【 ဆောင်းပါး 】 လူကြီးဆန်ဖို့ .....

【 ဆောင်းပါး 】 လူကြီးဆန်ဖို့ .....

မနေ့က ကျနော့်အသက် ၅၈ နှစ်ပြည့်ပြီ။ ၆၃ ခုနှစ်ဖွား ကျနော် ဘဝဖြတ်သန်းမှုများသည် ယခုနေ ပြန်စဉ်းစားကြည့်သည့်အခါ ခဏလေးဖြစ်သည်။

နှစ်များ၊ လများ၊ ရက်များ နာရီများကိုကြည့်ပါက ၅၈ နှစ်ဟူသည် များသည်ဟု ထင်ရသော်လည်း တကယ်တမ်းက လျင်မြန်စွာဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းငယ်တစ်ခုအတွင်း ရပ်နေသူလို ဘဝအဖြစ်အပျက်များသည် တစ်ခုပြီး တစ်ခု တစ်နှစ်ပြီး တစ်နှစ် မှတ်မှတ်သားသားမရှိခင် ပြီးဆုံးပျောက်ကွယ်သွားသည်။

ငယ်စဉ်ကတော့ အဖွားတွေနှင့် နေရသဖြင့် အဖွားဖြစ်သူ၏ ပျော့တွဲတွဲ လက်ကို ဆွဲကြည့်ကာ ဘာလို့ အဲလိုဖြစ်တာလဲဟု အမေ့ကို မေးကြည့်သည်။အမေက နင့်အဖွားက အသက် ၈၀ ကျော်ပြီလေ။ဒီအရွယ်ဆို ဒီလိုပဲဟု ခပ်လွယ်လွယ် အမေက ဖြေသည်။ကျနော့်ခေါင်းထဲတော့ အသက်ကြီးတာက ဒီလိုဖြစ်စေလားဆိုတာ ထိုတုန်းက ကလေးတစ်ယောက်အတွေးဖြင့် စဉ်းစားလို့မရနိုင်ခဲ့။ထို့အတူ အဖွားက သူငယ်စဉ်ကအကြောင်းတွေကို မြေးတွေကို မကြာခဏပြောပြတတ်သည်။တစ်ခါတရံ အဖွားက ပန်းပန်တာ၊ သနပ်ခါးလူးတာတွေရှိတာ၊ ညဘက် အိပ်ယာထဲ သေးပေါက်ချတာတွေရှိသည့်အခါ လူတွေ အသက်ကြီးလာသည့်အခါ တစ်ခါတရံ သူငယ်ပြန်တာလည်းရှိလာပါလားဟု ထပ်တွေးမိသည်။သို့သော် မိသားစုနှင့်ဆိုင်သည့် အကြောင်းအရာအတော်များများတွင် အဖွားသည် အရေးပါသည့်နေရာတွင် အမြဲရှိနေခဲ့သည်။

အသက်သည် အဖွားနှင့် နေခဲ့သည့် လေးငါးခြောက်နှစ်အရွယ်မှသည် ယခုအချိန်ထိ ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲလာသလို စိတ်ပိုင်းမှာလည်း များစွာပြောင်းလဲလာသည်။ငယ်စဉ်တုန်းက စဉ်းစားမရသော အကြောင်းအရာများသည် ယခုအခါ ဘာလဲဆိုတာကို ခြေခြေမြစ်မြစ် သိလာပြီဖြစ်သည်။ကြာသည်ဟု ထင်ခဲ့သော ငယ်စဉ်က အချိန်များသည်  ယခုပြန်တွေးတော့ ခဏတာလေး။တချို့သော အချိန်ကာလများသည် လူတစ်ယောက် စိတ်ထဲ ဖျပ်ကနဲ ပြန်တွေးလို့မရအောင် မှတ်ဉာဏ်တွင် ပျောက်ကွယ်ကုန်သည်။ဘဝမှာ အကြီးအကျယ်အောင်မြင်မှုဟု ထိုစဉ်တုန်းက မှတ်ထင်ထားသည့် အခိုက်အတန့်ကာလများသည့် ယခုအခါ မနည်းအမှတ်ရအောင် ပြန်ဖော်နေရသည်။ ထူးခြားသည်က မမှတ်ထားသော နာကျင်စရာများနှင့် ကိုယ့်ကြောင့် ထိခိုက်သူများ၏ အကြောင်းအရာများသည် အသက်ရှင်စဉ်ကာလတစ်လျှောက်လုံး အောင်မြင်မှုများကသာ ကျနော်တို့ခေါင်းထဲ စိတ်နှလုံးသားထဲ အချိန်ကြာမြင့်စွာရှိခဲ့သည်။ပြန်စဉ်းစားကြည့်သောအခါ မလိုအပ်သည့် စိတ်ခံစားမှုများက ဘဝတစ်လျှောက်လုံး အဖိုးတန်သောအချိန်များကို ဖြုန်းတီးခဲ့သည်ကို တွေ့ရသည်။တချို့အရာများသည် ကိုယ်ဘက်က တွေးထင်မှုများဖြစ်ပြီး တချို့အရာများမှာ နောင်တများဖြစ်ပြီး ယခုအချိန်တွင် ကာယကံရှင်များက ထိုအဖြစ်ကို မေ့ပျောက်နေပြီဖြစ်သော်လည်း ကျနော်တို့မှာ ယခုထိ ထမ်းပိုးထားဆဲ။

