【 ဆောင်းပါး 】 မျှတအောင်လုပ်ပါ ပြီးတော့ ကတိကဝတ် မြဲမြံပါစေ

【 ဆောင်းပါး 】 မျှတအောင်လုပ်ပါ ပြီးတော့ ကတိကဝတ် မြဲမြံပါစေ

ရှေ့လုပ်ငန်းစဉ်အတွက် ရလဒ်ကောင်းတွေကို ဖော်ဆောင်ပေးမယ့် အစည်းအဝေးတွေမှာ ပြောဆိုဆွေးနွေးကြတဲ့နေရာမှာ မိမိအတွေးအမြင် အကြံဉာဏ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောဆိုလာအောင် လှုံ့ဆော်ပေးသင့်ပြီး၊ အဲဒါကြောင့်လည်း စကားအခြေအတင်နဲ့ အားကြိုးမာန်တက် ငြင်းခုန်ကြရင်း ရန်ပွဲသဘောဆောင်တဲ့ အနေအထားကို ကူးပြောင်းသွားနိုင်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ သဘောထားကွဲလွဲပါစေ၊ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါမယ်လို့ ကတိကဝတ်ထားကြဖို့ လိုတဲ့အကြောင်းကို မော်တန် တီ ဟန်ဆန် က ဘယ်လိုတင်ပြ လမ်းညွှန်ထားသလဲဆိုတာ ဖတ်ရှုကြည့်ကြပါ။

           မျှတအောင်လုပ်ပါ ပြီးတော့ ကတိကဝတ် မြဲမြံပါစေ

တိုက်ခိုက်ပြီးတဲ့အခါ ပြန်လည်စည်းလုံးရမှာဖြစ်တယ်။ဆိုလိုတာက အဖွဲ့ဝင်တွေက ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ ကတိကဝတ်ထားရှိရမှာဖြစ်တယ် - ဆုံးဖြတ်ချက်ကို သဘောတူလိုက်ပြီး ထိုအတိုင်း အကောင်အထည်ပေါ်အောင် အပြည့်အဝ အားစိုက်လုပ်ဆောင်ရမှာဖြစ်တယ်။အဲလိုဆိုရင် လူတွေက ဘာလို့ ကတိမထားနိုင်ခဲ့တာလဲ။

အုပ်စုတွေနဲ့ ပြုလုပ်ခဲ့တဲ့ မျှတတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်က ဝန်ထမ်းတွေဟာ သူတို့မမျှတဘူးလို့ထင်တဲ့ လုပ်ငန်းစဉ် ဆုံးဖြတ်ချက်ကို အဲဒီချမှတ်တဲ့အတိုင်း လိုက်နာပါ့မယ်လို့ ကတိကဝတ်ပြုဖို့ ခက်ခဲကြောင်း တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားတယ်။

ဆုံးဖြတ်ချက် တစ်စုံတရာမချခင်မှာ သူတို့ရဲ့ထင်မြင်ချက် အကြံဉာဏ်တွေကို တင်ပြပြောဆိုခွင့်မပါဘဲ ထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုကို မမျှတဘူးလို့ ဝန်ထမ်းတွေက ယုံကြည်ထင်မြင်ကြတယ်လို့ ဝန်ထမ်း စုစုပေါင်း ၅၆,၅၃၁ ဦး ပါဝင်တဲ့ ကွင်းဆင်းလေ့လာမှု ၁၄၈ ခုကရရှိတဲ့ ပေါင်းစပ်သုတေသန တွေ့ရှိချက်တွေကို ပရော်ဖက်ဆာ ယိုချီကိုဟန်-ချာရက်ရှ်နဲ့ ပေါလ်အီး စပက်တာ တို့က ခွဲခြမ်းစိတ်ဖြာသုံးသပ် အဖြေထုတ်ပြခဲ့တယ်။အဲဒီထင်မြင်ယုံကြည်ချက်က လူတွေရဲ့ အဆိုးမြင်စိတ်ကို ကျောက်ချထားသလို ပိုပြီးခိုင်မာစေတဲ့အပြင် ထုတ်လုပ်မှုကျဆင်းစေတဲ့ အပြုအမူတွေဖြစ်လာစေတယ်လို့ ဆိုပါတယ်။ (အဲဒီအပြုအမူတွေထဲမှာ ကောလာဟလ မမှန်သတင်းလွှင့်ခြင်း၊ အလုပ်အလွဲလုပ်ခြင်းတို့သာမက ခိုးဝှက်ခြင်းတို့ လုပ်ငန်းသုံးကရိယာများကို ဖျက်ဆီးခြင်းအထိ ပါဝင်တတ်ပါတယ်)။

