【 ဆောင်းပါး 】 လူ့ဘဝ ပြောင်းပြန်

【 ဆောင်းပါး 】 လူ့ဘဝ ပြောင်းပြန်

ကျနော်တို့ တောမှာက အရွယ်လေး လက်တောက်လောက်နဲ့ အရက်မဟုတ်တောင် ထန်းရည်လောက်တော့ မြည်းဖူးကြတယ်။ပြောရရင် ၈ တန်းလောက်အရွယ် မြည်းဖူးကြသူချည်း။

သာရေးနာရေးပွဲတွေက အိုးသူကြီးဝိုင်းတွေဆိုတာ ရပ်ထဲရွာထဲ ကျွမ်းကျင်သူတွေက အခမဲ့လာရောက်ချက်ပြုတ်လေ့ရှိပြီး သူတို့ကို အလှူရှင်က အလှူပွဲပြီးတဲ့နေ့တွေမှာ အရက်လေး ဘာလေးနဲ့ တည်ခင်းလေ့ရှိတယ်။အဲဒီလိုဝိုင်းတွေမှာ ၁၃ နှစ်သားလောက်အရွယ် လက်တောက်လောက်တွေက ဘာရယ်မဟုတ် တစ်ခွက်လောက်တော့ ဝင်နွှဲလိုက်တာမျိုး။

ပြီးတော့ စပါးရိတ်ပြီးလို့ စပါးလှေ့တဲ့အချိန်မျိုးမှာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေ အခမဲ့လာကူလေ့ရှိပြီး အဲဒီလိုအချိန်မျိုးမှာလည်း ညနေစောင်းလာရင် ထန်းရည်နဲ့ တည်းခင်းတတ်တာမို့ လက်တောက်လောက်လေးတွေလည်း တစ်ခွက်လောက် ကစ်လိုက်ကြတာပဲ။

အဲဒီလိုအချိန် လက်တောက်လောက်နဲ့ တစ်ခွက်လောက်ကို လူကြီးတွေ ဘာမှမပြောကြပေမယ့် လက်တောက်လောက်နဲ့ အရက်ဆိုင်ဝင်လာတာမျိုး၊ လူကြီးတွေသောက်တဲ့ဝိုင်း လာထိုင်တာမျိုးနဲ့ တစ်နေရာရာကနေ အရက်သောက်လာတာမျိုးကျ လူကြီးတော်တော်များများက လက်မခံ။အဲဒါက တောယဉ်ကျေးမှု အထိန်းအကွပ်။

ကျနော့်အဖေနဲ့ ဘကြီးကျတော့ လက်တောက်လောက်နဲ့ အရက်၊ ထန်းရည် သောက်ဖူးတဲ့အထဲ မပါ။အရက်ဝိုင်းတွေနား ကပ်ခွင့်မရှိ။မိဘတွေက ပိုက်ဆံရှိ၊ သူတို့အဖေ ကျနော်တို့အဘိုးက အနေတည်သူ၊ လူပျိုဘဝတုန်းက လက်သံပြောင်ခဲ့သူမို့ သူတို့သား ၂ ယောက်ကို ဘယ်သူကမှ နောက်သလိုပြောင်သလိုနဲ့ ရော့၊ အင့် တစ်ခွက် မလုပ်ရဲ။

ကျနော့်အဖေ တန်းမြင့်ကျောင်းထွက်၊ ကျောင်းသားဘဝ ပြီးဆုံးပြီးနောက် သင်္ကြန်ရောက်တဲ့အခါ အချမ်းပြေရုံ အာသွက်ရုံ ရှက်ကီလေး ကစ်လာတယ်။ကျနော်တို့ တောမှာက သင်္ကြန်ဆို ရွာအလိုက် ဘုရားပွဲကျင်းပလေ့ရှိပြီး ဘုရားပွဲကျင်းပတဲ့ရွာဆီ လှည်းတွေအလီလီနဲ့ ချီတက်ကြတာ ယဉ်ကျေးမှု။ဘုရားပွဲကျင်းပတဲ့ ရွာကလည်း လာသမျှ ဧည့်သည်တွေကို ကောင်းပေ့ ဟင်းလျာတွေနဲ့ ထမင်းကျွေး၊ ရိုးရာမုန့်တွေ၊ အအေးတွေနဲ့ တည်ခင်းရုံတင်မက သိပ်ခင်တဲ့ အမျိုးသားမိတ်ဆွေတွေကျတော့ နောက်ဖေးခြံထဲမှာ အရက်နဲ့ ဧည့်ခံလေ့ရှိတယ်။အဲဒီခေတ်အရက်ကတော့ တောအရက်တွေပါပဲ။တတ်နိုင်တဲ့ အိမ်တွေကျတော့ တောအရက်ထဲက အရည်အသွေးကောင်းတဲ့ တောအရက် မပြင်းမပျော့။

