【 ဆောင်းပါး 】 လူမှုကူညီရေး အင်နှင့်အားနှင့်လုပ်ဆောင်ရန် တက်ကြွလှုပ်ရှားခြင်း

【 ဆောင်းပါး 】 လူမှုကူညီရေး အင်နှင့်အားနှင့်လုပ်ဆောင်ရန် တက်ကြွလှုပ်ရှားခြင်း

ရည်ရွယ်ချက်ကောင်း ပိရမစ်ပေါ်ကိုတက်ခြင်း နည်းလမ်းနဲ့ မိမိလက်ရှိအလုပ်ရဲ့ ရည်ရွယ်ချက်ကောင်းကို ရှာဖွေပြီး၊ ပိုမိုတိုးတက်အောင်လုပ်ခြင်းဖြင့် အလုပ်ရဲ့ တန်ဖိုးလည်း ပိုမိုတိုးတက်လာမယ့်အပြင် မိမိကလည်း ကိုယ်အလုပ်လုပ်ရတာကို ပိုမိုပျော်ရွှင်စိတ်ချမ်းသာလာခြင်းနဲ့တကွ စွမ်းဆောင်ရည်များလည်း ပိုမိုမြင့်တက်လာစေဖို့အတွက် ပိရမစ်ပုံနဲ့ စိတ်ကူးပုံဖော် လမ်းညွှန်ခဲ့တာက စိတ်ဝင်စားစရာပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပိုမိုသဘောပေါက်လာစေဖို့အတွက် လက်တွေ့ဖြစ်ရပ်လေးတွေနဲ့ တင်ပြထားတာတွေကို ဆက်လက်လေ့လာကြည့်ကြရအောင်။

လူမှုကူညီရေး အင်နှင့်အားနှင့် လုပ်ဆောင်ရန် တက်ကြွလှုပ်ရှားခြင်း
ကြောက်စရာကောင်းတဲ့ သေခြင်းအမျိုးမျိုးထဲမှာ Cystic Fibrosis (CF) လို့ခေါ်တဲ့ ရောဂါထက် ပိုရက်စက်ပြီး ကြောက်စရာကောင်းတဲ့ ရောဂါ နည်းနည်းပဲရှိပါလိမ့်မယ်။ဒီရောဂါက ကုလို့မရတဲ့ ရောဂါပါ။လူငယ်တွေမှာ အဓိကဖြစ်တတ်ပြီး သူတို့ရဲ့ အဆုတ်ထဲမှာ ချွဲတွေ တဖြည်းဖြည်းပြည့်ကြပ်လာပြီး သေစေတဲ့ ရောဂါပါ။အဲဒီလိုနဲ့ ရောဂါကြောင့် လူနာက အသက်ရှူလို့ မရတော့ဘဲ ဖြစ်သွားမှာပါ။ (CF) ဖြစ်ပြီဆိုရင် သေမိန့်ကျတဲ့သူလိုဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကစလို့ (CF) လူနာတွေကို ဆယ်စုနှစ်ပေါင်းများစွာ နောက်ထပ်အသက်ရှည်စေတဲ့ ကုထုံးကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါပြီ။

နျူးယောက်ကာ ရဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “ခေါင်းလောင်းပုံ” အမည်ရှိ ဆောင်းပါးထဲမှာ အက် တူဂဝမ်က Cystic Fibrosis ရောဂါတိုက်ဖျက်ရေးနဲ့ နာမည်ကျော်ခဲ့တဲ့ မင်နီဆိုတာတက္ကသိုလ်က ကလေးအဆုတ်ရောဂါကု ဆရာဝန် ဝါရမ်ဝါဝတ်ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြခဲ့တယ်။ ၁၉၆၀ ခုနှစ်တွေ တုန်းက ဝါဝတ်က (CF) ဖြစ်နေတဲ့ ကလေးတွေရဲ့ အဆုတ်ကို သန့်ပေးနိုင်ရင် ကလေးတွေမသေဘဲ အသက်ဆက်ဖို့အတွက် လုပ်နိုင်မယ်ဆိုတာကို သတိထားမိခဲ့တယ်။ သို့ပေမဲ့ ဝါဝတ်က အဲဒီအချိန်မှာရှိတဲ့ နည်းပညာကို အသုံးပြုပြီးတော့ပဲ ဖြစ်နိုင်ချေရှိသမျှသာ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ စိတ်ကူးမျိုးမဟုတ်ဘဲ၊ ဖြစ်တန်ချေရှိသမျှ နည်းလမ်းပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံကနေ အစွမ်းကုန်ကြိုးစား လုပ်‌ဆောင်မယ်လို့ စိတ်ဆုံးဖြတ်ပြီး လုပ်ဆောင်ခဲ့တယ်။

ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ သူက ကုထုံးအတွက် ကရိယာအသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။အဲဒါက နားကြပ်အသစ်တစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာကို ထောက်လှမ်းဖို့ အထူးပြုလုပ်ထားတဲ့ ခေါင်းလောင်းတွေနဲ့ ချိတ်ဆက်ထားတာဖြစ်တယ်။ရင်ပတ်မှာဝတ်ရတဲ့ အင်္ကျီကြီးက အဆုတ်ထဲမှာ ချွဲတွေပျော်အောင် လုပ်ပေးနိုင်တယ် (ချောင်းဆိုးရလွယ်ပြီး သလိပ်တွေကို ဟပ်ထုတ်စေနိုင်တယ်)၊ အဲဒီကုထုံးက  လူနာတွေ အဆုတ်ရှင်းအောင် ချွဲသလိပ်အလွယ်တကူထုတ်စေနိုင်တဲ့ ချောင်းဆိုးရောဂါကုနည်းအသစ်အဖြစ်တောင် အသုံးဝင်ခဲ့တယ်။

မသိမသာ ပြောင်းလဲမှုနည်းနည်းလေး လုပ်ခဲ့ပေမယ့် လူနာတွေရဲ့ အဆုတ်ရဲ့ လုပ်‌ဆောင်မှုကို တိုးတက်စေတာကို ဝါဝတ် လုပ်ရင်းကိုင်ရင်းနဲ့ တွေ့ခဲ့ရတယ်။လူနာတွေရဲ့ အဆုတ်ရဲ့ လုပ်ဆောင်မှုက ၉၉.၅ ရာခိုင်နှုန်းကနေ ၉၉.၉၅ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို အပေါ်ယံကြည့်ရင် သိပ်ကောင်းတယ် မထင်ရပေမယ့်၊ တကယ့်လက်တွေ့မှာတော့ ကြီးမားတဲ့ ကွာခြားမှုကြီးတစ်ခုပါ။ကုသမှု တစ်နှစ်အတွင်းမှာ လူနာတွေ နေမကောင်းဖြစ်တာ ၈၃ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်၊ အဲဒီကျဆင်းမှုက (CF) ရောဂါရှိနေတဲ့ ကလေးတွေရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့ပါတယ်။ဝါဝတ်ရဲ့ ကုထုံးက သူ့လောကမှာ ကျယ်ပြန့်စွာ အသုံးပြုလာကြတဲ့အတွက် ဒီသေမင်းရောဂါကြောင့် သက်တမ်းတိုနေရာကနေ ၁၉၆၀ ခုနှစ်များမှာ ၁၀ နှစ် သက်တမ်းတိုးစေခဲ့ပြီး၊ ၂၀၁၃ မှာတော့ နှစ် ၄၀ အထိ လူနာတွေရဲ့သက်တမ်း တိုးတက်လာခဲ့ပါတယ်။