ပထမဦးဆုံးလိုအပ်ချက်မှာ ပါဝင်သူများအားလုံးက ကတိကဝတ်ထားခြင်းဖြစ်ပြီး၊ ထို့နောက် အဖွဲ့ဝင်အားလုံးက သူတို့ရဲ့ထင်မြင်ချက် အကြံဉာဏ်ကို တင်ပြခွင့်ရှိခြင်းနဲ့ ထိုအပေါ် အားလုံးက ထည့်သွင်းစဉ်းစားပေးရန်နဲ့ သုံးသပ်ဆွေးနွေးပေးရန် လိုအပ်တယ်၊၊ထိုသို့လုပ်ဆောင်ပါမှ သူတို့က နောက်ဆုံး ဆုံးဖြတ်ချက်ကို သူတို့သဘောထားနဲ့ လိုက်နာမှု မရှိသော်လည်း လိုက်နာဆောင်ရွက်ရန် ကတိကဝတ်ပြုကြပေလိမ့်မယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ ဝန်ထမ်းများက သူတို့ကန့်ကွက်ခဲ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်အဖြစ် ထွက်ရှိလာတဲ့အခါမှာ သူတို့ လိုက်နာဆောင်ရွက်ဖို့ ကတိကဝတ်ရှိခဲ့တဲ့ ဖြစ်စဉ်တွေကို ဥပမာအနေနဲ့ ပြန်ပြောခဲ့တယ်။

ခရစ်စတင်းဟာ ဆေးဝါးကုမ္ပဏီတစ်ခုမှာ အသားအရေပြုပြင်ပေးတဲ့ ကုန်ပစ္စည်းတွေကို အရေပြားအထူးကုဆရာဝန်တွေဆီ ရောင်းချပေးရတဲ့ တာဝန်ထမ်းဆောင်သူဖြစ်တယ်။

သူမက တစ်ခါက သူမအဖွဲ့တွေနဲ့ ကုန်ပစ္စည်းအသစ်၊ “မှိုဆေး” လို့ ကျွန်မနာမည်ပေးထားတဲ့ ခြေသည်းလက်သည်း မှိုသတ်ဆေးကို အရောင်းစာရင်းထည့်ဖို့ကိစ္စမှာ ဘယ်လိုသဘောကွဲလွဲမှုဖြစ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တယ်။

ခရစ်စတင်းက အရောင်းသမားတွေဟာ ဆရာဝန်တွေကို မှိုရောဂါအကြောင်း ရှင်းပြဖို့ ကျွမ်းကျင်နှံ့စပ်မှု မရှိဘူးလို့ မြင်တယ်။အဲဒီကိစ္စကို အခြေအတင် ဆွေးနွေးကြတဲ့အခါ သူ့အထက်လူကြီးက အစည်းအဝေးမှာရှိတဲ့သူအားလုံးကို သဘောထားပေးဖို့ တောင်းခံခဲ့တယ်။

ခရစ်စတင်းက သူမ ခါးခါးသည်းသည်း သဘောမတူကြောင်း တင်ပြခဲ့တဲ့အတွက် ဆွေးနွေးမှုတွေ လှုပ်ရှားသွားတယ်။ဒါပေမဲ့ ငြင်းခုန်ကြတဲ့အခါမှာ သူမအရေးနိမ့်သွားခဲ့တယ်။မှိုဆေးဟာ ရောင်းချရမယ့် စာရင်းဝင်သွားပါတယ်။

