【 ဆောင်းပါး 】 လှည့်စားရက်တယ်

【 ဆောင်းပါး 】 လှည့်စားရက်တယ်

လှည့်စားတယ်ဆိုတာ စကားကို ယဉ်ယဉ်ကျေးကျေး ပြောခြင်းသာဖြစ်သည်။တကယ်တော့ လိမ်ညာတာပါပဲ။တစ်စုံတစ်ယောက်ဆီမှ ငွေကြေးရယူရန်၊ အခွင့်အရေးတစ်ခုခုရယူရန်၊ မိမိ၏ပစ္စည်းအတုကို အစစ်ထင်စေရန်၊ မိမိ၏အမှားကို အမှန်ထင်စေရန်၊ မိမိကိုအထင်ကြီးစေရန်၊ မိမိအပြစ်ကျူးလွန်တာကို မပေါ်စေရန် စသည်တို့အတွက် ပိပိရိရိ ဟန်ဆောင်လိမ်ညာခြင်းသာဖြစ်၏။

အိမ်ထောင်သည်အမျိုးသားတစ်ယောက်က မိန်းမပျိုတစ်ယောက်ဆီမှာ သူ့ကိုယ်သူ လူပျိုဟုလှည့်စားပြီး ချစ်ခွင့်တောင်းခဲ့သည်။နှစ်ယောက်သား လက်ထပ်ပြီးမှ သူ့အကြောင်းသိရသည့်အခါ ထိုမိန်းကလေးအတွက် များစွာဆုံးရှုံး နစ်နာရသည်။အငိုလွယ် အရှိုက်ခက်သော ဘဝမျိုးမို့ ဆုံးဖြတ်ရခက်ခဲသည့် အခြေအနေမျိုးနှင့် ကြုံရပြီ။ဒါက တစ်ယောက်ချင်း အလှည့်စားခံရတာပါ။

လူများစု အလှည့်စားခံရတာမျိုးလည်းရှိပါသည်။ကုန်ပစ္စည်းအမျိုးအစားကောင်းတစ်ခုကို အတုလုပ်ပြီး ထုတ်လုပ်ဖြန့်ဖြူးသည့်အခါ ဝယ်ယူမိသော လူများစုမှာ တကယ်သုံးစွဲကြည့်မှ အစစ်မဟုတ်မှန်းသိကာ စိတ်ဒုက္ခရောက်ကြရသည်။အလှည့်စားခံရတယ်ဆိုတာ အတော်လေးကို ဝမ်းနည်းစရာကောင်းပါသည်။နာကြည်းစရာလည်းကောင်းပါသည်။သူ့အပေါ်ထားသော ကိုယ့်ယုံကြည်မှုကို သေသေချာချာ အလွဲသုံးစား အလုပ်ခံရတာပါ။လှည့်စားတတ်သူတစ်ယောက်သည် သူ့ကိုယ်ကျိုးအတွက် သူလုပ်တာကို မလုပ်ဘူးပြောသည်။သူမလုပ်တာကို လုပ်တယ်ပြောသည်။သူမသိဘဲ သိတယ်ပြောသည်။သူသိလည်း မသိဘူးပြောသည်။ထိုသူမျိုးသည် အမှန်ကို အမှား၊ အမှားကို အမှန်လုပ်ကာ အမျိုးမျိုးလိမ်လည်လှည့်စားပြီး မုသားစကားကို တွင်တွင်ပြောတတ်သူမျိုးဖြစ်သည်။

ယခုခေတ်ကာလသည် လှည့်စားသူများ၏ခေတ်ဟုပြောလျှင် မှန်မည် ထင်သည်။လူသုံးကုန်တွေ၊ စားသုံးကုန်တွေ၊ ဆေးဝါးတွေ အစစအရာရာ အတုတွေဖန်တီးပြီး ဖြန့်ဖြူးရောင်းချကြသည်။စီးပွားရေးတင်မက အချစ်ရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးနယ်ပယ်အထိ နေရာယူကာ လိမ်ညာလှည့်စား ဟန်ဆောင်သူတွေ များလာသည်။ပရိယာယ်အမျိုးမျိုးသုံးကာ မလိမ့်တစ်ပတ်နှင့် လိမ်ညာလှည့်စားပြီး လူလူချင်း ကုန်ပစ္စည်းလို ရောင်းချနေကြသည်။နေ့စဉ်လိုလို အင်တာနက်မှတစ်ဆင့် လိမ်လည်လှည့်စားမှုပေါင်းစုံကို မြင်နေကြားနေကြရသည်။

