【 ဆောင်းပါး 】 လေးစားမိသည့် ယနေ့လူငယ်များ၏ ရွေးချယ်မှု

【 ဆောင်းပါး 】 လေးစားမိသည့် ယနေ့လူငယ်များ၏ ရွေးချယ်မှု

ညဘက်ဆို ကျနော်က စာဖတ်ပြီးမှ အိပ်သည့် အကျင့်ရှိသည်။ထိုသို့အိပ်သည့်အခါ လူပျိုတုန်းက အမေနှင့် ခဏခဏစကားပြောရသည်။အမေက ညဘက် စာဖတ်သည်ကို သိပ်မကြိုက်။သိပ်မကြိုက်ဆိုသည်မှာ စာဖတ်ခြင်းကို အားမပေးလိုခြင်းကြောင့် မဟုတ်။စာဖတ်ရန် ရေနံဆီရှားခြင်းနှင့် မီးဘေးအန္တရာယ်ကြောင့်ဖြစ်သည်။ကျနော်တို့ လူပျိုပေါက်ဘဝဆိုသည်က ဆိုရှယ်လစ်ခေတ်ပျက်ကာလ။ ၁၉၈၀ ကာလများ။

ထိုကာလတွင် အိမ်တိုင်းမှာ လျှပ်စစ်မီးမရှိ။ရေနံဆီမီးအိမ်သာ ထွန်းရသည်။ရေနံဆီမီးခွက်ထွန်းပြီး မီးမငြှိမ်းမိသဖြင့် မီးခွက်ကို တိုက်မိကာ မှောက်ကျသဖြင့်  မကြာခဏမီးလောင်သည်မှာ ကျနော်တို့ခေတ်၏ ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရပ်တွေဖြစ်သည်။ဒီတော့ ညဘက် ကျနော် စာဖတ်လျှင် အမေ မအိပ်တော့။စာဖတ်ပြီးသည်အထိ ထိုင်စောင့်ပြီး မီးငြှိမ်းပြီးမှ အိပ်သည်။ထို့ကြောင့် ညဘက် စာဖတ်ရခြင်းကို အမေကြောင့် လျှော့ရသည်။

စာအုပ်အငှားဆိုင်မှ မောင်သာပြည့်၊ ငြိမ်းကျော်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မြင့်မောင်မောင် စသည့် စာအုပ်အသစ်လေးများရလျှင်တော့ အမေဆူလဲ ရအောင် ဖတ်သည်။ထိုမျှထိ ရေးရသည်အထိ ကျနော်တို့လူငယ်ခေတ်တွင် အစစအရာရာ ရှားသဖြင့် ချွေတာရသည်။

ညဘက် မီးထွန်းဖို့ ယနေ့ခေတ်လို ဘတ္ထရီဆိုတာလည်းမရှိ။ရေနံဆီတောင်  လိုသလောက်မရ။ကိုယ်တာနှင့် သမဆိုင်မှာ ထုတ်ရသည်။ထုတ်ရသည်ဆိုသည်က ဒီလို။ဆိုင်မှာသွားထုတ်ရတာမဟုတ်။ဆီလှည်းများ (ယခုရေတွန်းလှည်းများလို) တိုင်ကီကိုလှဲကာ တွန်းလှည်းဖြင့်လာသည့် တွန်းလှည်းတွင် တိုကင်ဖြင့် ထုတ်ရသည်။တိုကင်မှာ ယခင်က ဆိုက်ကားဂိတ်များတွင် ကိုယ်အလှည့်မကျသေးပါက ဂိတ်တွင်ချိတ်ကာ တန်းစီထားရသည့် သံပြားဝိုင်းလေးတွေလို တိုကင်ဝိုင်းလေးတွေဖြစ်သည်။ထိုတိုကင်သံပြားတစ်ပြားလျှင် ရေနံဆီ ဘယ်နှစ်ပုလင်းဆိုပြီး ရခြင်းဖြစ်သည်။အလကားရသည်တော့မဟုတ်။ဝယ်ရတာဖြစ်သည်။ဒီကြားထဲ ရေနံဆီမကောင်းပါက မီးထွန်းသည်အခါ မီးစာမှာ မီးစာသီးသေးသည်။ဒီတော့ ရှားပါးလှသည့် ရေနံဆီမီးကို မလိုအပ်ဘဲ မထွန်းကျ။အမေက ညဘက် စာဖတ်သည်ကို ထိုအကြောင်းနှစ်ကြောင်းကြောင့် တားမြစ်ခြင်းဖြစ်သည်။