ဒါပေမဲ့ ခရစ်စတင်းက အဖယ်ကျဉ်ခံရတယ်လို့ သဘောမထားခဲ့ပါဘူး၊ သူ့အဖွဲ့တွေ သူသဘောမတူကြောင်း သိစေနိုင်ခဲ့တာကိုပဲ သူကျေနပ်နေပါပြီ။သူမကိုယ်သူမ စိန်ခေါ်မှုထဲမှာ ပါဝင်နိုင်စေခဲ့ပါပြီ။သူမက ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့အကြောင်းတွေကို မြန်မြန်လေ့လာ မှတ်သားလိုက်ပါတယ်၊ သင်တန်းကို ပထမဆုံး တက်ရောက်သင်ကြားခွင့်ရသူဖြစ်ခဲ့သလို ကုမ္ပဏီရဲ့ ကျွမ်းကျင်ပညာရှင်တွေဆီကနေ မှိုဆေးနဲ့ပတ်သက်ပြီး သူမသင်ယူနိုင်သမျှ သင်ယူခဲ့ပြီးပါပြီ။သူမရဲ့ ဖောက်သည်အားလုံးကို အီးမေးလ်ပို့လိုက်ပြီး ပစ္စည်းကရလာမယ့် အကျိုးအမြတ်တွေကို သိအောင် လုပ်လိုက်တယ်၊ ပစ္စည်းကို သူမကိုယ်တိုင် လာရောက်တင်ပြပေးမယ်လို့ အကြောင်းကြားလိုက်ခဲ့ပါတယ်။

သူမက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို ဗဟုသုတမျှဝေခဲ့တယ်၊ အတိုချုပ်ပြောရရင် ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် သူမတတ်စွမ်းသမျှ အားလုံးကို အကောင်းဆုံးပံ့ပိုး လုပ်ဆောင်ခဲ့ပါတယ်။

           နိုင်ငံရေးကစားတာတွေ ရပ်ပါ

ရုံးတွင်း နိုင်ငံရေးဆိုတာက စည်းလုံးညီညွတ်မှုကို အောက်ခြေကနေလှိုက်စား ယိမ်းယိုင်စေနိုင်တာမျိုးပါ။အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ တစ်သီးပုဂ္ဂလ ခံယူချက်နဲ့ ဆန့်ကျင်နေမယ်ဆိုရင် လူတွေက ကဖျက်ယဖျက် လုပ်တတ်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုကနေ တွေ့ရှိ ချက်အရ “အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည် မဖော်နိုင်အောင် တားဆီးနေတဲ့ ရုံးတွင်း နိုင်ငံရေးကို စိတ်ရှည်ရှည်နဲ့ ဖျက်ပစ်နိုင်တဲ့ သူ/သူမ” ဟာ အခြားသူတွေထက် စွမ်းဆောင်ရည် ပိုမြင့်တာကို တွေ့ရပါတယ်။ (ဆက်စပ်မှု ရမှတ် ၀.၆၁)။

ရုံးတွင်း နိုင်ငံရေးကစားတာကို ရပ်တန့်ပြီး စည်းလုံးညီညွတ်မှုကို အသက်သွင်းဖို့ အောက်ပါတို့ကို ဆောင်ရွက်ပါ။

•    မိမိရဲ့ ပုဂ္ဂလိကရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့အတွက် အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို အမှားရှာ ဝေဖန်တာမျိုး မလုပ်ပါနဲ့။ (တောပြော တောင်ပြော အော်ချက်ထုတ်တာမျိုးကို ရှောင်ပါ “အဲလိုလုပ်သင့်တယ်လို့ ငါတော့ဖြင့် မထင်ပါ ..... @#$!%”)

•    အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ကိုယ့်ဆန္ဒနဲ့ မကိုက်ညီလို့ အထက်လူကြီးတွေဆီ စောဒကတက်တာမျိုး မလုပ်ပါနဲ့၊ လက်ခံလိုက်နာပြီး ဆက်လက်ဆောင်ရွက်ပါ။

