【 ဆောင်းပါး 】 လသာ ကွမ်ရင်ကျောင်း ညောင်ပင်အောက်မှ ကျောက်ပြား

【 ဆောင်းပါး 】 လသာ ကွမ်ရင်ကျောင်း ညောင်ပင်အောက်မှ ကျောက်ပြား

ရန်ကုန်မြို့၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းဆုံထောင့်က ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းအတွင်းသို့ လာရောက်ပူဇော်ကြသူများ အများအပြားရှိကြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာကျော် သက်တမ်းရှိသည့် သက်တမ်းရင့်သော ဘုရားကျောင်းများအနက်တွင် အဆိုပါဘုရားကျောင်းမှာ ကုန်းဘောင်ခေတ်နှောင်းပိုင်းကတည်းက တည်ရှိခဲ့သလို ယနေ့အချိန်အထိလည်း ပူဇော်ဆုတောင်းသူများ အများအပြားရှိနေကြသည်။

ထိုပူဇော်ဆုတောင်းသူများသည် ဘုရားကျောင်းအတွင်း ညောင်ပင်အောက်တွင် စိုက်ထူထားသည့် ကျောက်ပြား၌လည်း ပူဇော်ခြင်းများရှိသလို ယင်းကျောက်ပြားတွင် တရုတ်စာများ ရေးထိုးထားပြီး ကျောက်ပြားသည် ထူးခြားသော သမိုင်းကြောင်းဝိသေသမျိုးရှိနေသည်ဟု ယင်းဘုရားကျောင်းရှိ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိခဲ့ရသည်။

တရုတ်စာအရ “石敢當” ဟူသော စာလုံးသုံးလုံးဖြင့် ရေးသားထားသည့် ကျောက်ပြားများကို ယန်ဇီမြစ်၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ ကျေးလက်ဒေသများမှ မြို့အဝင်ပေါက်၊ လမ်းကြားများနှင့် တံတားများတွင် တွေ့ရလေ့ရှိသည်။ထိုက်စန်းတောင် အနီးတစ်ဝိုက်တွင် ကိုယ်ပိုင်အိမ်များဆောက်သောအခါ အိမ်နံရံအနောက်ဘက် အလယ်တွင် တရုတ်ရိုးရာ စကားလုံးဖြင့် ရေးသားထားသော စာများပါသည့် ကျောက်ပြားများကို ထည့်သွင်း ဆောက်လုပ်လေ့ရှိကြသည်။အဆိုပါဓလေ့မှာ ယနေ့ထက်တိုင်အောင် အသုံးပြုနေကြဆဲဖြစ်ပြီး ယင်းကျောက်ပြား၏ ရာဇဝင်သည် ထိုက်စန်းတောင်မှ ဆင်းသက်လာသည်ဟု ဆိုထားကြသည်။

ဒဏ္ဍာရီအရ ရှီကန်သည် နောက်ပိုင်း ဂျင်မင်းဆက်အချိန်အထိ ထိုက်စန်းဇာတိဖြစ်ပြီး ၎င်းမျိုးရိုးမှာ ရှီဖြစ်ပြီး နာမည်မှာ ကန်ဖြစ်သည်။ရှီကန်၏ မိသားစုမှာ ဆင်းရဲသည့်အတွက် ထင်းခုတ်၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်။ရှီကန်သည် ငယ်စဉ်ကတည်းက ယမ်းဖောက်ခြင်း၊ တုတ်တိုဖြင့် ကခြင်းကို နှစ်သက်ခဲ့ပြီး ယမ်းဖောက်ကျွမ်းကျင်သူလည်းဖြစ်သည်။တစ်နှစ်သောအချိန်အခါဖြစ်သည့် တရုတ် ၆ လပိုင်းအတွင်း သုံးရက်ဆက်တိုက် မိုးဆက်တိုက်ရွာခြင်းကြောင့် ဝမ်မြစ်ရေသည် အဘက်ဘက်အရပ်များသို့ လျှံကျလာကာ ယင်းအနီးမှ လူနှင့် တိရစ္ဆာန်များအပါအဝင် ရွာလုံးကျွတ် နေရာပြောင်းရွှေ့ ပြေးခဲ့ရသလို ကျေးရွာများတစ်ခုလုံး ရေစီးဖြင့် မျောပါသွားခြင်းမျိုး ကြုံခဲ့သည်။ထိုအချိန်တွင် ရှီကန်သည် သစ်ပင်ကြီးတစ်ပင်ကို တွယ်ကပ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည်။ထို့နောက်တွင် ရှီကန်သည် တိုက်ရွဲ့မြို့ရှိ အဖွားအိမ်၌ နေခဲ့ရသည်။နေ့ခင်းဘက်တွင် ထင်းခုတ်ရန် တောင်ပေါ်သို့သွားပြီး ညအချိန်တွင် အဖွားဖြစ်သူ၏ အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ထိုကြောင့်ပင် အဖွားဖြစ်သူက ရှီကန်ကို လွန်စွာချစ်မြတ်နိုး ခဲ့ရသည်။