သင်္ကြန်နားနီးပြီဆို ဘကြီးနဲ့ သူ့ရဲ့ဦးငယ်တို့ သင်္ကြန်အလည်ထွက်မယ့် လှည်းကို သေချာ လှနေအောင် သ-ကြပြီ။ဦးငယ်ဆိုတာက ဘကြီးတို့အမေရဲ့မောင်။သူ့တူ ၂ ယောက်စလုံးကို ချစ်မှချစ်။ပြီးတော့ ဘကြီးတို့ရဲ့ အဖေက သူ့ယောက်ဖကိုလည်း ချစ်တာမို့ ကြိုက်တာ စိတ်ကြိုက်လုပ် တပြုံးပြုံး။

ဘကြီးတို့ အိမ်မှာက နွားချည်း အကောင်သုံး၊ လေးဆယ်။လှည်း ၃ စီး။လှည်း ၃ စီးထဲက ၁ စီးက ဧည့်ကောင်းစောင်ကောင်းလာရင် လိုက်ပို့ဖို့၊ သင်္ကြန်လည်ဖို့နဲ့ ခပ်ကြွားကြွားသွားရမယ့် နေရာမျိုးတွေမှာ စီးဖို့ တန်ဖိုးကြီးတဲ့ ရှယ်လှည်း။အဲဒီရှယ်လှည်းကိုပဲ ဘကြီးက သေချာ ‘သ’ တယ်။

ဘကြီးက လယ်သမားစိတ်၊ တောသားစိတ်အပြည့်။စိုက်ပျိုးရေးနဲ့ နွားတွေကို သိပ်စိတ်ဝင်စားတဲ့သူဆိုတော့ ခပ်လှလှ ခပ်တောင့်တောင့် နွားအကောင်ကြီးတွေနဲ့ သေချာပြင်ထားတဲ့ လှည်းကို မောင်းရရင် သိပ်ပျော်နေတဲ့သူ။သူတို့ခေတ်တုန်းကလည်း နွားတောင့်တောင့် လှည်းလှလှ မောင်းလာရင် လူသိပ်အထင်ကြီးတာလည်း ပါတာပေါ့။

သင်္ကြန် ဘုရားပွဲသွားပြီဆိုရင် အဖေ့သူငယ်ချင်းရော ဘကြီးသူငယ်ချင်းရော ပါလေ့ရှိတယ်။သူတို့ရဲ့ ဦးငယ်ကတော့ သူ့တူတွေကို စောင့်ရှောက်ဖို့ဆိုပြီး အမြဲလိုက်လေ့ရှိတယ်။လှည်းမောင်းတာက ဘကြီး။လှည်းပေါ်က ကောက်ရိုးတွေအောက်မှာတော့ သူတို့ဦးငယ် သူ့အစ်မတွေ မမြင်အောင် ဝှက်ပြီးယူလာတဲ့ ချက်အရက် ၂ ပုလင်းလောက်တော့ ပါမြဲ။

လှည်းက မြို့ပေါ်ကိုကျော်၊ တစ်ရွာနဲ့ တစ်ရွာကြား လူပြတ်တဲ့နေရာရောက်ပြီဆို ဘကြီးတို့ ဦးငယ်က အရက်ပုလင်းဖွင့်၊ ခွက်သေးသေးလေးထဲ ထည့်ကာ သောက်ချင်တဲ့သူတွေ အချမ်းပြေတစ်ခွက်။သူကတော့ လူကြီးမို့ဆိုပြီး ၂ ခွက်။ကျနော့်အဖေရော လှည်းပေါ်က လူငယ်တွေအကုန် တစ်ယောက်တစ်ခွက်။ဘကြီးကတော့ ဘယ်သူတိုက်တိုက် လုံးဝမသောက်။