ကျနော် အိမ်ထောင်ကျတော့ ၈၈ အရေးအခင်း မဖြစ်ခင်လေး။ထိုကာလတွင် မီတာရှိသည့်အိမ်မှ လျှပ်စစ်မီးကို လပေးဖြင့် ယူလို့ရနေပြီဖြစ်သည်။မီးတစ်ပွင့်ကို ဘယ်လောက်ဆိုသည့်နှုန်းဖြင့်။ထိုတုန်းက မီးလုံးတွေက နေရှင်နယ်ဆိုသော ကစလထုတ်တွေသာ။ဒါတောင် တရုတ်ဘက်က မီးလုံးတွေ မီးချောင်းတွေ ဝင်လာမှ လိုသလောက်ရတာဖြစ်သည်။

ထိုအရင်ကဆို မီတာပုံးရှိသည့်အိမ်သာ သမဆိုင်က မီးသီးမီးချောင်း ရောင်းပေးသည်။မီးချောင်းရှိသည့်အိမ်ဆို အတော်လေး ရပ်ထဲရွာမျက်နှာပွင့်သလို ရပ်ရေးရွာရေး အစည်းအဝေးလုပ်ပါက ထိုမီးချောင်းရှိသည့်အိမ်တွင်သာ လုပ်ကြသည်။ဘုရားပွဲတွေမှာ အရင်ကဆို အောက်လင်းဓာတ်မီးတွေ။မှတ်မိနေသေးသည်က ချားရဟတ်တွေနားမှာ လေပေါင်ပြည့်အောင်ထိုးပြီး ထွန်းကြရသည့် အောက်လင်းမီးတွေဖြင့် ဘုရားပွဲကာလတွေကိုပင်ဖြစ်သည်။

၁၉၉၀ ကျော်တော့ လျှပ်စစ်သုံးတာ များလာသည်။လိုင်းတွေကနေ  မီးအဝင်ကလည်း နည်းလာသည်။ဓာတ်အား အဝင်နည်းသဖြင့် မီးလုံးတွေက ခရမ်းချည်သီးသာသာ ‘ဝပ်’ တွေ။ဒီလို မီးအားနည်းလာတော့ တရုတ်ဘက်ကနေ မီးအားနည်းနည်းဖြင့် ထိန်နေအောင်လင်းသော  သင်္ဘောသားမီးသီးတွေဆိုတာ ဝင်လာသည်။တချို့က ဒါကို မာကျုရီလို့ ခေါ်ကြသည်။မာကျူရီမီးကတော့ လမ်းတွေမှာ မြင်လာရသည်။ထိုသင်္ဘောသားမီးသီး၏ အားနည်းချက်မှာ မီးအားမြင့်တက်လာသည်နှင့် မီးသီးကျွမ်းသွားခြင်းဖြစ်သည်။ထိုကာလတွေမှာ လျှပ်စစ်မီးတွေက  မီးအားမငြိမ်သဖြင့် သင်္ဘောသားမီးတွေ ခဏခဏကျွမ်းသည်။တစ်လကို သင်္ဘောသားမီးသီး နှစ်လုံးလောက် မဖြစ်မနေလဲရသည်။

ထို့ကြောင့် အိမ်မှာ စာဖတ်ဝါသနာပါသည့် ကျနော်မှာ ညဘက်စာဖတ်ရတာ အဆင်မပြေ။မီးက ညဘက်ဆို မြင့်တက်လာသဖြင့် မီးသီးမကျွမ်းရန် စောစောပိတ်ရသည်။စာဖတ်ချင်လျှင် ညနေဘက် နေ့ခင်းဘက် ဖတ်ချင်ဖတ်၊ မဖတ်ချင်လျှင် လဘက်ရည်ဆိုင်မှာဖတ်။ဒီလိုနှင့် ကျနော်တို့ခေတ်မှာ လဘက်ရည်ဆိုင်ဆိုတာ စာဖတ်ဝါသနာပါသူတွေ ဆုံမိသည့် နေရာဖြစ်သည်။