သန်မာသော လူငယ်တစ်ယောက်အဖြစ် မွေးဖွားလာသည့် ရှီကန်သည် ထိုက်စန်းတောင်ပေါ်တွင် သူမဖြတ်နိုင်သော ချောင်းဟူ၍မရှိသလို သူမတက်နိုင်သော သစ်ပင်၊ ချောက်ကမ်းပါးဟူ၍မရှိဘဲ တောအတွင်း၌လည်း ငှက်ပစ်ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်သည်။တိုက်ရွဲ့မြို့ရှိ ဘုရားပွဲတစ်ခုတွင် ထင်းများကို သွားရောက်ရောင်းချခဲ့သည့်အခါ ဘုရားပွဲတွင် မိန်းကလေးတစ်ဦးကို စော်ကားနေသည့် လူမိုက်တစ်အုပ်စုကို ရှီကန်က တွေ့ခဲ့ရသည်။ထိုအခါ ရှီကန်သည် ဒေါသအရမ်းထွက်၍ ယင်းလူမိုက်အဖွဲ့ကို တိုက်ခိုက်အနိုင်ရခဲ့ပြီး မိန်းကလေးကို လူမိုက်အဖွဲ့များမှ ဒူးထောက်၍ ပြန်လည်တောင်းပန်သည်အထိ လူမိုက်အဖွဲ့များကို ရိုက်နှက်ခဲ့သည်။ထိုအချိန်မှစ၍ ပြည်သူများကြားတွင် မတရားမှုများကို ရှီကန်က မကြာခဏဖြေရှင်းပေးလေ့ရှိပြီး အကြမ်းဖက်မှုများကိုလည်း တိုက်ခိုက်ဖြေရှင်းပေးခြင်းကြောင့် ရွာသူရွာသားများက ရှီကန်၏ အရည်အချင်းနှင့် သူရဲကောင်းစိတ်ဓာတ်ကို အားကိုးအားထားပြုခဲ့ကာ ရှီကန်ကို လေးစားခဲ့ကြသည်။အဆိုပါရွာသူရွာသားများက ရှီကန်၏ တရားမျှတမှု၊ ရဲစွမ်းသတ္တိနှင့် ကိုယ်ခံပညာများကို သဘောကျခဲ့ကြပြီး ရှီကန်ဒန်ဟူ၍လည်း အမည်ပေးခဲ့ကြသည်။

တစ်နေ့သော ဆောင်းရာသီရောက်သောအခါ ကျောက်မျိုးနွယ်၏ သမီးတစ်ဦးမှာ နတ်ဆိုးများ၏ ခြောက်လှန့်ခြင်းကို ပြင်းထန်စွာခံစားရပြီး စိတ်ဝေဒနာကို ခံစားရသည်အထိ ဖြစ်သွားခဲ့သည်။ပိုက်ဆံချမ်းသာသော မျိုးနွယ်ပီပီ သမီးဖြစ်သူ၏ ရောဂါကို ဆရာကောင်း သမားကောင်းများဖြင့် ကုသခဲ့သော်လည်း ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ယင်းမိန်းကလေးမှာ ညစဉ်ခြောက်လှန့်ခံနေရသောကြောင့် ရောဂါမှာ ပိုမိုဆိုးရွားလာခဲ့သည်။ထိုကြောင့် ကျောက်မျိုးနွယ်သူဌေးကြီးက နတ်ဆိုးနှိမ်နှင်းပေးနိုင်သူကို မိမိ၏စည်းစိမ်ဥစ္စာများ ခွဲပေးမည်ဟုဆိုထားပြီး ထိုသူသည် လူပျိုဖြစ်ပါက ၎င်း၏သမီးနှင့် လက်ဆက်ပေးမည်ဟု ကြေညာခဲ့သည်။ထို့ကြောင့် ပင် သူဌေးကြီး၏ စည်းစိမ်တစ်ဝက်ကို လိုချင်ကြသူများခဲ့ပြီး နတ်ဆိုးကို နှိမ်နင်းခဲ့ကြသော်လည်း အကုန်ရှုံးနိမ့်ကြရသည်။ထိုအချိန်မှစ၍ နတ်ဆိုးကို နှိမ်နင်းနိုင်သူမရှိဖြစ်ခဲ့ပြီး အဆိုပါမိန်းကလေးသည်လည်း နေ့စဉ်ခြောက်လှန့်ခံနေရခြင်းကြောင့် တစ်ရက်ထက် တစ်ရက် ရောဂါအခြေအနေမှာ ပိုမိုကာဆိုးရွားလာခဲ့သည်။