တကယ်တော့ အသက်ကြီးလာလေ ပို၍တန်ဖိုးကြီးလာလေ ဖြစ်ရမည့်အစား ပို၍သုံးမရဖြစ်လာသည်မှာ လူကြီးတွေသာဟု ဆိုရမည်ဖြစ်သည်။တစ်ခါတလေ လူငယ်တွေ၊ ကလေးငယ်တွေ၏ အနာဂတ်နှင့် ဘဝကို အသက်ကြီးသည့်သူများ၏အတ္တက ဖျက်ဆီးသလို ဖြစ်နေသည့်အခါကိုလည်း တွေ့ရသည်။ထိုအခါမျိုးဆို စိတ်မသက်မသာဖြစ်မိသည်လည်းရှိ ဒေါသထွက်မိတာလည်းရှိသည်။ဘာကြောင့်များ လူတွေ အသက်ကြီးမှ အတ္တတွေကြီးနေရတာလည်းဟု နားမလည်မိသလို သေလျှင် ဆုပ်ကိုင်ဆွဲယူထားလို့မရသည့် အရာတွေအတွက် ဘာကြောင့် သေခါနီး ကိုယ်ရဲ့ အဖိုးတန်အချိန်တွေကို ဆုံးရှုံးခံနေရတာလည်းဟု တွေး တွေးနေမိသည်။

ကျနော်နေခဲ့သည့် နေရာတွေက တောမကျ၊ မြို့မကျသည့် နေရာတွေဖြစ်သည်။ဒီလိုနေရာတွေမှာက မြန်မာဓလေ့အငွေ့အသက် မကုန်သေးသည့်  နေရာဒေသတွေဖြစ်သလို အသက် ၅၀၊ ၆၀ ဆိုလျှင် ရပ်ရွာက အလိုလို လူကြီးစာရင်းသွင်းကာ ရပ်ရေးရွာရေးတွင် ပါရပြီဖြစ်သည်။ထိုနေရာတွင်နေသည့် ကျနော့်အဖို့ စာသင်သည့် ဆရာလည်းဖြစ်တော့ တချို့ကိစ္စများတွင် ဝင်၍ဆုံးဖြတ် မှတ်ချက်ပေးရသည်များရှိသလို ဦးဆောင်ဦးရွက်ပြုရသည်လည်းရှိသည်။လူကြီးတစ်ယောက်လို၊ မိဘတစ်ယောက်လို ရပ်ရေးရွာရေးကို တွေးရသည်လည်းရှိသလို ရှောင်လွှဲမရသည့်ကိစ္စများတွင် ဝင်ဆုံးဖြတ်ရသည့်အခါများလည်းရှိသည်။ထိုသို့ဆုံးဖြတ်ရသည်အခါတိုင်း ညအိပ်သည့်အခါ တွေးမိသည်က ငါစဉ်းစားလုပ်ကိုင်တာ မျှတရဲ့လားဆိုသည့် အတွေးပင်။အဓိကစဉ်းစား တွေးတောမိသည်မှာ ငါလူကြီးဆန်ရဲ့လားဆိုသည့် အချက်ပင်။

ဖြတ်သန်းခဲ့ရသည့်ကာလများတွင် ငယ်ရွယ်နုပျိုစဉ်က မှားခဲ့ခြင်းအတွက် သိလို့မှားခြင်း၊ မသိလို့မှားခြင်းကို ငယ်လို့ဟု ဆင်ခြင်ပေးလို့ ရနိုင်သော်လည်း အသက်ကြီးလာသည့်အခါ မှန်ဖို့ထက် မမှားဖို့ကို စိတ်က ပိုဂရုစိုက်လာသည်။နေရာတကာ ပါဝင်ရခြင်းထက် လိုအပ်မှ ပါဝင်ရခြင်းကို ပိုပြီးသိလာသည်။တချို့သောကိစ္စရပ်များတွင် ငယ်စဉ်က တွေးမိမှုများနှင့် ခြားနားစွာ တွေးတောတတ်လာသည်။ငယ်စဉ်က မမြင်သော ရှုထောင့်မျိုးမှ အမြင်မျိုး အသက်ကြီးလာသည့်အခါ မြင်တတ်လာသည်။တချို့ကိစ္စများတွင် တော်ရုံတန်ရုံနှင့် မတုန်လှုပ်တတ်တော့။သေခြင်းတရားက တရွေ့ရွေ့ကပ်လာသည့်အခါ လူ့လောကတွင် ဖြစ်ထွန်းတည်ရှိနေသည့် လူပယောဂဖြင့် ဖြစ်နေသည့် အကြောက်တရားများသည် သေးငယ်သွားသည်။

