【 ဆောင်းပါး 】 မြန်မာပြည်ခရီးသွားများနှင့် ရှန်ဟိုင်းမြို့တော်

【 ဆောင်းပါး 】 မြန်မာပြည်ခရီးသွားများနှင့် ရှန်ဟိုင်းမြို့တော်

ကိုဗစ်-၁၉ ကပ်ရောဂါကာလ လွန်မြောက်လာသောအခါ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ခရီးသွားလာရေးများ တစ်ကျော့ပြန် ခေတ်စားလာသည်။ 
 
မြန်မာလူမျိုးများသည် ခရီးသွားရသည်ကို နှစ်သက်ကြသူများဖြစ်သည်။ခေတ်အခြေအနေ မည်သို့ပင်ရှိစေ ပြည်တွင်း၊ ပြည်ပခရီးများကို သွားလာလည်ပတ်ကြသည်။
 
ယနေ့ခေတ် မြန်မာလူမျိုးများသည် ရှေးခေတ်ကာလကကဲ့သို့ မိမိဝန်းကျင်၌သာ အသက်ရှင်သန်ရင်း ဘဝကုန်ဆုံးကြသည့်အခြေအနေမျိုး မဟုတ်တော့ဘဲ ရေကြည်ရာမြက်နုရာ သွားလာရှင်သန်ကြသူများဖြစ်လာသည်။အလားတူ ခရီးသွားလည်ပတ်မှုများကိုလည်း ငွေကြေးတတ်နိုင်လျှင် တတ်နိုင်သလို ပြည်တွင်း၊ ပြည်ပခရီး ခြေဆန့် ကြရင်း ဘဝအမောများကို ဖြေလျှော့လာကြပြီဖြစ်သည်။ 
 
ယနေ့ခေတ်လို တစ်နိုင်ငံနှင့် တစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အခါတွင် သွားလာလည်ပတ်စရာ နိုင်ငံများလည်း ပေါများလာသည်။
 
မြန်မာနိုင်ငံမှ ပြည်ပအလည်အပတ်ခရီးသွားသူများသည် အများအားဖြင့် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဂယာ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ပတ္တယား၊ ချင်းမိုင်၊အယုဒ္ဓယ စသည့် ထင်ရှားသည့် ခရီးစဉ်ဒေသများ၊ ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ်ဘုရားကျောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ဘာလီကျွန်း၊ စင်ကာပူနိုင်ငံ အစရှိသည့် အရှေ့တောင်အာရှနိုင်ငံများအပြင် တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများသို့လည်း သွားလာလည်ပတ်ကြသည်။
 
တရုတ်-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံတွင် အံ့ဩဖွယ်ရာ သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသများစွာရှိပါသည်။တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များသည်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပြည်ပနိုင်ငံများထဲတွင် အများဆုံးလာရောက်လည်ပတ်သူများဖြစ်သည်။
 
မြန်မာခရီးသွားများသည် တရုတ်ပြည်တွင် ဂရိတ်ဝေါဟုခေါ်သည့် မဟာတံတိုင်းကြီး၊ ပေကျင်းရှိ ဗုဒ္ဓမြတ်စွယ်တော်ကို သွားရောက်လည်ပတ်မှုများသည်။ယခုအခါတွင် ရှေ့ခေတ်နှင့် ခေတ်မှီအံ့ဖွယ်ရာများ ရောယှက်နေသည့် ရှန်ဟိုင်းမြို့ကလည်း လည်ပတ်စရာကောင်းသော ခရီးစဉ်တစ်ခုဖြစ်လာသည်။
 
စီးပွားရေးအင်အားတောင့်တင်းသော တရုတ်နိုင်ငံတွင် သွားလာလည်ပတ်စရာများစွာဖြင့် ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည်။တရုတ်နိုင်ငံ၏ အကြီးဆုံး သင်္ဘောဆိပ်ကြီးမြို့ဖြစ်သော ရှန်ဟိုင်းမြို့သည် ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားများအတွက် ရေပန်းစားသော ခရီးသွားမြို့တော်များထဲက တစ်မြို့ဖြစ်သည်။
 
ကြွယ်ဝသော သမိုင်းကြောင်းရှိပြီး တရုတ်ရိုးရာယဉ်ကျေးမှု၊ အနုပညာနှင့် စားချင်စဖွယ် ဒေသအစားအစာများနှင့် မတူညီသော အလှတရားများပြည့်စုံနေသည့် မြို့ဖြစ်သည်။
 
တရုတ်နိုင်ငံ၊ အရှေ့ပိုင်း၊ ရှန်ဟိုင်းမြို့ရှိ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဈေးကွက်သည် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ၇၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်ဟု ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ သိရသည်။
 
ရှန်ဟိုင်းမြို့တွင် အရှေ့တိုင်းပုလဲမျှော်စင်၊ Jin Mao မျှော်စင်နှင့် ရှန်ဟိုင်းမျှော်စင်တို့အပါအဝင် ခေတ်ဆန်သော မိုးမျှော်တိုက်များသည် ညအခါတွင် မိုးကောင်းကင်ပေါ်၌  ပြိုးပြိုးပြက်ပြက် အလှတရားများကို မြင်တွေ့ ရမည်ဖြစ်သည်။
 
