【 ဆောင်းပါး 】 လောဘတဏှာ

【 ဆောင်းပါး 】 လောဘတဏှာ

လောဘတဏှာဆိုတာက လိုအင်ဆန္ဒအပေါ် လိုတာထက်ပိုပြီး စွဲလမ်းမက်မောတာကို ဆိုလိုတာပါ။
 
အသိ သတိလွတ်ပြီး ဖြစ်သင့် မဖြစ်သင့်၊ လုပ်သင့် မလုပ်သင့် မဆင်ခြင် မစဥ်းစားဘဲ လုပ်တာမျိုးပါ။
 
လောကမှာ လောဘရှိတာ သဘာဝပါ။လောဘလုံးဝမရှိတော့သူသည် ရဟန္တာဖြစ်နေလို့ပါ။သာမန် လူသားအပါအဝင် သတ္တဝါအားလုံးမှာလောဘရှိသည်။ထိုလောဘကြောင့်လည်းသံသရာမှာ ဘဝမျိုးစုံနှင့် ဆုံလည်နွားလို အဆုံးမရှိ လှည့်လည်သွားလာနေကြတာပါ။
 
မိမိစိတ်မှာ ဖြစ်ပေါ်လာသော လိုချင်တပ်မက်မှု လောဘကို မတားဆီးနိုင်ဘဲ လောဘနောက် လိုက်ပါမှုကြောင့် အရှက်တွေ၊ အကြောက်တွေပျောက်သွားတတ်ပါသည်။
 
ငါးရာ့ငါးဆယ် နိပါတ်တော်လာ သိင်္ဂါလဇာတ်မှ အလိုလောဘ၏ ဆွဲဆောင်မှုကြောင့် အဆင် အခြင်မရှိ၊ အရှက်မရှိဘဲ မြေခွေးစကားကို အလွယ်တကူယုံခဲ့သော ပုဏ္ဏားတစ်ယောက်ရှိခဲ့ဖူးသည်။
 
ဘုရားလောင်းသည် သုဿာန်တောမှာ ရုက္ခစိုးနတ်ဖြစ်သည်။ပြည်သူတို့သည် နက္ခတ်ပွဲ သဘင် ကျင်းပကြရာ လမ်းဆုံလမ်းခွများတွင် ငါး၊ အမဲသား စသည်တို့နှင့် အရက်အိုးများကိုချထားကြသည်။မည်သည့်တိရစ္ဆာန်မှ မြို့ထဲကိုမဝင်စေရန် အမှုထမ်းများက အထူးစောင့်ကြည့်လျက်ရှိသည်။
 
ညသန်းခေါင်ယံအချိန်တွင် မြေခွေးတစ်ကောင်သည် ရေထုတ်ပြွန်ပေါက်မှတစ်ဆင့် မြို့တွင်းသို့ဝင်လာပြီး ငါး၊ အမဲသားများကိုအားရပါးရစားကာ အရက်တွေလည်း တစ်ဝသောက်သည်။ထို့နောက် ချုံတစ်ချုံနောက်မှာ ဝင်အိပ်နေသည်။မနက် မိုးလင်းသောအခါ အပြင်ပြန်ထွက်ဖို့ အခက်အခဲဖြစ်နေလေသည်။ထိုသို့အခက်အခဲဖြစ်နေစဥ်မှာ ပုဏ္ဏားတစ်ယောက်ကို လှမ်းမြင်လိုက်၍ နည်းနည်းအားတက် သွားသည်။ပုဏ္ဏားတို့သည် အများအားဖြင့် ဥစ္စာပစ္စည်းကို တပ်မက်လေ့ရှိတာကို သူသိထားသည်။ထိုပုဏ္ဏားကိုလည်း ဥစ္စာနှင့် ဆွဲ ဆောင်ပြီး အသုံးချရန် အကြံရသည်။
 
သို့နှင့် ပုဏ္ဏားဆီသို့ ချဥ်းကပ်ကာ သူ့မှာအသပြာနှစ်ရာရှိကြောင်း သူ့ကို မြို့ပြင်သို့ ခေါ်သွားပေးလျှင် ထိုအသပြာနှစ်ရာ ပေးမည်ဟု ပြောလိုက်တော့ သူထင်သည့်အတိုင်း ပုဏ္ဏားက သူ့စကားကို ယုံကြည်ပြီး သူ့ကိုခေါ်ထုတ်ပေးမည်ဟု ပြန်ပြောသည်။ထို့နောက် ပုဏ္ဏားက သူ့ကိုအပေါ်ရုံ ပုဆိုးနှင့်ခြုံကာ ချိုင်းကြားမှာပွေ့ကာ မြို့ပြင်သို့ထွက်ခဲ့ပြီး သုဿာန်သို့ရောက်သောအခါ သူ့ကိုအောက်ချပေးသည်။
 