ကျနော် ငယ်ငယ်က သူရဲကြောက်သည်။ရေကြောက်သည်။ညဘက်ဆို မှောင်ထဲ မကြည့်ရဲ။ရေချိုးလျှင် တစ်ယောက်တည်းမချိုးရဲ။အဖော်ရှိမှ ရေတိုင်ကီထဲမှ ရေကို ခပ်ရဲသည်။ညဘက်ဆို ရေတိုင်ကီထဲက ရေခပ်ရမှာစိုးသဖြင့် ညဘက် ရေမချိုး။သို့သော် အသက်တွေကြီးလာသည့်အခါ ညဘက် တစ်ချက် နှစ်ချက်ထိုး ညအမှောင်မှာ လှိုင်သာယာ-ပုသိမ်လမ်းကို တစ်ယောက်တည်း လျှောက်ရဲလာသည်။ညဘက် ရေတိုင်ကီထဲက ရေသာမက သမ္ဗာန်ပေါ်ကနေ မြစ်ရေကိုခပ်ကာ ရေချိုးရဲလာသည်။နာရေးအိမ်တွင် ညဘက် သွားစောင့်အိပ်ပေးရတာ၊ သေဆုံးသူ ခန္ဓာကိုယ်ကို ရေချိုးပေးရတာတွေ လုပ်ပေးတတ်လာသည်။

စိတ်သည် လွန်စွာဆန်းကြယ်လေသည်။ငယ်စဉ်က ဂရုမစိုက်ခဲ့သော အရာများသည် ကြီးလာသောအခါ လွန်စွာအလေးထားနေရသည်။ငယ်စဉ်က တန်ဖိုးမထားခဲ့သည့် လူအချင်းချင်း ဆက်ဆံရေးသည် ကြီးလာသောအခါ အလွန်ဂရုပြု တန်ဖိုးထားနေရသည်။ငယ်စဉ်က လက်လွတ်စပယ်ပြောတတ်သည့် အကျင့်သည် ကြီးလာသည့်အခါ စကားတစ်ခွန်းမှားမှာကို အလွန်ဂရုပြုနေရလေသည်။

အချိန်များစွာသည် မကြာသေး။သို့သော် ကျနော်တို့မှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ များစွာပြောင်းလဲကုန်ပြီဖြစ်သည်။မကောင်းသည့်ဘက်ကို ရောက်နေသည့် စိတ်ကို အလျင်အမြန် ဘရိတ်သပ်ရသည်။ကောင်းသည့်ဘက်ရောက်အောင် ဂငယ်ကွေ့တွေ ကွေ့ရသည်။သို့သော် ယခုထိ ကောင်းသည့်ဘက် မရောက်သေး။ရင့်ကျက်မှုသည် အချိန်နှင့်ဆိုင်သလို ကိုယ်ချင်းစာတရား၊ ဘဝအတွေ့အကြုံနှင့် များစွာဆိုင်သလို နောင်တများ၊ အမှားများဖြင့် ပေးဆပ်ခဲ့ရမှုအပေါ် သင်ခန်းစာယူရမှုအပေါ်လည်း မူတည်လေသည်။ယခုတိုင် ကျနော် အမှားမကင်းဆဲ။

ယခု ကျနော် အသက် ၆၀ ဝန်းကျင်။အဖွားလို အသက် ၈၀ ကျော်နေရဖို့ ကျန်းမာရေးက မသေချာ။တန်ဖိုးထားခံရဖို့ မသေချာ။အတန်းပညာအရ အဖွား၊ အဖေ၊ အမေတို့ထက် ပိုသော်လည်း အသိတရားရရှိမှု နောက်ကျခဲ့သဖြင့် ယခုတိုင် အရာရာတွင် အဖွားတို့လို လူကြီးဆန်ဖို့ ကျနော်တို့ ကြိုးစားနေရဆဲ။

မောင်ဦးလွင်
Photo Credit - Griswold Home Care