【 ဆောင်းပါး 】 မောရှမ်းမြေတောင်ကြီးနှင့် တရုတ်ခရီးသွားများ

【 ဆောင်းပါး 】 မောရှမ်းမြေတောင်ကြီးနှင့် တရုတ်ခရီးသွားများ

ပအိုဝ်း၊ ဗမာ၊ ပလောင်၊ ရှမ်း၊ အင်းသား၊ ဓနု၊ တောင်ရိုးလူမျိုးတို့အပါအဝင် တရုတ်၊ မူဆလင်နှင့် ဂေါ်ရခါးလူမျိုးများလည်း နေထိုင်ကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သည် ရောင်စုံအလှတရားများနှင့် ပြည့်စုံနေသော မြို့ကြီးဖြစ်သည်။

တောင်ကြီးမြို့ခံအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် မြင်တွေ့ရသကဲ့သို့ တရုတ်ဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗလီများ အစရှိသည့် ကိုးကွယ်ရာ ဘာသာအသီးသီး၏ ဘာသာရေးအဆောက်အအုံများဖြင့် ခမ်းနားလှပနေသည်။

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ရာသီဥတုအေးချမ်း၍ ပြည်ပခရီးသွားဧည့်သည်များအတွက် သွားလာလည်ပတ်စရာ စုံလင်နေသော မြို့လေးဖြစ်သည်။ရှမ်းရိုးမ၏တောင်ပေါ်တွင် တည်ရှိသော တောင်ကြီးမြို့တွင် ယခုအခါ ဒီဇင်ဘာ၏ အေးမြခြင်းကို ခပ်ပြင်းပြင်း ထိတွေ့ခံစားနေရပြီဖြစ်သည်။ ဒီဇင်ဘာလလယ်တွင် စ၍ပွင့်သော ချယ်ရီပန်းများ၏ အလှတရားအောက်တွင် တောင်ကြီးမြို့သည် ပို၍လှပနေသည်။တောင်ကြီးမြို့၏ အထင်ကရပွဲတော်ကြီးဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီး တစ်နှစ်ကာလပြီးဆုံးခဲ့ပြီ။ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည်။

ကိုဗစ်မတိုင်မီကာလများက တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်ကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့အပါအဝင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များက တကူးတက လာရောက်လေ့လာ ဆင်နွှဲကြသော ပွဲတော်ကြီးဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ အနီးဝန်းကျင်၌ ကျင်းပသော ရိုးရာပွဲတော်တစ်ခုဖြစ်သည်။မီးပုံများကို ပုံစံအမျိုးမျိုးဖြင့် တီထွင်ပြုလုပ်ကြပြီး ၎င်းတွင် မီးရှူးမီးပန်းများနှင့် မီးတိုင်များ ထွန်းညှိကာ ကောင်းကင်သို့ လွှတ်တင်၍ မြတ်စွာဘုရားကို ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

တာဝတိံသာနတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံပျံလွှတ်တင်ပူဇော်ခြင်းနှင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်း တည်ထားကိုးကွယ်သော စူဠာမဏိစေတီတော်အား  ရည်စူး၍ မီးပုံးပျံဖြင့် ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

ရိုးရာ မီးပုံးပျံလွှတ်တင် ပူဇော်သည့် ပွဲတော်ကြီးမှာ နှစ်ပေါင်း ၈၀  ကျော်လာခဲ့ပြီဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်သို့ ဆောင်နှင်းမည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။မီးပုံးပျံလွှတ်တင်သည့် ပွဲတော်များကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများတွင်လည်း ပုံစံအမျိုးမျိုးဖြင့် ကျင်းပကြသော်လည်း ရိုးရာအမွေအနှစ်တစ်ခုအနေဖြင့် ကျင်းပခြင်း မရှိပေ။ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများတွင် မီးပုံးပျံများ၌ လူများဝင်စီး၍ ရှုခင်းများကို လှည့်လည်ကြည့်ရှုလေ့လာသော အစီအစဉ်များဖြင့် ကျင်းပသည့် ပွဲတော်များဖြစ်သည်။

ထင်ရှားသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်သည့် ပွဲတော်ကဲ့သို့ အခြားနိုင်ငံများတွင်လည်း  ထင်ရှားသော ရိုးရာမီးပုံးပွဲတော်များရှိသည်။ရိုးရာမီးပုံပွဲတော်များတွင် နိုင်ငံတကာ၌ အထင်ရှားဆုံးဖြစ်သော တရုတ်ရိုးရာ မီးပုံးပွဲတော်ရှိပါသည်။၎င်းပွဲတော်ကို စန့်ယွမ်ပွဲတော်ဟုလည်း ခေါ်ဆိုကြပြီး တရုတ်နှစ်သစ်ကူးပြီး ၁၅ ရက်အကြာတွင် ကျင်းပလေ့ရှိသော ပွဲတော်မျိုးဖြစ်သည်။ ၎င်းပွဲတော်သည် ဟန်မင်းဆက်လက်ထက်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ယခုအခါတွင် နှစ်သစ်ကူးပွဲတော်တစ်ခုအနေဖြင့် တရုတ်ပြည်တွင်သာမက ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အစရှိသည့် နိုင်ငံများတွင်လည်း ခမ်းနားစွာ ကျင်းပကြသည်။အမေရိကန်၊ အင်္ဂလန်နိုင်ငံများတွင်လည်း ခမ်းနားထည်ဝါစွာ ကျင်းပကြသည်။