ဝါဝတ်က လူမှုကောင်းကျိုး အားကြိုးမာန်တက် ဆောင်ရွက်မှုကို ရည်ရွယ်ချက် ပိရမစ်ရဲ့ ထိပ်ဆုံးအဆင့်ရောက်တဲ့တိုင်အောင် သူ့လုပ်သက်တစ်လျှောက်လုံး အစဉ်တစိုက် လုပ်ဆောင်ခဲ့တယ်။သင့်အနေနဲ့ သင်ဟာ ရည်ရွယ်ချက်ကောင်း ပိရမစ်ရဲ့ ထိပ်ဆုံးအဆင့်အထိ တက်နိုင်မလား သိချင်ရင် “ကျွန်တော့်အလုပ်က ဝင်ငွေကောင်းဖို့ တစ်ခုတည်း ကြည့်တာမဟုတ်ဘဲ၊ လူမှုဝန်းကျင်ကောင်းကျိုးကို ကြီးမားစွာလုပ်ဆောင်ပေးတယ်” ဆိုတဲ့ အဆိုကို ဘယ်လောက်အထိ သဘောတူသလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။ကျွန်တော်တို့ရဲ့ စစ်တမ်းမှာပါတဲ့ (သတင်းပေးအစီရင်ခံရမယ့် အထက်လူကြီးမရှိသော) လူ ၂,၀၀၀ - ၁၇ ရာခိုင်နှုန်းသော လူနည်းစုက - သူတို့ “အပြည့်အဝသဘောတူ” ပါတယ်လို့ ပြောခဲ့ကြတယ်။အဲဒီလိုဖြေတဲ့သူတွေက ဒီလိုမဖြေတဲ့သူတွေထက် ပိုပြီး စွမ်းစွမ်းတမံ အလုပ်လုပ်ကြတာကို တွေ့ရတယ်။ဒီအဆိုကို အပြည့်အဝသဘောတူတဲ့သူတွေဟာ လူမှုကောင်းကျိုးအတွက် လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ အပြည့်အဝတာဝန်ယူပြီး သူတို့ရဲ့ခွန်အားကို အသုံးချကြတဲ့အတွက် လုပ်ငန်းခွင်မှာ သူတို့နေ့စဉ်အောင်မြင်ကြဖို့အတွက် အထောက်အကူ ပိုဖြစ်စေတာကို တွေ့ခဲ့ရတယ်။

အသေးအမွှားအလုပ်ဖြစ်ဖြစ် လူမှုဝန်းကျင်အတွက် အကျိုးပြုမယ့် လုပ်ငန်းတာဝန် ကိုယ့်ကိုခိုင်းအောင် ဖြစ်နိုင်သမျှ လုပ်ယူပါ။သင့်အထက်လူကြီးတွေ မေ့ကျန်ကောင်း ကျန်နေနိုင်မယ့် တစ်မျိုးတစ်ဖုံ ပိုကောင်းအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို သူတို့သိမြင်လာအောင် ကူညီပေးပါ။သင်က မန်နေဂျာရာထူး ထမ်းဆောင်နေရတယ်ဆိုလျှင်လည်း သင့်အဖွဲ့တွေကို သင့်ကို အလားတူ ကူညီပေးဖို့ အခွင့်ပေး ပြောထားပါ။

၂၀၀၅ ခုနှစ်က ဂတ်ပင်လယ်ကွေ့ကို ဟာရီကိန်း ကက်ထရီနာ တိုက်ခတ်မွှေနှောက်တုန်းက ကျန်းမာရေးအဖွဲ့အစည်းတွေက ဒုက္ခရောက်နေသူတွေကို ကူညီဖို့ အဖွဲ့တော်တော်များများကို စေလွှတ်ခဲ့တယ်။အဲဒီထဲမှာ ကယ်လီဖိုးနီးယားအခြေပြု စကရစ်ဟဲ့သ်ဆိုတဲ့အဖွဲ့က ပထမဦးဆုံးဖွဲ့စည်းလိုက်တဲ့ ရွေ့လျှားဆေးပေးကုသရေးအဖွဲ့အပါအဝင်ဖြစ်တယ်။

စီအီးအို ခရစ်ဘန်ဂေါဒါ ပြန်ပြောပြတာက ဒီလုပ်ဆောင်မှုက အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခတ်သွားစေပြီး စကရစ်မှာ အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူတဲ့ ခံစားမှုအသစ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်တဲ့။တိုက်ပွဲဝင် ဝန်ထမ်းအမြောက်အများနဲ့ ဖွဲ့စည်းထားတဲ့ ဒီအင်အားကြီး ကျန်းမာရေးစောင့်ရှောက်ရေးကုမ္ပဏီကြီးရဲ့ မိမိကုမ္ပဏီမှာ ရည်ရွယ်ချက်ကောင်းတွေရှိတယ်လို့ အရင်က မခံစားဖူးတဲ့  ဝန်ထမ်းတွေကတောင် အခုဆိုရင် သူတို့အလုပ်မှာ ရည်ရွယ်ချက်ကောင်းရှိပြီလို့ ရေးလာခဲ့ပါတယ်။