မြေခွေးက အသပြာနှစ်ရာ ထည့်ရန် ပုဏ္ဏား၏ အပေါ်ရုံ အဝတ်ကို မြေပေါ်မှာ ဖြန့်ခင်းစေပြီး နောက် သစ်ပင်ရင်းကို တူးစေသည်။ပုဏ္ဏားလည်း မြေခွေးခိုင်းသည့်အတိုင်း သစ်ပင်အရင်းကို အားကြိုးမာန်တက် တူးနေသည်။ထိုအချိန်မှာ မြေခွေးက မြေပြင်မှာ ဖြန့်ခင်းထားသောပုဏ္ဏား၏ အပေါ်ရုံ အဝတ်ပေါ်မှာ ကျင်ကြီး ကျင်ငယ်များ စွန့်ချထားကာ သုဿာန်ထဲသို့ဝင်ပြေးသွားတော့သည်။
 
လောဘကြီးသော ပုဏ္ဏားလည်း သူလိုချင်သောအသပြာနှစ်ရာ မရသည့်အပြင် မြေခွေးကို သယ် ပိုးရတာ၊ မြေတူးရတာ၊ သူ့ဝတ်ရုံမှာကျင်ကြီး ကျင်ငယ် အစွန့်ခံရတာသာ အဖတ်တင်ပြီး ဒေါသ တကြီး ကျန်ခဲ့လေသည်။
 
မမြင်ရသည့် အသပြာနှစ်ရာကို အလိုရမ္မက် 
တက်ကာ မြေခွေးစကားကို အလွယ်တကူယုံခဲ့မိ သဖြင့် ရှက်စရာဖြစ်ခဲ့ရသည်။
 
တချို့က ငွေကြေးအပေါ် လောဘတက်သည်။တချို့က အဝတ်အစား၊ တချို့က အစားအစာ စသဖြင့် အမျိုးမျိုးလောဘတက်တတ်သည်။
 
ငါးရာ့ငါးဆယ်နိပါတ်တော်လာ ဝါတမိဂဇာတ်မှ ရသတဏှာကြောင့် ကောင်းကင်သို့ပျံတက်နိုင်သော သမင်ပျံသည် နန်းတော်ထဲတွင်အလွယ်တကူအဖမ်းခံခဲ့ရသည်။
 
သဉ္ဇယသည် ဗြဟ္မဒတ်မင်းကြီး၏ ဥယျာဥ်မှူးဖြစ်သည်။တစ်နေ့တွင် ဥယျာဥ်မှူး သဉ္ဇယသည် ဥယျာဥ်ထွက် သီးနှံများကို ခူးဆွတ်၍ မင်းကြီးကိုလာရောက်ပြသသည်။မင်းကြီးက ဥယျာဥ်၏အခြေအနေ မေးမြန်းသောအခါ သဉ္ဇယကအားလုံးအဆင်ပြေကြောင်းနှင့် ထူးထူးခြားခြားဆို၍ သမင်ပျံတစ်ကောင် ဥယျာဥ်သို့ မကြာခဏလာတတ်ကြောင်း လျှောက်ထားသည်။
 
ထိုသမင်ပျံကို ရှေ့တော်မှောက်တွင် သေသေချာချာကြည့်ချင်လှသော်လည်း အပေါ်သို့ ပျံတက်ပြေးနိုင်သော အကောင်ဖြစ်၍ ဖမ်းဖို့တော့ လွယ်မည်မဟုတ်ဟု ပြောသည်။
 
မင်းကြီးသာ အမိန့်ပေးလျှင်ရအောင် ဖမ်းပေးနိုင်ကြောင်း သဉ္ဇယက လျှောက်တင်သည်။
 
ထိုအခါ မင်းကြီးက သမင်ပျံကို ဖမ်းပေးနိုင် မည်ဆိုလျှင် ဥယျာဥ်မှူးအလိုရှိတာ ပြောဆိုတော့ သဉ္ဇယက ပျားရည်များများရပါလျှင် ထိုသမင်ပျံကို ဖမ်းပေးပါမည်ဟု ပြန်လျှောက်ထားသည်။
 
မင်းကြီးက သဉ္ဇယကို အလိုရှိသလောက် ပျားရည်များ ယူစေကာ သမင်ပျံကို မိအောင် ဖမ်းခိုင်းလိုက်သည်။
 