ကျနော့်စာဖတ်ဝါသနာမှာ အကုန်အကျကြောင့် လူပျိုဘဝကလည်း ခိုးကြောင်ခိုးဝှက်။အိမ်ထောင်ကျတော့လည်း မိဘအိမ်မှာ ဆက်နေရသဖြင့် အလုပ်တစ်ဖက်နှင့်ဖြစ်သဖြင့် ယခင်ကလောက် မဖတ်ဖြစ်တော့။တစ်ခါတလေ ညဘက် ခြင်ထောင်ထဲ စာဖတ်လျှင်တောင် အမျိုးသမီးက အိပ်မရလို့ ဂျီကျသဖြင့် ဆက်မဖတ်ဘဲ မီးပိတ်ကာ အိပ်လိုက်ရသည်များလည်းရှိသည်။

ဒီကနေ ရပ်ကွက်တွေဖျက်ပြီး မြို့သစ်ရောက်တော့ ညဘက် မီးမရသဖြင့် ဖယောင်းတိုင်မီးဖြင့် တစ်ကျော့ပြန် မီးထွန်းရသည့်အခါ စားဝတ်နေရေးနှင့် တခြားအခက်ခဲတွေ လုံးပမ်းနေရသဖြင့် စာဖတ်ခြင်းမှာ ပို၍အလှမ်းဝေးသွားလေသည်။

စာဖတ်ဖြစ်ခြင်းမှာ စာဖတ်ဖို့ စာအုပ်လွယ်သည်နှင့်လည်း အများကြီးဆိုင်မည်ထင်သည်။ယခင်က စာဖတ်လိုလျှင် စာအုပ်အငှားဆိုင်မှာ သွားငှားလိုက်ရုံ။ဘယ်လောက်မှ မပေးရ။ငါးပြား ဆယ်ပြား။ထိုကနေ တစ်မတ်၊ ငါးမူး၊ ဒီကနေ တစ်ကျပ် နှစ်ကျပ်။ကျနော်တို့ လူပျိုပေါက်တွင် စာအုပ်ငှားခက ငါးမူးသာရှိသေးသည်။ဒီကနေ စျေးတက်လာတာ မဂ္ဂဇင်းတစ်အုပ် တစ်ရက်ငှားခ တစ်ရာ နှစ်ရာ ဖြစ်လာသည်။ဒီတော့ လူတွေ ငှားမဖတ်နိုင်တော့။

စာဖတ်လျှင် မဂ္ဂဇင်းဆို တစ်အုပ်လုံးဖတ်လေ့ရှိသည့် ကျနော့်အကျင့်ကြောင့် ဘာစာအုပ်ဖတ်ဖတ် တစ်ရက်တည်း မပြီးသဖြင့် အငှားဆိုင်ကနေ ငှားဖတ်ရတာ စျေးကြီးလာသည့်အခါ တွက်ချေမကိုက်တော့။မြို့သစ်ရောက်တော့ အတော်လေးအထိုင်လည်းကျ၊စာလည်းလိုက်သင်နေသည့် အချိန်ရောက်သည့် ပြီးခဲ့သည့် ၂၀၁၀ ကျော်ကာလရောက်တော့ စာဖတ်ခြင်းဘက် စိတ်ကပြန်ရောက်လာသည်။ဒီတော့ စာသင်ဖို့အသွား သမိုင်းလမ်းဆုံမှာ ကားဆင်းပြောင်းသည့်အခါ၊ အိမ်သို့အပြန် သမိုင်းလမ်းဆုံတွင် ကားစောင့်သည့်အခါ စာအုပ်အဟောင်းတန်းမှာဝင်ပြီး  စာအုပ်အဟောင်းတွေ ဝင်မွှေလေ့ရှိသည်။အကြိုက်တွေ့တာရှိလျှင် ဝယ်သည်။အများအားဖြင့်တော့ မဂ္ဂဇင်းတွေ။

ဖြတ်သန်းခဲ့ရသည့် အချိန်ကာလတွေနှင့် ရုန်းကန်ခဲ့ရသည့် အချိန်တွေကို ပြန်တွေးမိသည့်အခါတိုင်း ဒီလိုကျပ်တည်းသည့် လမ်းကြောင်းကို ရွေးမိသည်မှာ ခေတ်က ပြဋ္ဌာန်းလိုက်တာလား၊ ကျနော်တို့ကပဲ  ဒီလိုခေတ်ဖြစ်အောင် လျှောက်လိုက်ကြတာလားဟု တွေးမိသည်။အစစအရာရာ ရှားပါးသည့်ခေတ်တွင် မငတ်သည့်လမ်းကို လက်တွေ့ကျကျ ရွေးလိုက်ခြင်းကပင် မငတ်ရုံတမည်နေရသည့် လမ်းကြောင်းပေါ် ရောက်သွားခြင်းလားဟု မုန့်လုံးစက္ကူကပ်သလို လုံးလည်ချာလည်လိုက်စေသည့် အတွေးတွေကို တွေးမိလေသည်။