အမှုဆောင် လက်ထောက်အရာရှိတစ်ယောက်ကဆိုရင် “စကရစ် ဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်အားလုံးရဲ့ ရဲရင့်သတ္တိ ပြည့်ဝပြီး ကိုယ်ကျိုးစွန့် ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ဆောင်ရွက်မှုတွေကို ကျေးဇူးတင် ဂုဏ်ယူဝမ်းသာအားရလွန်းလို့ မျက်ရည်တောင်ကျမိတယ်” လို့ ဖော်ထုတ်ပြောကြားခဲ့တယ်။စကရစ် ရဲ့ မန်နေဂျာတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို ရည်ရွယ်ချက် ပိရမစ်ရဲ့ အမြင့်ဆုံးအဆင့်ကို တက်နိုင်အောင် ကူညီပေးခဲ့နိုင်ပါပြီ။

လူများစွာက သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး ဟာတာတာ ခံစားနေရတတ်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့အလုပ်က လူမှုကောင်းကျိုးတစ်ခုခုကို ဖြည့်ဆည်း‌ပေးမယ့်ပုံ မပေါက်လို့ပါပဲ။ဒါပေမဲ့ ပိရမစ်က အကြံပြုထားတာက အလုပ်ရဲ့ ရည်ရွယ်ချက်ကောင်းဆိုတာက လူမှုဝန်းကျင်ကို ကောင်းကျိုးပြုတဲ့အရာမှာ ထိပ်ဆုံးအဆင့်ရောက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။တန်ဖိုးရှိတာလေး ထည့်လုပ်ဖို့နဲ့ မိမိအတွက် အဓိပ္ပာယ်တစ်ခုခုရှိနေဖို့လည်း လိုအပ်ပါတယ်။တကယ်လို့ သင့်အနေနဲ့  သင့်အလုပ်က ရေရာတဲ့ လူမှုအကျိုးပြုလုပ်ဆောင်မှု မပါဘူးလို့ သင်ခံစားနေရရင် သင့်အလုပ်မှာ ဘယ်လိုရည်ရွယ်ချက်ကောင်း ဖော်ထုတ်မလဲဆိုတာကို ပိရမစ်မှာ ရှာကြည့်လို့ရပါတယ်။တန်ဖိုးပိုရှိမယ့်၊ ကိုယ့်အတွက် အဓိပ္ပာယ်ရှိမယ့် လုပ်ဆောင်မှုတွေကို ကြိုးစားထုဆစ် ထည့်သွင်းလုပ်‌ဆောင်ကြည့် ပါ။

ကိုယ့်ကိုယ်ကိုယ် စိတ်တက်ကြွအောင်လုပ်ရင်း သူများကိုလည်း အားကျပါစေ။

စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်း - P နှစ်ထပ်ကွမ်း လိုက်ဖက်ညီမှုကို ရရှိထားတာက ဉာဏ်ပါပါ အလုပ်လုပ်ခြင်း တစ်မျိုးပါပဲ။ကိုယ်လုပ်တဲ့ အလုပ်ကို စိတ်အားထက်သန်စွာလုပ်တာနဲ့ အလုပ်မှာ တန်ဖိုးရှိတဲ့ ပေးဆပ်မှုတွေပါအောင် လုပ်ဆောင်တာဟာ သင့်ကို စိတ်ဓာတ်တက်ကြွစေပါတယ်။အဲဒီ စိတ်ခွန်အားက သင်လုပ်သမျှအချိန်တိုင်း အကောင်းဆုံးလုပ်နိုင်အောင် အားဖြည့်ပေးပါတယ်။အဲဒီခွန်အားဖြိုးမောက်မှုက စွမ်းဆောင်ရည်ပိုကောင်းအောင် ပြောင်းလဲပေးနိုင်ပါတယ်။သင့်လုပ်ငန်းလုပ်ဆောင်မှုတွေ ပိုကောင်းလာအောင် သင့်အနေနဲ့ စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်း နှစ်မျိုးစလုံးကို ကျွန်တော်ပြောပြခဲ့တဲ့ နည်းစနစ်သုံးမျိုးဖြစ်တဲ့ - တာဝန်သစ်ရွေးချယ်ခြင်း၊ သင့်စိတ်ထက်သန်မှု စက်ဝန်းကို တိုးချဲ့ခြင်းနဲ့ ရည်ရွယ်ချက် ပိရမစ်ပေါ် တက်ခြင်း - တို့နဲ့ မြှင့်တင်နိုင်ပါတယ်။  