•    မိမိရဲ့ ရည်မှန်းချက်နဲ့ အဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင် နှစ်ခုကြားရှိနေတဲ့ ကွဲလွဲချက်လေးတွေကို မိမိရဲ့ လူကြီးတွေကို ရှင်းရှင်းလင်းလင်း အသိပေးထားပါ။ (အာမခံရောင်းဖို့ ကျွန်တော့်ရဲ့ အချိန် ၁၀၀ ရာခိုင်နှုန်းပေးဖို့ မဖြစ်နိုင်ပါဘူး၊ အဖွဲ့အသစ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ချေးငွေနဲ့ ရောင်းချပေးဖို့အတွက်လည်း ကျွန်တော့်အကူအညီလိုမှာ ဖြစ်လို့ပါ။)

•    သင့်အဖွဲ့ကို ကူညီပေးမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားတဲ့ အီးမေးလ်ပေးပို့ပါ “အဖွဲ့ထဲမှာ ကျွန်တော်ပါပြီနော်”

•    တစ်ခုခုကို အမြန်လုပ်ဆောင်ပြလိုက်ပါ။ဒီနည်းနဲ့ ဆုံးဖြတ်ချက်ဟာ သင့်ဆန္ဒနဲ့ ကိုက်ညီမှု မရှိပေမယ့် သင်လိုက်နာဆောင်ရွက်နေတယ်ဆိုတာကို ပြသလိုက်ပါ။ (“ကျွန်တော် ပစ္စည်းတင်သွင်းသူတွေနဲ့ အစည်းအဝေးလုပ်ဖို့ စီစဉ်ထားတယ်”...)

•    ရုံးတွင်း နိုင်ငံရေးကစားနေသူတွေနဲ့ ဒဲ့စကားပြောပါ။ “ငါတို့ ဆုံးဖြတ်ချက်ရပြီးပြီလေ... အကြောင်းရှာ ဆင်ခြေပေးတာတွေ ရပ်လိုက်ပါတော့၊ လုပ်စရာရှိတာ လုပ်ကြရအောင်ပါ”

           တဇွတ်ထိုးတွေကို ထိပ်တိုက်တိုးပါ

ပွဲကတော့ ၁၉၉၄ ခုနှစ်က အိစတန်း ကွန်းဖရင့်မှာ ချီကာဂိုဘူးစ်နဲ့ နယူယောက်နစ်တို့ ပြိုင်ကြတဲ့ ဆီမီးဖိုင်နယ်ပွဲဖြစ်ပါတယ်။အဲဒီ ဘတ်စကက်ဘောအသင်း နှစ်သင်းဟာ ပွဲပြီးဖို့ ၁.၈ စက္ကန့်အလိုမှာ ၁၀၂ မှတ်စီနဲ့ သရေကျနေပါတယ်။ဘူးစ်အဖွဲ့က ဘက်စ်အော့ဆဲဗင်း ပွဲစဉ်ရဲ့ ပထမနှစ်ပွဲမှာ ရှုံးထားတာဖြစ်တယ်။အခုပွဲစဉ်မှာနိုင်မှ သူတို့ဆက်ကစားဖို့ မျှော်လင့်ချက်ရှိမှာပါ။

ဘူးစ် ကစားရမယ့် အလှည့်မှာ သူတို့က ခဏ တိုင်းမ်အောက် အနားတောင်းလိုက်ပြီး ကွင်းဘေးမှာ သူတို့ရဲ့နည်းပြ ဖေးလ်ဂျက်ဆင်နဲ့အတူ စုရုံး ခေါင်းချင်းရိုက်နေကြပါတယ်။အဲဒီ ကြီးမားတဲ့ ၁.၈ စက္ကန့်က နောက်ဆုံးရိုက်ချက်အတွက် လုံလောက်တဲ့ အချိန်ဖြစ်ပြီး၊ နိုင်ဖို့ အခွင့်အရေးရသွားမယ့် အချိန်လည်းဖြစ်ပါတယ်။ဒီအခြေအနေဟာ ဘူးစ်ရဲ့ စူပါစတား စကော့တီ ပိုက်ပန်က ချီကာဂိုအတွက် အောင်ပွဲ ၅၅ ပွဲ ယူဆောင်လာခဲ့တာဖြစ်ပြီး၊ အရင်ရာသီတွေတုန်းက ဂန္ထဝင် မိုက်ကယ်ဂျော်ဒန် ယူဆောင်ပေးခဲ့တာထက် ၂ ပွဲပဲ လျော့နည်းတော့တဲ့ အနေအထားပါ။ဂျော်ဒန် အနားယူသွားပြီးတဲ့နောက် ပိုက်ပန်က အဖွဲ့ရဲ့ စတားဖြစ်လာပါတယ်။