ထိုသတင်းကို ရှီကန် ကြားလိုက်သည့်အခါ ကျောက်မျိုးနွယ်သူဌေးကြီး၏ နေအိမ်သို့ ရောက်သွားခဲ့သည်။ထို့နောက်တွင် နတ်ဆိုးလာချိန်ကို အတိအကျမေးပြီး မိမိနှိမ်နင်းပေးမည်ဟူ၍ ပြောလေသည်။ညဘက်ရောက်သောအခါတွင် ကျောက်မိန်းကလေးကို အခြားအိမ်ခန်းတစ်ခန်းတွင်ထားစေပြီး ရှီကန်က ကျောက်မိန်းကလေး၏ အိပ်ခန်းတွင် ကျောက်မိန်းကလေးကဲ့သို့ ဆင်တူစေရန်အတွက် မိန်းကလေးအဝတ်အစားများကို ဝတ်ဆင် အယောင်ဆောင်ကာ ကြေးမီးဖိုနှင့် ခုတင်ပေါ်မှ စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် လေပွေများတိုက်ခတ်လာကာ နတ်ဆိုးမှာ ကျောက်မိန်းကလေး၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။နတ်ဆိုးဝင်ရောက်လာသည်နှင့် ရှီကန်က နတ်ဆိုး၏ ဦးခေါ်ပေါ်သို့ ကြေးမီးဖိုဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သောအခါ နတ်ဆိုးမှာ ဆိုးရွားသည့်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အစိမ်းရောင်မီးခိုးများ ထွက်ပေါ်လာ၍ ထွက်ပြေးသွားလေတော့သည်။ထိုအချိန်မှစ၍ နတ်ဆိုးသည် ထပ်မံပေါ်မလာတော့ဘဲ သူဌေးကြီးကလည်း လွန်စွာဝမ်းမြောက်သွားခဲ့ပြီး ၎င်းကြေညာထားသည့်အတိုင်း စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတစ်ဝက်ကို ရှီကန်ထံသို့ ခွဲဝေပေးကာ ၎င်း၏သမီးဖြစ်သူနှင့် လက်ဆက်စေခဲ့သည်။သို့ရာတွင် ရိုးသားသော ရှီကန်က စေတနာသန့်သန့်ဖြင့် ကူညီပေးခဲ့ခြင်းဖြစ်သည့်အတွက် သူဌေးကြီးမှ ကြေညာထားသည့်အတိုင်း ပေးသည်ကို ငြင်းဆိုခဲ့သည်။