တစ်ခါတလေ ထိုငယ်စဉ်ကအကြောင်းကို ပြန်တွေးမိသည့်အခါ မနေ့တစ်နေ့ကလိုပင်။သိပ်တောင်မကြာသေးဟု စိတ်ကထင်မိသည်။ညဘက် စာဖတ်ဖို့တောင်ခေတ်မှာ ကြီးပြင်းခဲ့ရသည့် ကျနော်တို့ အသက် ၅၀၊ ၆၀ တန်းလူကြီးများအဖို့ ယခုအချိန်မှာ အင်တာနက်ကနေ ဖတ်ချင်တာ ဖတ်လို့ရသည့် ခေတ်ကာလတွင် အလိုက်သင့် အလျားသင့် စီးမျောနိုင်ဖို့ဆိုတာ လွယ်သည်တော့မဟုတ်။ကျနော့်မှာ တက်ဘလက်လေးတစ်လုံးရှိသည်။တူဖြစ်သူက စာဖတ်ဝါသနာပါသူ  ဦးလေးဖြစ်သည့် ကျနော့်အတွက် လက်ဆောင်ပေးထားခြင်းဖြစ်သည်။ထိုတက်ဘလက်ဖြင့် ဖေ့စ်ဘုတ်လည်း ကြည့်လို့ရသည်။အွန်လိုင်းမှ စာများလည်း ဖတ်လို့ရသည်။တစ်နေ့ညကတော့ အိပ်ရာထဲမှာ လှဲနေရင်း မနက်စာသင်ဖို့အတွက် သင်ရမည့် သင်ခန်းစာတွေကို တက်ဘလက်ဖြင့် ကြည့်နေရင်း ဖေ့စ်ဘုတ်မှ ယနေ့ခေတ်လူငယ်များ ရေးထားသည့် စာများကို ဖတ်မိသည်။ထိုစာများနှင့် အလုပ်အကိုင်များ၊ တွေးခေါ်မှုများ၊ ပညာရေးနှင့် အတတ်ပညာရွေးချယ်မှုများနှင့်ပတ်သက်ပြီး ရေးထားသည်များကို လိုက်ဖတ်မိသည်။ထိုသို့လိုက်ဖတ်ရင်း ကျနော်တို့ တွေးခေါ်မှုနှင့် အတော်ပင်ကွာသွားပြီဆိုတာကို သတိထားမိသည်။

တခြားမကြည့်နှင့်။သင်လိုသည့် အတတ်ပညာကို စဉ်းစားရာတွင်ပင် အလုပ်အကိုင်သေချာစေရန်ဆိုသည်ထက်  ဝါသနာပါသည့် ပညာရပ်ကို ရွေးချယ်သည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေခြင်းဖြစ်သည်။ဘယ်ကလေးမှ ထမင်းစားဖို့သက်သက် ပညာသင်နေခြင်းမဟုတ်တော့။ကိုယ်ဝါသနာပါရာလုပ်ရင်း ကိုယ်ယုံကြည်ရာကိုလုပ်ရင်း လမ်းသစ်ဖောက်နေကြခြင်းဖြစ်သည်။ယနေ့ ကလေးများ၏ လူ့ဘဝအပေါ် တွေးတောမှုနှင့် အရာရာကို စူးစမ်းလေ့လာတတ်ခြင်း၊ ကိုယ်ကြိုက်နှစ်သက်သည့် ဝါသနာပါရာကို ရွေးချယ်တတ်ခြင်းက ကျနော်တို့ခေတ်မှာ မရှိခဲ့သည့် စိတ်ပိုင်းဆိုင်ရာ ပိုင်းဖြတ်မှုများပင်ဖြစ်သည်။

စားဖို့နပ်မှန်ဖို့ တစ်ခုတည်းအတွက်နှင့် သူတို့ဘဝကို ဘောင်ကျဉ်းမခတ်ထားခြင်းက ကျနော်တို့ထက် ပိုပြီးသတ္တိရှိကာ ပို၍ထက်မြက်သည့်စိတ်ဖြစ်သည်။ထိုတစ်ခုတည်းနှင့်ပင် ယနေ့ခေတ် လူငယ်တွေကို ကျနော်အတော်ပင်သဘောကျမိပြီး လေးလည်းလေးစားမိပေသည်။

မောင်ဦးလွင်