တိုင်းမ်အောက် နားတဲ့အချိန်မှာ နည်းပြက သူ့ကို နောက်ဆုံးဂိုးသွင်းခွင့်ပေးပြီး သူက ဒီပွဲရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်အောင် အခွင့်အရေးပေးလိမ့်မယ်လို့ ပိုက်ပန်က မျှော်လင့်ထားခဲ့တယ်။အဲလိုဖြစ်ရမယ့်အစား နည်းပြ ဂျက်ဆင်က လူသစ်လေး တိုနီကူးကော့ကို ဂိုးသွင်းဖို့ အစီအစဉ်ဆွဲလိုက်တယ်။

ခေါင်းချင်းရိုက် စုရုံးမှုလည်းပြီးရော ပိုက်ပန်က ခုံတန်းရဲ့ တစ်ဖက်စွန်းမှာ ငူငူကြီးထိုင်ပြီး စူပုပ်စိတ်ကောက်နေခဲ့တယ်။ဂျက်ဆင်က “မင်းဝင်မှာလား ထွက်မှာလား” လို့ မေးလိုက်တာကို သူက “ငါထွက်ပြီ” လို့ ဖြေလိုက်တယ်။

ပြိုင်ပွဲလည်း ပြီးရော ဂျက်ဆင်က ပိုက်ပန်နဲ့ပတ်သက်ပြီး အခုလို ခပ်ဆတ်ဆတ် ပြောသွားပါတယ် “သူက ထွက်မယ်ဆိုတော့ ကျွန်တော်ကလည်း ထွက်ပေါ့၊ သူ့ကို ကွင်းထဲက ထွက်သွားခွင့် ပေးလိုက်တယ်” မှန်ပါတယ်၊ အရေးအကြီးဆုံးအချိန်ကို ရောက်နေချိန်မှာ အဖွဲ့ရဲ့စတားက သူ့ကို နည်းပြက ဘောလုံးသွင်းခွင့်မပေးလို့ ဆက်မကစားချင်တော့ဘူးလို့ ပြောတာပါ။ဒါက တစ်ဖွဲ့လုံးနဲ့ တစ်ယောက် ဖြစ်တာပါ။အဲဒီအဖြစ်က အတ္တမာန ထောင်လွှားတာကို ရှေ့တန်းတင်မိတဲ့ ပိုက်ပန်အတွက် “အားကစားသမိုင်းမှာ အားကစားသမား မဆန်ဆုံးအဖြစ် ၅၀ ထဲမှာ မှတ်တမ်းတင်လိုက်တဲ့” အမဲစွန်းကို ရသွားစေခဲ့ပါတယ်။