“ငါ့အစ်ကိုက ဘုန်းကြီးဝတ်မှာကွ၊ သွားမတိုက်နဲ့” လို့ သူ့ညီ ကျနော့်အဖေက ဆိုလိုက်တော့ ဘကြီးက တဟဲဟဲနဲ့။သူက သူ့ညီ ဘာပြောပြော စိတ်မဆိုးရုံတင်မက အရယ်ပင်မပျက်။ဘုရားပွဲရွာရောက်တော့လည်း သိပ်ခင်တဲ့ အိမ်တစ်အိမ်လောက်မှာ စတည်းချကာ နည်းနည်းပါးပါး အချမ်းပြေလိုက်ကြ။

လူငယ်တွေကတော့ နည်းနည်းပါးပါး သောက်တယ်ဆိုရုံ၊ အာသွက်ရုံထက် ပိုမသောက်ရဲ။ဘကြီးကလည်း သူ့ညီကိုရော လှည်းပေါ်ပါလာသူအားလုံးကိုပါ မလွန်အောင် တားလေ့ရှိတာကြောင့်လည်း ပါတာပေါ့။ညနေစောင်းလို့ အိမ်အပြန်ဆိုရင်တော့ သူတို့ဦးငယ်က အစဉ်အလာမပျက် လှည်းပေါ်မှာ လက်ကျန်ရှင်းလာလိုက်တာ အိမ်ရောက်တော့ လှည်းပေါ်ကနေ တွဲချရမြဲ။

သူ့အစ်မတွေက ဆူဆူပူပူ။သူတို့ဦးငယ်က အေးအေးဆေးဆေး အိပ်ယာဝင်။သင်္ကြန်ကာလ ဘုရားပွဲသွားတဲ့နေ့တိုင်း အဲဒီအချိုးအတိုင်း။

ကျနော့်အဖေက အလုပ်ထဲ ရောက်သွားတဲ့အထိ ရှားရှားပါးပါး တစ်ခါတရံသောက်တာနဲ့ သင်္ကြန်တွင်း နည်းနည်းသောက်တာကလွဲ လုံးဝမသောက်။မိန်းမရပြီးတဲ့နောက် မသောက်သလောက်နီးပါး တော်တော့်ကို ရှားသွားတယ်။

လူငယ်ဘဝ တောက်လျှောက် အရက်ကို လျှာဖျားပေါ် မတင်ဖူးတဲ့ ဘကြီးက အသက် ၂၃ နှစ်လောက်ကစလို့ အရက်ကို တစ်ပတ် အလွန်ဆုံး ၂ ရက်သောက်လာလိုက်တာ အခု အသက် ၈၀ ကျော်တဲ့ထိတိုင်။ဘကြီး အရက်စသောက်ပြီဆိုတော့ တစ်မျိုးလုံး အံ့သြကြရ။သူ့ညီ ကျနော့်အဖေက ဘကြီး အရက်စသောက်ခါစတုန်းက မိန်းမမရတော့မှာ သေချာလို့ အရက်ခွက်ကိုင်တော့တာလို့ ဟားခဲ့တယ်။

ဘကြီးကတော့ သူ့ညီကို “ဒီကောင် မိန်းမရပြီးမှ အရက်မသောက်ရဲတော့တဲ့ မယက” ပါလို့ ပြန်ပက်လေ့ရှိတယ်။

အခု အသက်ကြီးတဲ့အထိ ဘကြီးက သောက်နေတုန်းဆိုတော့ သူ့ညီကမကြည်။အသက်ကကြီးပြီး အခုထိမိုက်တုန်း ကြီးမိုက်ကြီးလို့ အဆိုခံရ။ဘကြီးကတော့ သူ့ထုံးစံအတိုင်း အရယ်အမောမပျက်။တစ်ပတ် တစ်ရက်လောက်တော့ ခွက်ကိုင်မပျက် ကျန်းမာလျက်။

ငြိမ်းဆက်
Photo Credit : Myanmar Digital News