သမိုင်းဝင် ဥရောပ ဗိသုကာလက်ရာများနှင့် အရှေ့တိုင်း၊ အနောက်တိုင်း ယဉ်ကျေးမှုတို့ ပေါင်းစပ်ထားသော The bund သည် ခရီးသွားများ ရေပန်းစားနေသော အထင်ကရနေရာဖြစ်သည်။ The bund ဆိုသည်မှာ တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းနံဘေးတွင် စုစုပေါင်းအရှည် ၁ ဒသမ ၅ ကီလိုမီတာခန့်ရှိသော နယ်မြေတစ်ခုဖြစ်သည်။
 
ရှေးဟောင်းမြို့ဟောင်းသို့ လာရောက်သူအများစုသည် ရှေးဟောင်းပစ္စည်းများနှင့် လက်ဖက်ရည်ဆိုင်များရှိသည့် ဈေးဆိုင်များ၊ လူသိများသော ရှေးဟောင်းဥယျာဉ်ဖြစ်သည့် Old Street နှင့် Yuyuan Garden သို့ လာရောက် လည်ပတ်သူများဖြစ်သည်။
 
လမ်းများပေါ်တွင် စားသောက်ဆိုင်များ၊ လမ်းဘေးအစားအစာရောင်းချသူများနှင့် စည်ကားနေပြီး ဘုရားကျောင်းများစွာရှိသည်။တရုတ်အစားအစာများသည် မြန်မာများနှင့် လုံးဝမစိမ်းသည့်အပြင် ကြိုက်နှစ်သက်သူများသည့် အစားအစာများထဲတွင် ပါဝင်သည်။
 
ရှန်ဟိုင်းမြို့တွင် ‘မင်’ မင်းဆက်လက်ထက် ၁၅၅၉ ခုနှစ်လောက်ကတည်းက တည်ဆောက်ခဲ့သော တရုတ်ရှေးဟောင်း ဗိသုကာလက်ရာများနှင့် ဗိမာန်များ၊ စင်္ကြံလျှောက်လမ်းများ၊ အနုပညာလက်ရာများနှင့် အခြားရှားပါးအနုပညာလက်ရာများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်သည့် Shanghai Museum တို့အပြင် နာမည်ကျော်ဈေးဝယ်လျှောက်လမ်းရှိရာ Nanjing Road စသည့် နေရာများတို့ရှိသည်။
 
ရှန်ဟိုင်းမြို့တော်တွင် တရုတ်ရိုးရာဓလေ့များ၊ ဟင်းလျာများ၊ အနုပညာများကို စူးစမ်းလေ့လာနိုင်ပြီး မြန်မာနိုင်ငံက ခရီးသွားများအတွက် မတူညီသောအလှတရားများနှင့် မတူညီသော ယဉ်ကျေးမှုများ လေ့လာ၍ မကုန်နိုင်အောင် များပြားပါသည်။
 
ယင်းကဲ့သို့ လည်ပတ်အပန်းဖြေချင်စရာ အလှတရားများနှင့် ပြည့်စုံနေသော ရှန်ဟိုင်းမြို့ကို ကမ္ဘာလှည့်ခရီးသွားများသာမက မြန်မာနိုင်ငံက ခရီးသွားများလည်း သွားလာလည်ပတ်ကြပါတယ်။
 
ယခုဆိုလျှင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အပြန်အလှန်လည်ပတ်နိုင်သော တိုက်ရိုက်လေကြောင်းလိုင်းများလည်း ပြေးဆွဲနေပြီဖြစ်သည်။တရုတ်နိုင်ငံ၊ ဖူကျန့် (Fujian) ပြည်နယ်နှင့် ရန်ကုန်မြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသော Xiamen (ရှမန်) လေကြောင်းလိုင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလက ပြန်လည်စတင်ပြေးဆွဲခဲ့သည်။၎င်းလေကြောင်းလိုင်းသည် ကိုဗစ်ကာလတွင် ရပ်နားထားခဲ့ရာမှ ယခုပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲပေးနေသည်။
 
ထို့ပြင် China Eastern လေကြောင်းလိုင်းမှ ရှန်ဟိုင်း-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ်၊ ကူမင်း-ရန်ကုန် ခရီးစဉ်ကို တစ်ပတ် ခုနစ်ကြိမ်၊ ကူမင်း-မန္တလေး ခရီးစဉ်ကို တစ်ပတ်လျှင် ခုနစ်ကြိမ်၊ ထို့ပြင် China Southern လေကြောင်းလိုင်းမှ ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် (၄) ကြိမ်၊ Air China လေကြောင်းလိုင်းမှ ပေကျင်း-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်၊ Sunan Ruili လေကြောင်းလိုင်းမှ ယူနန်-မန်စီ-မန္တလေး ခရီးစဉ်ကို တစ်ပတ်လျှင် ၃ ကြိမ် ပြေးဆွဲပေးနေကြောင်း သိရသည်။
 
တရုတ်ပြည်၏ မြို့များဆီသို့ အလွယ်တကူသွားလာလည်ပတ်နိုင်ပြီဖြစ်သောကာလတွင် မြန်မာခရီးသွားများအနေဖြင့် ရှန်ဟိုင်းမြို့၏ အလှတရားများကို သွားလာမှု လွယ်ကူစွာဖြင့် လေ့လာနိုင်ပြီဖြစ်လေသည်။
 
အမွန်