ပြိုင်ပွဲပြီးတဲ့နောက် အဝတ်လဲခန်းထဲမှာ တစ်ဖွဲ့တည်းသား ဘီလ်ကတ်ရိုက်က မျက်ရည်တဝဲဝဲကြားက အပြစ်တင်စကားနဲ့ ထိုးနှက်လာခဲ့တယ် “ဒီမှာကြည့် စကော့တီ၊ ဒါက သောက်သုံးမကျတာပဲ၊ ငါ ဒီအသင်းနဲ့ ဘယ်လောက်ကြိုးစားလာခဲ့ရသလဲ၊ ဂျော်ဒန် မရှိတော့တဲ့နောက်ပိုင်း ငါတို့ ကိုယ့်အစွမ်းကိုယ်ပြဖို့ တကယ့်အခွင့်အရေးကောင်းရခဲ့တယ်၊ အခုတော့ မင်းအတ္တကြီးတာနဲ့ အကုန်ပျက်သွားပြီ၊၊ဒီလောက် စိတ်ပျက်စရာကောင်းတာမျိုး ငါ့တစ်သက်မှာ မဖြစ်ခဲ့ဖူးဘူး” တစ်ဖွဲ့လုံးက သူ့ကို ဘာစကားမှမပြောဘဲ စိုက်ကြည့်နေခဲ့ကြတယ်။ပိုက်ပန်က သူ့ကြောင့် တစ်သင်းလုံး စိတ်ဓာတ်ကျကုန်ရတာကို တောင်းပန်ခဲ့တယ်။အဲဒီအခိုက်အတန့်ဟာ အံ့သြမှင်သက်စရာဖြစ်ပြီး ဘယ်လို့မှ မေ့လို့မရတဲ့ ဆုံးရှုံးပွဲကြီးတစ်ခုပါပဲ။
 
တစ်ခါတလေ အဖွဲ့ဝင်တစ်ယောက်တလေက သူတို့ရဲ့ စိတ်ဝင်စားမှုအတွက်သက်သက်သာ အလုပ် လုပ်တတ်ကြတယ်၊ အသင်းအတွက် အကောင်းဆုံးက ဘာဖြစ်မလဲဆိုတာကို ပက်ပန်လိုပဲ လျစ်လျူရှုတတ်ကြတယ်။အဲဒီ တဇွတ်ထိုး တဇောက်ကန်းတွေက သူတို့လိုချင်တာ မလုပ်ရဘူးဆိုရင် တစ်သင်း တစ်ဖွဲ့လုံးက တက်ကြွစွာ အင်တိုက်အားတိုက် အကောင်အထည်ဖော်နေကြတဲ့ကြားက သူတို့ကတော့ သူတို့ရဲ့ပါဝင်လုပ်ဆောင်မှုကို ရပ်ပစ်လိုက်မယ် ဒါမှမဟုတ် ဆုံးဖြတ်ချက်အပေါ်ကို တစ်ချိန်လုံး တိုက်ခိုက်နေတတ်ကြတယ်။

အဲလို တကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေကြောင့် အဖွဲ့က ညီညွတ်မှုမရှိဘဲ ဖြစ်သွားတတ်တယ်။အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းကတော့ ကတ်ရိုက်လုပ်ခဲ့သလို တစ်ကိုယ်ကောင်း တဇွတ်ထိုး တဇောက်ကန်းကို ထုတ်ပယ်ပစ်လိုက်ရမှာဖြစ်တယ်။အဖွဲ့ရဲ့ ဖိအားက အတ္တအကြီးဆုံး ထင်ပေါ်ကျော်ကြားသူတွေကိုတောင် စည်းကမ်းသေဝပ်လာအောင် စွမ်းဆောင်နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်တဲ့ စင်သီယာဆိုတဲ့ အသက် သုံးဆယ့်ရှစ်နှစ်အရွယ် “Lean Six Sigma Black Belt” မန်နေဂျာက ဆုံးဖြတ်ချက်ချမှတ် သဘောတူညီထားတဲ့ အထွေထွေဆောင်ရွက်စရာတွေကို သူမရဲ့အဖွဲ့တွေက မဖော်ဆောင်နိုင်ကြတဲ့အခါမှာ အုပ်စု ဖိအားကို အသုံးပြုလေ့ရှိတယ်။သူမရဲ့ အဖွဲ့တွေဟာ ရှင်းလင်းတိကျတဲ့ အခြေခံလိုက်နာဆောင်ရွက်ဖွယ်ရာ စည်းကမ်းတွေကို ပရောဂျက်ရဲ့ အစပိုင်းမှာကတည်းက သတ်မှတ်ထားတတ်ကြတယ်။အဲဒါက ဆုံးဖြတ်ချက်ချပြီးပြီဆိုတာနဲ့ အဖွဲ့ဝင်တိုင်းက မိမိက သဘောမတူပေမယ့်လည်း  လိုက်နာဆောင်ရွက်ပါမယ်လို့ ရာခိုင်နှုန်းပြည့် ကတိကဝတ်ထားရှိရမှာဖြစ်တယ်။

ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေထဲမှာ “ငါတော့ အဲဒီနည်းလမ်းနဲ့ မလုပ်ချင်ဘူး” ဆိုပြီး ပြောလေ့ရှိတဲ့သူတွေရှိတယ်၊ ဒါပေမဲ့ အဓိကလိုအပ်ချက်က အဖွဲ့ရဲ့ ဦးတည်ချက်က ဒီလမ်းကို ဒီနည်းနဲ့သွားမယ်ဆိုရင် အဲဒါကို ဖြစ်မြောက်အောင်မြင်အောင် အားလုံးက ဝိုင်းဝန်းပံ့ပိုး လုပ်ဆောင်ပေးရမှာဖြစ်တယ်။

တစ်ခါက ခေါင်းမာတဲ့ အဖွဲ့ဝင်အချို့က အဲဒီစည်းကမ်းကို မလိုက်နာဘဲ သူတို့နည်း သူတို့ဟန်နဲ့ လုပ်ခဲ့တယ်။စင်သီယာက သူတို့တစ်ယောက်ချင်းနဲ့ ဒဲ့တွေ့ပြီး စကားပြောခဲ့တယ်၊ “ကျွန်မက သူတို့လုပ်နေတာတွေက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အထောက်အကူပေးရာမရောက်ဘဲ ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေရာကျတယ်လို့ သူတို့သိအောင် လုပ်ခဲ့တယ်” ပြီးတော့ သူတို့ကို “၁၀၀ ရာခိုင်နှုန်း လိုက်နာဆောင်ရွက်ပါမယ်လို့ ကတိ” ပေးအောင် တောင်းဆိုခဲ့တယ်။ ဗွေဖောက်နေတဲ့ အဖွဲ့တွေနဲ့ သဘောတူညီမှုရခဲ့တယ်။

စင်သီယာက “ဆုံးဖြတ်ချက်အတိုင်း လူတိုင်းက လိုက်နာဆောင်ရွက်ရန် သေချာစေမှု” ဆိုတဲ့ ဖော်ပြချက်မှာ အမြင့်ဆုံးရမှတ်နီးပါး (၇ မှတ်ပေးတာမှာ ၆ မှတ်အထိ) ရခဲ့ပြီး၊ စွမ်းဆောင်ရည်အဆင့် ထိပ်တန်း ၁၆ ရာခိုင်နှုန်း စာရင်းဝင်ဖြစ်ခဲ့တယ်။

အချို့ကိစ္စတွေမှာတော့ ခေါင်းဆောင်က အတ္တကြီးတဲ့ လူစွမ်းကောင်းလုပ်ချင်သူတွေကို ဖယ်ထုတ်ပစ်ခြင်းဖြင့် တိတိကျကျ အရေးယူရပါတယ်။ကျွန်တော်တို့ရဲ့ သုတေသနအတွက် အင်တာဗျူးရင်းနဲ့ စီအီးအိုတစ်ယောက်က သူ အဲလိုလုပ်လိုက်ရတဲ့ ထိတ်လန့်စရာအဖြစ်ကို ပြောပြခဲ့ပါတယ်။သူက ပစ်စ်ဘတ်မှာရှိတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရတဲ့ စတီးလ်စက်ရုံတစ်ခုအတွက် မမျှော်လင့်ဘဲ အစီအစဉ်တစ်ခုကို ရုတ်တရက်ပြောင်းလဲ လုပ်ခဲ့လိုက်ရတယ်။အစီအစဉ်အရ ကုန်ကျစရိတ် အကြီးအကျယ်လျှော့ချဖို့နဲ့ လူအင်အားလျှော့ချဖို့တွေ ပါဝင်နေတယ်။အသုံးစရိတ် လျှော့ချရေးလုပ်ရမှာ သိပ်ပြင်းထန်လွန်းတယ်လို့ ယုံကြည်တဲ့ ဘဏ္ဍာရေး အကြီးအကဲအရာရှိ (စီအက်ဖ်အို) က လွဲပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးဟာ ဒီအစီအစဉ်အတိုင်း အလုပ်ခံရဖို့ စာရင်းထဲမှာ ပါနေတယ်။

