဂီတို့သည် ဥရောပသားများအနက်မှ အရှေ့အိန္ဒိယတစ်လွှားကို ဦးစွာရောက်ရှိ၍ ကုန်သွယ်သည် ရောင်းဝယ်သည်။အခြေအနေပေးလျှင် ဓါးပြတိုက်သည်။လက်နက်ရောင်းသည်။ကြေးစားစစ်မှုထမ်းသည်။ဥရောပတွင် လူနေထိုင်ရန် နေရာကြပ်သဖြင့် သူတို့အစိုးရများကလည်း ထွက်သွားရန် ရေမြေသစ်ရှာရန် အားပေးသည်။သူတို့သည် ပင်လယ်ကမ်းရိုးတန်းဖြစ်သော အိန္ဒိယ၊ ရခိုင်၊ ဘိတ်၊ တနင်္သာရီ၊ စူမတြား ဂျာဗားသို့ ဦးစွာရောက်ကြ၏။အကြမ်းအားဖြင့် ကမ္ဘာကြီးပေါ်ရှိ လောဘသားများသည် အာဖရိကကိုပတ်၍ အရှေ့အိန္ဒိယသို့ မဟာမေဒင်များနည်းတူ လမ်းသိသွားသောအခါ ကမ္ဘာကြီး ဒိုးယိုပေါက်ပွင့်သွားသည်။

ပေါ်တူဂီ၊ စပိန်တို့က ရှေ့ကသွား၍ အင်္ဂလိပ်၊ပြင်သစ်တို့ နောက်ကလိုက်ကြသည်။ဤသို့သော ကမ္ဘာ့အခင်းအကျင်းတွင် စာရေးဆရာ မောရစ် ကောလစ်၏ ဇာတ်လိုက်ကျော် ယိုးဒယားဝှိုက် (ခေါ်) ဆင်မြူရယ်ဝှိုက်မှာ အင်္ဂလန်၊ လန်ဒန်မှနေ အိန္ဒိယ၊ မဒရပ်သို့ ရောက်ရှိလာခဲ့၏။

(ခေတ်ပြိုင် မြန်မာနိုင်ငံတွင် (၁၆၁၉) ခုနှစ်ကာလ၌ အနောက်ဘက်လွန် မင်းတြားကြီး စိုးစံလျက်ရှိ၏။မဒရပ်ရှိ အရှေ့အိန္ဒိယကုမ္ပဏီမှ သံစေသည်ဟုလာ၏။အကြောင်းမှာ ဇင်းမယ်ကို တိုက်စဉ်က သုံ့အဖြစ်ဖမ်းထားသောသော မတ်ဆင်မြူရယ်လည်း ကွယ်လွန်သွားပြီဖြစ်၍ ၎င်းပိုင်ပစ္စည်းများ ပြန်လိုချင်သော အကြောင်းကြောင့်ဖြစ်၏။မင်းတြားကြီးက အင်္ဂလိပ်တို့ လာရောက်ရောင်းဝယ် ဖောက်ကားစေလိုကြောင်း စာရေး၍ ပေးလိုက်သည်ဟု ဦးဘသန်း (ဘီအေ) ၏ ရာဇဝင်တွင် ဖော်ပြသည်၊ မြန်မာနိုင်ငံသည် တိုင်းခြားတို့မျက်စိကျရန် မရှိသေးကြောင်း တွေ့ရသည်။)

ယိုးဒယားဝှိုက်သည်  ရိုးရိုးသားသား ကောင်းကောင်းမွန်မွန်  နေထိုင်လုပ်ကိုင်ရန် တင့်တောင်းတင့်တယ် ဘဝတစ်ခုတည်ဆောက်ရန် ရည်ရွယ်ရိုးမှန်သည်ဟု ကျနော်ထင်ပါသည်၊ ကုန်လုပ်ဆက်ဆံရေးအနေဖြင့်ကြည့်သော် ကမ္ဘာကြီးမှာ အရင်းရှင်စနစ်သို့ ကြမ်းတမ်းစွာ ကူးပြောင်းနေဆဲကာလဖြစ်၏။ထိုအချိန်ဝယ် အယုဒ္ဓယနိုင်ငံနှင့် ဘုရင် “ဖရာနရိမ်” သည် ထိုစဉ်ကပင် အလွန်တိုးတက်ချမ်းသာချင်နေကြောင်း တွေ့ရ၏။

လင်းထင်