တစ်ပတ်တွင်း အလုပ်လုပ်ချိန်နဲ့ တိုင်းတာရာကနေ တစ်နာရီအတွင်း အလုပ်လုပ်မယ့် ခွန်အားအဖြစ် သဘောထားပြောင်းလဲ တိုင်းတာတတ်အောင် ကြိုးစားခြင်းဖြင့် စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတွေကို သင့်အလုပ်ထဲ ပိုမိုထုဆစ်ဖန်တီး ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။တစ်နေ့တာရဲ့ ဘယ်နှစ်နာရီမှာ သင်ခွန်အားပိုရှိသလဲဆိုတာ ရေတွက်ကြည့်ပါ။အဲဒီအရေအတွက်များလေ သင့်စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက် ပိုကောင်းလာလေဖြစ်တာကို တွေ့ရမှာပါ။

သင့်ရဲ့ ထုတ်လုပ်စွမ်းအားကလည်း နာရီတိုင်းမှာ တိုးတက်လာတာကို တွေ့လာရမှာဖြစ်ပါတယ်၊ အထူးအားဖြင့် သင်ကသာ ကျွန်‌တော်တို့ အရှေ့တုန်းက ဆွေးနွေးခဲ့တဲ့ အလေ့အကျင့်တွေကို လိုက်လုပ်ခဲ့မယ်ဆိုရင် တိုးတက်မှုကို ပိုပြီးသိသိသာသာ တွေ့မြင်လာရမှာဖြစ်ပါတယ်။တကယ်လို့ သင်က သင့်အလုပ်ကို စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်း ထည့်သွင်းအားဖြည့်ထားမယ်ဆိုရင် အဲဒီအားကို ဂရုစိုက်ထည့်သွင်းရမယ့် အချို့နေရာလေးတွေဖြစ်တဲ့ (နည်းနည်းလုပ်၊ စွဲမြဲလုပ်) တန်ဖိုးရှိမယ့်‌ပေးဆပ်မှု (အလုပ်ပုံစံပြောင်းလုပ်ပြီး တန်ဖိုးထည့်သွင်းလိုက်ပါ) နဲ့ (သင်ကြားမှု ဆက်ထုံး) တွေအပေါ်မှာ အာရုံစိုက်လိုက်ပါ။သင့်ကို အစဉ်သဖြင့် တိုးတက်စေပါလိမ့်မယ်။

P နှစ်ထပ်ကွမ်းက သင့်ရဲ့ အားထုတ်မှုနဲ့ အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေမယ့် လောင်စာဖြစ်ပါတယ်။ဒါတွေက အစွမ်းပြပြီး အလုပ်လုပ်နိုင်ဖို့ သင့်ကိုယ်သင် စိတ်အားတက်ကြွအောင် ဘယ်လိုနှိုးဆော်ပေးရမယ်ဆိုတာကို သိစေမယ့် အချက်တွေဖြစ်ပါတယ်။ပြီးတော့ သင့်ကိုယ်တိုင်ရဲ့ တက်ကြွမှုက အခြားသူများ စိတ်တက်ကြွအားကျလာအောင် လှုံ့ဆော်ပေးမှာလည်းဖြစ်ပါတယ်။အဲလိုနဲ့ သူတို့က သင့်ရဲ့အစီအစဉ်တွေ ပန်းတိုင်တွေကို ပံ့ပိုးချင်လာမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရှေ့ဆက်ဆွေးနွေးကြရအောင်ပါ။

                                    အဓိက သိထားရမည့် အချက်များ
                                               P နှစ်ထပ်ကွမ်း