ဥယျာဥ်မှူး သဉ္ဇယသည် သမင်ပျံ ကျက်စားရာအရပ်မှ မြက်များကို ပျားရည်ဖြင့် လူးထားလိုက် သည်။သမင်ပျံသည် ပထမဆုံးတော့ မြက်များကို မစားသေးပေ။မြက်များအနီးသို့ ကပ်လာပြီး အနံ့ခံလိုက်၊ မလှမ်းမကမ်းကိုသွားပြီး ပြန်ကြည့်လိုက် လုပ်နေပြီးမှ မြက်များကိုနည်းနည်းချင်း စတင်စားသည်။ပျားရည်လူး မြက်များကို စားရသော သမင်ပျံသည် ထိုအရသာကို စွဲလမ်းလာသည်။မလှမ်းမကမ်းမှာလာရပ်နေသော ဥယျာဥ်မှူးကိုပင် ထိတ်လန့်ဟန် မပြတော့ပေ။တစ်စတစ်စနှင့် ဥယျာဥ်မှူးလက်ထဲမှ ပျားရည်လူး မြက်များကို ရင်းရင်းနှီးနှီး ယူစားသည်အထိ ယဥ်ပါးလာသည်။
 
သဉ္ဇယသည် ဥယျာဥ်တော်မှ ဘုရင့်နန်းဆောင်အဝင် တံခါးဝအထိ ဘေးနှစ်ဖက်မှ ဖျာများဖြင့် ကာရံထားသော လမ်းတစ်လျှောက်တွင် ပျားရည်လူးထားသော သစ်ကိုင်းသစ်ခက် သစ်ရွက်များကို ချထားသည်။သမင်ပျံလည်း ဥယျာဥ်တော်မှစတင်ကာ ထိုလမ်းကြောင်းအတိုင်း ပျားရည်လူး သစ်ရွက်များကို လိုက်စားလာရင်းနောက်ဆုံးတွင် ဘုရင့်နန်းဆောင်တံခါးဝအထိ ရောက်လာသည်။နန်းဆောင်ထဲသို့ သမင်ပျံ ဝင်ရောက်သည်နှင့် နန်းဆောင်တံခါးကို ဆွဲပိတ်လိုက်သည်။သမင်ပျံသည် အမိုးအကာများနှင့် လုံခြုံသော နန်းဆောင်ထဲမှ မည်သို့မှ ပြန်ထွက်၍မရတော့ဘဲ ပိတ်မိနေလေသည်။
 
သမင်ပျံသည် ရုတ်တရက် နန်းဆောင်ထဲရှိ လူများကို မြင်ရသောအခါ ထိတ်လန့်တုန်လှုပ်စွာ ဟိုဟိုသည်သည် ပြေးလွှားနေလေသည်။ဘုရင်ကြီးသည် သမင်ပျံကို လာရောက်ကြည့်ရှုရင်း အရသာအပေါ် စွဲလမ်းမိသော သူသည် သူ့အသက်အန္တရာယ်ကိုတောင် သတိမထားနိုင်တော့သည့်အဖြစ်ကို ကောင်းစွာသဘောပေါက်သွားသည်။
 
ကိုယ်တိုင်လည်း ကြည့်ရှုပြီးပြီဖြစ်၊ သမင်ပျံကိုလည်း သနားကရုဏာဖြစ်သည်မို့ ပြန်လွှတ်ပေးလိုက်လေသည်။
 
လူကြောက်တတ်သော သမင်ပျံသည် ပျားရည်အရသာအပေါ် စွဲလမ်းမိသောကြောင့် မကြောက် နိုင်မလန့်နိုင်ဘဲ နန်းတော်တွင်းသို့ သူ့သဘောနှင့်သူ ဝင်ရောက်ကာ အဖမ်းခံခဲ့ရသည်။
 
သာဓကအနေနှင့် ပုဏ္ဏားနှင့် သမင်ပျံကို ပြခဲ့သော်လည်း လောကမှာ လောဘနောက်ကို လိုတာ ထက် ပိုလိုက်မိ၍ မရှက်နိုင်၊ မကြောက်နိုင်ဘဲ မပြောသင့်သည့်စကားများပြော၊ မလုပ်သင့်သည်များကို လုပ်နေကြသော လူများကို တွေ့နိုင်ပါသည်။
 
လောဘဆိုသည်မှာ လိုတာထက်ပို၍ စွဲလမ်းမိလျှင် အမှန်လမ်းမှ သွေဖည်ကာ အမှားကြီးမှားတတ်ပါသည်။
 
တချို့ဆိုလျှင် ပတ်ဝန်းကျင်ရှိ လူအများက သူ့အမှားကို ထင်ထင်ရှားရှား တွေ့နေကြသည့်တိုင်၊ အသေအချာထောက်ပြနေသည့်တိုင် သူကတော့မရှက်နိုင်၊ မကြောက်နိုင် အမှားကို တရားထင်ကာ မှားပြီးရင်း မှားနေတတ်လေသည်။
 
ရိုက်မောင်း