လိမ်လည်လှည့်စားသူသည် သူများတကာ အရှက်ရအောင်၊ စီးပွားပျက်အောင်၊ ကျန်းမာရေးထိခိုက်အောင်၊ အသက်အန္တရာယ်ဖြစ်လောက်အောင် လိမ်လည်လှည့်စား လုပ်ရက်သည့်အတွက် ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုသလို မိမိလည်း တစ်ချိန်ချိန်မှာတော့ တစ်ကြိမ်ကြိမ်တော့ တုံ့ပြန်အလှည့်စားခံတတ်ကြရလေသည်။ထို့ကြောင့် သူတစ်ပါးကို ဒုက္ခပေးတတ်လျှင် ကိုယ်ခံရမည့်အလှည့် ရောက်သောအခါ ခံနိုင်ရည်ရှိရန် လိုသည်။သူများအပေါ် လူလည်ကျလျှင် မိမိအပေါ် လူလည်ကျမည့်သူလည်း တစ်နေ့ပေါ်လာတတ်ပါသည်။

ဘုရားရှင် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်ကဖြစ်သည်။ဇေတဝန်ကျောင်းနေ ရဟန်းတစ်ပါးသည် အဝတ်ဟောင်းများကို သင်္ကန်းချုပ်၍ အသစ်နှင့်တူအောင် ပြုလုပ်သည်။ထို့နောက် အခြားရဟန်းများကို အယုံသွင်းကာ သူတို့သင်္ကန်းစအသစ်နှင့် သူပြုပြင်ဖန်တီးထားသော သင်္ကန်းကို လဲလှယ်ကာ ကိုယ်ကျိုးရှာသည်။တစ်ခါတွင် သူကဲ့သို့ လုပ်ကိုင်တတ်သော တောကျောင်းမှာနေသည့် ရဟန်းတစ်ပါးက သူ့ကိုပြန်လှည့်စားသွားတာ ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်ခဲ့ရသည်။

ဘုရားရှင်က ထိုအကြောင်းနှင့် စပ်လျဉ်း၍ ထိုရဟန်းနှစ်ပါးသည် ရှေးအခါကလည်း အပြန်အလှန် လှည့်စားဖူးကြောင်း ရဟန်းအပေါင်းကို အတိတ်ဆောင်တော်မူသည်။

ရှေးအတိတ်တစ်ချိန်က ဘုရားလောင်းသည် ပဒုမ္မာကြာပေါက်သော ရေအိုင်ကြီးအနီးရှိ ခံတက်ပင်မှာ ရုက္ခစိုးနတ်ဖြစ်သည်။ခံတက်ပင်နှင့် မနီးမဝေးတွင် အခြားရေအိုင်ငယ်တစ်ခုရှိသည်။ထိုရေအိုင်တွင် ငါးမျိုးစုံတို့ မှီခိုနေထိုင်သည်။နွေရာသီသို့ရောက်သောအခါ ရေအိုင်ငယ်တွင် ရေများခန်းလာသည်။ဗျိုင်းတစ်ကောင်သည် ရေအိုင်ငယ်တွင်းရှိ ငါးများကိုစားရန် အကြံနှင့် ရေစပ်နားတွင် ရပ်နားကာ ကောင်းကင်သို့မော့ကြည့်ရင်း စဉ်းစားနေဟန်ပြုသည်။ငါးများက ထူးခြားသော အမူအရာရှိသည့် ဗျိုင်းကို ဘာတွေစဉ်းစားနေလဲဟုမေးတော့ ဗျိုင်းက “ရေအိုင်သည် ရေအလွန်နည်းပြီး အစားအစာလည်းရှားပါးသည်။နွေရာသီ ကုန်ဆုံးရန်လည်း အတော်လိုသေးသည်။အသင်ငါးတို့ကို ရေပေါများသည့် ရေအိုင်ကြီးဆီသို့ ပို့ပေးချင်သည်။သင်တို့က ငါ့ကိုမယုံကြည်မှာလည်းစိုးသည်။သင်တို့ယုံကြည်မှဖြစ်မှာမို့ ငါနှင့်အတူ သင်တို့ထဲက တစ်ကောင်လိုက်ခဲ့ပါ။ရေအိုင်ကြီးကို ငါပြပေးပါမည်” ဟု စေတနာရှိဟန်ဆောင်ကာ လှည့်စားလေသည်။

ငါးများသည် သူတို့အထဲမှ ကုန်းရေနှစ်မျိုးလုံးတွင် နေထိုင်နိုင်သည့် ငါးမည်းတစ်ကောင်ကို ဗျိုင်းနှင့်အတူ ထည့်ပေးရန် သဘောတူသည်။ဗျိုင်းသည် ထိုငါးကို ကိုက်ချီသွား၍ ရေအိုင်ကြီးကိုပြကာ ပြန်ခေါ်လာပြီး မူလရေအိုင်ငယ်ထဲသို့ ပြန်ချပေးလိုက်သည်။ထိုအခါ ငါးများက ဗျိုင်းစကားကို ယုံကြည်သွားကြသဖြင့် ရေအိုင်ကြီးဆီသို့ တစ်ကောင်ချင်း ဗျိုင်းနှင့်အတူ လိုက်သွားသည်။အကြံသမား ဗျိုင်းသည် သူကိုက်ချီသွားသော ငါးများကို ရေအိုင်ကြီးအနီးရှိ ခံတက်ပင်ခွကြားမှာချကာ ကိုက်ဖြတ်စားသောက်လေတော့သည်။နောက်ဆုံးတွင် ရေအိုင်ငယ်မှာရှိသမျှ ငါးတွေကုန်သွားပြီး ပုစွန်လုံးတစ်ကောင်သာ ကျန်တော့သည်။ပုစွန်လုံးက ဗျိုင်းကို လုံးဝမယုံကြည်ပေ။ထို့ကြောင့် ဗျိုင်း၏လည်ပင်းကို သူ့လက်မဖြင့် အသာညှပ်၍ လိုက်မည်ဖြစ်ကြောင်း ပြောသည်။