“အလုပ်ကြိုးစားလုပ်” ရှေးရိုးသ‌ဘောထား

ဘာတွေပဲ ပေးဆပ်ရသည်ဖြစ်စေ၊ ဘယ်လောက်ပဲ ပင်ပန်းအောင်လုပ်ရသည်ဖြစ်စေ သင့်ရဲ့ စိတ်ထက်သန်ရာကိုသာ ဦးစားပေးလုပ်ဆောင်ပါ။သင်ချစ်တဲ့ နှစ်သက်တဲ့ အလုပ်ကိုသာ သင်လုပ်နေရင် အောင်မြင်မှုက ထပ်ချပ်မကွာ လိုက်ပါလာပါလိမ့်မယ်။အဲဒီလိုပဲ သင်က သင့်စိတ်ထက်သန်မှုရှိတဲ့၊ လုပ်ချင်တဲ့ အလုပ်ကို မလုပ်ပဲ ပစ်ထားမယ်ဆိုရင် သင်က ပျင်းစရာကောင်းတဲ့၊ စိတ်ကျေနပ်မှုမရှိတဲ့၊ တာဝန်အရသာ ပင်ပန်းကြီးစွာလုပ်နေရတဲ့ အလုပ်ကို သင့်ကိုယ်သင် ခိုင်းစေထားသလို ဖြစ်နေပါလိမ့်မယ်။

“ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” အမြင်သစ်

စိတ်ထက်သန်ခြင်းက အဓိကသော့ချက်ဖြစ်တယ်၊ ဒါပေမဲ့ သင်လုပ်ချင်တဲ့ ချစ်ခင်နှစ်သက်တဲ့ အလုပ်ကိုချည်းပဲ လုပ်နေပါဆိုရင် ဒါက မကောင်းတဲ့ တိုက်တွန်း အကြံဉာဏ်ပေးရာကျပါလိမ့်မယ်၊ သင့်ရဲ့ ကျဆုံးခန်းနဲ့ ပျက်စီးခန်းရောက်အောင် တွန်းပို့ရာ ရောက်ပါလိမ့်မယ်။

အကောင်းဆုံးလုပ်နိုင်တာက စိတ်အားထက်သန်မှုနဲ့ ကောင်းကျိုးကြီးမားစေမယ့် ရည်ရွယ်ချက်ကောင်းတို့ ကိုက်ညီတွဲဖက်မှု ရှိလာစေမယ့် P နှစ်ထပ်ကွမ်းဖြစ်အောင် ရည်ရွယ်ကြိုးစားဖို့ပဲဖြစ်ပါတယ်။အဲဒီလိုလုပ်ဆောင်တဲ့သူတွေက သူတို့အလုပ်လုပ်တဲ့ နာရီတိုင်းမှာ ခွန်အားပြင်းပြင်း အပြည့်အဝထည့်ပြီး စွမ်းဆောင်လုပ်ကိုင်နိုင်တာ တွေ့ရပါတယ်။သူတို့က အလုပ်ချိန်အများဆုံး အလုပ်လုပ်တဲ့သူတွေ မဟုတ်ပါဘူး။သူတို့က သူတို့အလုပ်လုပ်တဲ့ နာရီတိုင်းမှာ အင်အားအပြည့် ထည့်သုံးပြီး ဉာဏ်ပါပါလုပ်သူတွေဖြစ်ပါတယ်။

အဓိက အချက်များ

•    လူတော်များများကတော့ သူတို့ရဲ့ စိတ်ထက်သန်မှုနောက်ကို လိုက်ရင်လိုက်၊ ဒါမှမဟုတ် သူတို့ရဲ့ စိတ်ထက်သန်မှုကို မေ့ပစ်ထားလိုက်ကြတတ်ကြပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ သုတေသနက လမ်းညွှန်ထားတာက ကိုယ့်လုပ်ငန်းတွင်းမှာ စိတ်ထက်သန်မှုရရှိစေဖို့အတွက် လုပ်ရမှာက “စိတ်အလိုလိုက်ဖို့” ဒါမို့မဟုတ် “မေ့ပစ်လိုက်ဖို့” တို့ မဟုတ်ဘဲ ပေါင်းစပ်ကိုက်ညီအောင် ဖန်တီးလုပ်ယူဖို့သာဖြစ်ပါတယ်။

•    ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက်အရ စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတို့ကို ကိုက်ညီအောင် လုပ်နိုင်တဲ့ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေက အဲလိုမလုပ်နိုင်တဲ့သူတွေထက်စာရင် စွမ်းဆောင်ရည် အများကြီးပိုသာတာကို တွေ့ရပါတယ်။သူတို့က မလုပ်နိုင်တဲ့သူတွေထက် ရာခိုင်နှုန်းရမှတ် ၁၈ ပွိုင့် ပိုသာတဲ့ နေရာမှာရှိကြောင်း ကျွန်တော်တို့ရဲ့ လူ ၅,၀၀၀ နဲ့ လေ့လာထားတဲ့ အချက်အလက်မှတ်တမ်းက ဖော်ပြနေပါတယ်။