ထိုဖြစ်ရပ် အကြောင်းအရာများကို ရွာသူရွာသားများက သိသွားကြသောအခါ ရှီကန်ကို ပိုမို၍အားကိုးကာ ချီးကျူးခဲ့ကြသည်။ထို့နောက်တစ်ဖန် ယန်ဇီမြစ်တောင်ဘက်၊ ဟန်ကျိုးမြို့မှ မိန်းကလေးတစ်ဦးသည်လည်း အလားတူ နတ်ဆိုး၏ ခြောက်လှန့်မှုကို ရင်ဆိုင်ရပြန်သည်။ထိုနတ်ဆိုးက ကောင်းကင်နှင့် မြေကြီးကိုလည်း မကြောက်ကြောင်း၊ ၎င်းကြောက်သည်မှာ ရှီကန် တစ်ဦးတည်းသာရှိသည်ဟု ကြွေးကြော်သည်ကို ရွာသူရွာသားများက ကြားခဲ့ကြောင်း ဆိုကြသည်။ထိုသို့ကြားကြသည့် ရွာသူရွာသားများက ရှီကန်နေထိုင်ရာ တိုက်ရွဲ့မြို့သို့ ရောက်လာကြပြီး ရှီကန်ထံ၌ အကူအညီတောင်းခံကြသည်။ထို့နောက် ရှီကန်သည် အကူအညီပေးရန် ဟန်ကျိုးမြို့သို့ ရောက်လာခဲ့သည်။

ရှီကန် ရောက်ရှိလာကြောင်းကို နတ်ဆိုးများက ကြားသိရသည်နှင့် ရှီကန်၏ နှိမ်နင်းလုပ်ဆောင်မှုမတိုင်မီ ထွက်ပြေးသွားကြလေသည်။ထိုမှစ၍ ရှီကန်သည် ယခင်ကထက် ပိုမို၍ ကျော်ကြားလာခဲ့သည်။နောက်ပိုင်းတွင် နေ့တိုင်းလိုလို ရှီကန်ထံ၌ အကူအညီလာတောင်းသူများ အများအပြားရှိခဲ့သည်။ထို့ကြောင့် ရှီကန်သည် ၎င်းထံသို့ အကူအညီလာတောင်းသည့် အမြို့မြို့အနယ်နယ်သို့ ကိုယ်တိုင်မသွားရောက်နိုင်ခြင်းကြောင့် ပန်းရံဆရာကို ခေါ်ယူပြီး တရုတ်စာလုံးဖြင့် “泰山石敢當”  ဟူ၍ ကျောက်ပြားပေါ်တွင် ထွင်းခိုင်းစေကာ နေအိမ်များ၌ ထားရှိစေခဲ့သည်။

လူအများအပြားကလည်း ယင်းကဲ့သို့ ရေးထွင်းထားသော ကျောက်ပြားမှာ နတ်ဆိုးများကို ပြန်လည်ခြောက်လှန့်နိုင်သည်မှာ မဖြစ်နိုင်ဟူ၍လည်း ဆိုခဲ့ကြသည်။သို့ရာတွင် ရွာသူရွာသားမျာက အိမ်တံခါးများကို ဆောက်လုပ်သည့်အခါ ယင်းကဲ့သို့ စာသားရေးထွင်းထားသည့် ကျောက်ပြားကို အိမ်တံခါး၌ ထည့်သွင်းတည်ဆောက်ခဲ့ကြခြင်းကြောင့် နတ်ဆိုးများမှာ ယင်းကဲ့သို့ စာဖြင့်ရေးထိုးထားသည့် ကျောက်ပြားကို မြင်လိုက်သည်နှင့် ထွက်ပြေးသွားခဲ့သည်။ထိုအခါ ရှီကန်၏ ကျောက်ပြားသည် ကျော်ကြားလာပြီး နတ်ဆိုးများရန်မှ ကာကွယ်ရန်အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလို ယနေ့အချိန်အထိတိုင်အောင် အသုံးပြုခဲ့ကြသည်ဟူ၍လည်း ဆိုထားကြသည်။

ရန်ကုန်မြို့ရှိ အဆိုပါ ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းတွင်လည်း ယင်းကဲ့သို့ ရေးထိုးထားသော ကျောက်ပြားရှိပြီး အချို့သောသူများက ကျောက်ပြားရှေ့တွင် ဆီမီး၊ အမွှေးတိုင် ထွန်းညှိခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ကျောက်ပြားနှင့်ပတ်သက်သည့် ဒဏ္ဍာရီဆန်သော စိတ်ဝင်စားဖွယ် ရှည်လျားသည့် အကြောင်းအရာများကို ဗဟုသုတရဖွယ်အဖြစ် ဘုရားကျောင်း တာဝန်ရှိသူများက ဆိုထားကြသည်ကို မျှဝေဖော်ပြလိုက်ရပါသည်။

ဧပရယ်လ်
ကိုးကား - (Avalokiteśvara Bodhisattva - Buddhist Temple and Chinese Culture)