ဗျိုင်းက သူ့လောဘနှင့်သူဖြစ်၍ ပုစွန်လုံး၏အကြံကို မရိပ်မိဘဲ ပုစွန်လုံး တောင်းဆိုသည့်အတိုင်း ခွင့်ပြုခဲ့သည်။ရေအိုင်ကြီးသို့ရောက်သောအခါ ဗျိုင်းသည် ပုစွန်လုံးကို ပြရုံသာပြကာ ခံတက်ပင်ခွကြားသို့ ခေါ်လာသည်။ထိုအခါ ပုစွန်လုံးက အဘယ်ကြောင့် ရေအိုင်ကြီးထဲမသွားဘဲ ဒီကိုခေါ်လာတာလဲမေးတော့ ဗျိုင်းက သူစားထားသော ငါးအရိုးများကိုပြကာ သင့်ကိုလည်း ငါစားမလို့ခေါ်လာတာဟု ပြောသည်။ထိုအခါ ပုစွန်လုံးက ငါက သင်စားခဲ့သော ငါးများမဟုတ် သင်လုပ်သမျှကိုခံမည့်သူမဟုတ် ငါလုပ်သမျှ သင်ခံဖို့ပြင်ထားဟုပြောကာ ဗျိုင်းလည်ပင်းကို သူ့လက်မဖြင့် တင်းတင်းလေး ညှပ်လိုက်ရာ ဗျိုင်းလည်း အတော်နာသွားသဖြင့် သူ့အသက်ကို ချမ်းသာပေးလျှင် ပုစွန်လုံးကို ရေအိုင်ကြီးထဲ လွှတ်ပေးပါမည်ဟု ပြောရတော့သည်။ဗျိုင်းသည် ပုစွန်လုံးကို ရေအိုင်ကြီးဆီသို့ခေါ်သွားပြီး ရေအိုင်ကြီးသို့ရောက်သောအခါ သူ့ကိုလွှတ်ပါတော့ဟု ပြောသည်။ပုစွန်လုံးက လွှတ်မပေးတော့ဘဲ ဗျိုင်း၏ လည်ပင်းကို သူ့လက်မဖြင့် တိခနဲဖြတ်လိုက်တော့သည်။

အမှန်တော့ ဗျိုင်းသည် ဇေတဝန်ကျောင်းနေ ရဟန်းဖြစ်၍ ပုစွန်လုံးသည် တောကျောင်းနေ ရဟန်းဖြစ်သည်။

အဆိုပါ ဗျိုင်းနှင့် ပုစွန်လိုပါပဲ။ယနေ့ခေတ် လူတို့သည်လည်း ကိုယ်က သူ့ကို လှည့်စား၊ သူက ကိုယ့်ကို လှည့်စားနှင့် လိမ်လည်လှည့်စားခြင်းကို ပေါ့ပေါ့လေးတွေးပြီး ပေါ့ပေါ့လေး ကျူးလွန်နေကြသည်။တကယ်တော့ လိမ်ညာလှည့်စားသောသူသည် သူ့လောဘ သူ့လှည့်စားမှုကြောင့် အခြားသူတွေ ဒုက္ခဖြစ်တာကိုလည်း ကိုယ်ချင်းစာပြီး မတွေးပေးပါ။လက်ရှိဘဝ သေဆုံးပြီး နောင်ဘဝမှာ လက်ရှိသူလုပ်ခဲ့သော အကုသိုလ်ဝဋ်ကြွေးကို တစ်ဖန်ပြန်လည်ပေးဆပ်ရမည်ကိုလည်း မတွေးပါ။လိမ်လည်လှည့်စား မုသားတွေပြောနေသည့်သူများကို ဘုရားရှင်၏ ဒေသနာတရားနှင့် သတိပေးချင်ပါသည်။

ဘုရားရှင်က ရာဟုလောဝါဒသုတ်တွင် ကိုရင်လေး ရာဟုလာကို ဆုံးမခဲ့တာပါ။

“ချစ်သား ရာဟုလာ၊ မုသားစကားကို ရယ်စရာအဖြစ်ပင် မပြောအပ်ပေ။အဘယ်ကြောင့်ဆိုသော် မုသားပြောသူတစ်ယောက်သည် လောကတွင် သူမလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ဖြစ်သည်။”

ရိုက်မောင်း
Photo Credit - Facebook