•    စိတ်ထက်သန်မှုရော ရည်ရွယ်ချက်ကောင်းရော နှစ်မျိုးစလုံး အားသန်တဲ့သူဟာ ခွန်အားပိုရှိတယ်၊ အလုပ်ချိန် တစ်နာရီတိုင်းမှာ အလုပ်ပိုလုပ်နိုင်တာ တွေ့ရတယ်။ (‌နောက်ပြီး သူတို့က အချိန်ပိုအများကြီး လုပ်လေ့ရှိသူတွေ မဟုတ်ပြန်ဘူး။)

•    သင့် စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်း ထားရှိစိတ်ကို တိုးပွားစေဖို့ နည်းလမ်းသုံးသွယ်ရှိပါတယ်။

•    တာဝန်အသစ်ရှာဖွေခြင်း - သင့် လက်ရှိအလုပ်ထဲမှာပဲ ရှာဖွေလို့ရပါတယ်၊ သင်ကျွမ်းကျင်တဲ့ အလုပ်အကိုင်ကနေ ကျော်လွန်ပြီး ရှာဖွေဖို့ မလိုပါဘူး။သင့်အလုပ်ထဲမှာပဲ သင့်စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ကောင်းတို့ ဖော်ဆောင်ဖို့ ပိုအခွင့်အရေးသာတဲ့ အလုပ်တာဝန်အသစ်ကိုရှာပါ။
 
•    စိတ်ထက်သန်မှု စက်ဝန်းကို တိုးချဲ့ခြင်း - အလုပ်ထဲမှာ စိတ်ထက်သန်မှုကို ခံစားရတယ်ဆိုတာ အလုပ်ထဲကပဲ စိတ်ကျေနပ်ပျော်ရွှင်မှုကိုရတယ်လို့ ဆိုလိုတာ မဟုတ်ပါ။စိတ်ထက်သန်မှုက အောင်မြင်မှု၊ တီထွင်ဖန်တီးမှု၊ လူမှုဆက်ဆံရေး၊ သင်ယူရရှိမှုနဲ့ ကျွမ်းကျင်လာမှုတို့နဲ့လည်း ရရှိနိုင်ပါတယ်။သင့်စိတ်ထက်သန်မှု စက်ဝန်းကို တိုးချဲ့ဖို့အတွက် အဲဒီအချက်တွေကနေလည်း လုပ်ကြည့်ပါ။  

•    ရည်ရွယ်ချက်ပိရမစ်ကို တက်လှမ်းခြင်း - (အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့) တန်ဖိုးပိုရှိအောင် လုပ်လို့ရမယ့်နည်းရှာပါ။သင့်ရဲ့ ပေးဆပ်မှုကြောင့် ထိခိုက်မှု တစ်စုံတစ်ခု မရှိစေဖို့ ဂရုစိုက်ပါ။

ဒုတိယအချက်က သူများတွေ ဘယ်လိုအမြင်မျိုးရှိရှိ၊ သင့်အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ အလုပ်ဖြစ်ပါစေ။ဒါက သင့်အလုပ်ဟာ သင့်အတွက် ကွက်တိဖြစ်တဲ့အလုပ်လို့ အမြင်ပြောင်းလာပြီး ထူးကဲတဲ့ အတွေ့အကြုံတွေရလာစေမှာပါ။

တတိယအချက်က လူမှုဝန်းကျင်ကောင်းကျိုးကို ဖြစ်ထွန်းစေဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်မှုဖြစ်ပါစေ။

မိမိရဲ့ လုပ်ငန်းခွင်အတွင်းမှာ P နှစ်ထပ်ကွမ်း (P Square - Passion and Purpose) ဖြစ်အောင် စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတို့ လိုက်ဖက်ကိုက်ညီ (Match) အောင် ဖော်ထုတ်လုပ်ကိုင်တတ်ခြင်းဖြင့် လုပ်ငန်းခွင်တွင်းမှာ ပျော်ပိုက်ပြီး စွမ်းဆောင်ရည်ကောင်းများနဲ့ အစွမ်းပြလုပ်ဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)