မီးပုံးများကို ရာသီခွင်အလိုက် တိရစ္ဆာန်အကောင်ပုံစံ မီးပုံးများ၊ မီးပုံးအိမ်ကြီးများ၊မီးပုံးနန်းတော်ကြီးများ စသဖြင့် မီးပုံးပုံသဏ္ဍန်အမျိုးမျိုး ပြုလုပ်ကြသည်။ မီးပုံးပွဲတော်သည် ကံကောင်းခြင်း၏ အတိတ်နိမိတ်ဖြစ်ပြီး ကံကောင်းခြင်းများကို ယူဆောင်လာပေးနိုင်ဟု အယူအဆဖြင့် ဆုတောင်းကြသည်။

ဤသို့ဖြင့်ပင် လူမျိုးတိုင်းတွင် မတူညီသော ယဉ်ကျေးမှုများစွာဖြင့် ရှင်သန်နေကြသည်။မတူညီသော ယဉ်ကျေးမှုကို လေ့လာရန်၊ ခံစားရန်အတွက်  ခရီးသွားလာလည်ပတ်ခြင်းက လက်တွေ့ကျကျ စာဖတ်နည်းတစ်မျိုးပဲဖြစ်သည်။

ဒီဇင်ဘာလသည် မိုးလေကင်းလွတ်နေပြီး နှင်းမှုန်တွေကြား အေးချမ်းလှသော အချိန်အခါဖြစ်၍ ခရီးသွားလာရာတွင် အကောင်းဆုံးရာသီတစ်ခုဖြစ်သည်။ ပြည်ပခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် အများအားဖြင့် အေးချမ်းသော ဆောင်းရာသီနှင့် ရာသီဥတုအေးသော ဒေသများသို အထူးတလည် လာရောက်လာကြသည်။အထူးသဖြင့် တရုတ်ခရီးသွားဧည့်သည်များသည် မြန်မာတို့၏ ယဉ်ကျေးမှုနှင့် သဘာဝအလှများကို နှစ်သက်ကြသည်။ထို့ကြောင့်ပင် ရာသီဥတု အေးချမ်းသာယာသော ကမ္ဘောဇဌာနေ မောတို့ပြည် တောင်ကြီးမြို့၏ အလှတရားများ၊ ပွဲတော်များကို လေ့လာရန် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များထဲတွင် တရုတ်ခရီးသွားများကလည်း အပါအဝင်ဖြစ်သည်။

ကိုဗစ်ကာလမတိုင်မီက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ဧည့်သည်များတွင် တရုတ်ခရီးသွားဧည့်သည် အများဆုံးဖြစ်ပြီး ယခုအချိန်အထိလည်း လာရောက်လည်ပတ်သူများရှိပါသည်။ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပခရီးသွားဧည့်သည် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ပုဂံတို့သည် တရုတ်ခရီးသွားဧည့်သည် အများဆုံးလာရောက်လည်ပတ်သည့် ခရီးစဉ်ဒေသများဖြစ်သည်။တောင်ကြီးမြို့သည် ဘာသာပေါင်းစုံ၏ အမွေအနှစ်များရှိ၍ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည်များကို ပို၍ဆွဲဆောင်စေခဲ့သည်။

အေးမြသောရာသီဥတုရှိသည့် တောင်ကြီးမြို့သည် လာရောက်အပန်းဖြေလိုသူများအတွက် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်သကဲ့သို့ တိုင်းရင်းသားအစားအစာများ ပေါများသည်။တောင်ကြီးမြို့မှ အေးသာယာ စပျစ်ခြံနှင့် ဝိုင်စက်ရုံသည် အထူးနာမည်ကြီးသည်။အချို့သော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များက တကူးတက သွားရောက် လေ့လာကြသည်။အေးသာယာ စပျစ်ခြံမှ ဝိုင်များသည် အနောက်တိုင်း ဝိုင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စပျစ်ဝိုင်များအဖြစ်  ထုတ်လုပ်အောင်မြင်နေသော လုပ်ငန်းတစ်ခုဖြစ်သည်ဟု သိရသည်။

ထို့အပြင် တောင်ကြီးမြို့သို့ရောက်ပြီးဆိုလျှင် မဖြစ်မနေ သွားရောက်လည်ပတ်ကြသောနေရာမှာ တောင်ကြီးဈေးဖြစ်သည်။ ဒေသထွက်အစားအစာများ စုံလင်၍ နံနက် ၄ နာရီကတည်းက စည်ကားနေသော ဈေးကြီးဖြစ်သည်။

တောင်ကြီးမြို့တွင် စူဠာမုနိလောကချမ်းသာစေတီ၊ ရွှေဘုန်းပွင့်စေတီတော်ဘုရား၊ ရပ်တော်မူဘုရား၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုပြတိုက်၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ပင်းတယ ရွှေဥမင်လှိုဏ်ဂူ၊  ဘုတ်တလုပ်ကန်၊ ရှေးဟောင်းညောင်ပင်၊ ကုံလုံဆရာတော်ကြီး၏ စံကျောင်းဆောင်၊ အင်းလေးကန်၊ မွေတော်ကက္ကူ၊ ကလော၊ ပတ္တမြားလှိုဏ်ဂူ၊ တောင်ချွန်း စသည့် သွားလာလည်ပတ်စရာကောင်းသော နေရာများနှင့် မောရှမ်းဌာနေ၏ အလှတရားများက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုအပြည့် ရှိနေလျက်ဖြစ်ပါသည်။

အမွန်