အဖွဲ့တွေ အစည်းအဝေးမှာ စရိတ်လျှော့ချဖို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်း ဆွေးနွေး ကြတိုင်း သူက စရိတ်ကို အဲဒီလောက်ကြီး လျှော့ချဖို့ တကယ် လို၊ မလို ပြန်လည်သုံးသပ်ကြည့်ကြဖို့ အမြဲတမ်း အတိုက်အခံပြောကြားခဲ့တယ်။

ခေါင်းဆောင်က စီအက်ဖ်အိုကို ဘေးချိတ်ထားလိုက်ပြီး သူ့ကို ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် သတိပေးစကားပြောခဲ့တယ်၊ ဒါပေမဲ့ ဆက်ဖြစ်နေတုန်းပဲ။နောက်ငါးလကြာတဲ့အခါ၊ စီအီးအိုက စီအက်ဖ်အိုနဲ့ မျက်နှာချင်းဆိုင်ပြီး “ခင်ဗျားသိတဲ့အတိုင်းပဲ ဒါက အလုပ်မဖြစ်ဘူး၊ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မှ ဖြစ်တော့မယ်”၊ အဲလိုပြောလိုက်တော့ ပြဿနာရှာသမား ဒေါသအိုး ပေါက်ကွဲတော့တာပါပဲ။ “ဒါက အရေးပေါ်အခြေအနေမှာ ကျွန်တော်ချမှတ်ခဲ့တဲ့ အကောင်းဆုံးနဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်” လို့ စီအီးအိုက ပြောပြခဲ့တယ်။

အချေအတင် ငြင်းခုန်ဆွေးနွေးပြီးမှရလာတဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တစ်ဖွဲ့လုံးရဲ့ သဘောထားကို ရရှိပြီးကာမှ အဖျက်သမားတစ်ယောက်ကြောင့် ပျက်စီးမှာကို အဖြစ်မခံပါနဲ့။လူများစုက ဒီလိုအခြေအနေမျိုးမှာ ဝင်ရပ်တည်ပေးဖို့ တွန့်ဆုတ်ကြတယ်။တကယ်လို့ သင်က ပိုက်ပန်က ဘီလ်ကတ်ဝေါ့အပေါ် လုပ်ခဲ့သလို၊ စင်သီယာ လုပ်ခဲ့သလို၊ စတီးလ်စက်ရုံက စီအီးအိုလုပ်ခဲ့သလို ထိပ်တိုက်ဖြေရှင်းလိုက်နိုင်ရင် သင့်အဖွဲ့ရော သင်ကိုယ်တိုင်ပါ စွမ်းဆောင်ရည်တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

အဖွဲ့အစည်းမှာ မိသားစုစိတ်ဓာတ်နဲ့ ချစ်ချင်ခင်ခင် စည်းစည်းလုံးလုံး လုပ်ဆောင်ရပေမယ့် တစ်ခါတလေ မိမိအတ္တကို ရှေ့တန်းတင်ပြီး တစ်ကိုယ်တော်လူစွမ်းကောင်းလုပ်ချင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိလာတဲ့အခါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ဖြစ်ရပ်မှန်တွေနဲ့ တင်ပြထားတာ သင်ခန်းစာယူစရာဖြစ်ပါတယ်။

အဖွဲ့အစည်းအနေနဲ့ လုပ်ငန်းတိုးတက်ဖို့၊ စွမ်းဆောင်ရည်ကောင်းတဲ့ ဦးဆောင်သူတွေဖြစ်ကြဖို့ မော်တန် တီ ဟန်ဆန်ရဲ့ လမ်းပြမှုလေးတွေကို ဆက်လက်ဖော်ပြပါဦးမယ်။

သက်ထွန်း (သျှမ်း)