【 ဆောင်းပါး 】 သင်္ကြန်ပိတ်ရက်များနှင့် ပုဂံဒေသခရီး

【 ဆောင်းပါး 】 သင်္ကြန်ပိတ်ရက်များနှင့် ပုဂံဒေသခရီး

သင်္ကြန်ကာလရောက်ပြီဆိုလျှင် ရေကစားသူ၊ ဥပုသ်စောင့်သူ၊ ခရီးထွက်သူများနှင့် အေးအေးဆေးဆေး အနားယူရသော အချိန်ကာလဖြစ်သည်။
 
ပူပြင်းသည့် နွေရာသီကာလ ကျင်းပသည့် သင်္ကြန်ပွဲတော်သည် နှစ်သစ်ကူးပွဲတော်တစ်ခုအနေဖြင့်သာမက အေးမြခြင်းကို ယူဆောင်ပေးသည်။
 
အညာနွေ မည်သို့ပင်ပူပူ သင်္ကြန်ကာလတွင် ပုဂံဒေသ အလည်ပတ်ခရီးသွားကြသူများသည်။အ ဘယ်ကြောင့်ဆိုသော ပုဂံဒေသသည် မရိုးနိုင်သော ပန်းချီကားတစ်ချပ်လိုပင် စွဲဆောင်မှုများရှိနေသည်။နံနက်မိုးသောက်ချိန်နှင့် နေဝင်ဆည်းဆာ အလှတရားများက စာဖွဲ့၍ မမီအောင် လှပနေသည်။
 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပုဂံဒေသသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် အများဆုံးလည်ပတ်ရာ ရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခုဖြစ်သည်။ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ဘုရား၊ စေတီ၊ ပုထိုးများ၊ သဘာဝအလှအပများဖြင့် ဆွဲဆောင်မှုများ ပြည့်ဝနေသော ဒေသဖြစ်သည်။
 
ပုဂံဒေသ ရှုမျှော်ခင်းများကို ပုဂံရှုခင်းကြည့်မျှော်စင်မှ ကြည့်ရှုနိုင်သလို နေဝင်ချိန်အလှတရားကို ကြည့်ရှုခံစား၍ရသည့် နေရာများလည်းရှိသည်။ပုဂံတွင် sunset ကြည့်ရှုခြင်းသည် အလွန်ပဲထင်ရှားသဖြင့် ယခင်က ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကြားတွင် ရေပန်းစားသော အစီအစဉ်ဖြစ်သည်။
 
သို့သော် ငလျင်ဒဏ်ကြောင့် စေတီ၊ ပုထိုးတချို့ကို sunset ကြည့်ရှုခွင့်ပိတ်ခဲ့ပြီး နောက်ပိုင်းတွင် sunset ကြည့်ရှုလို့ရသည့် နေရာများ ဖန်တီးထားသည်။
 
မိုးပျံပူဖောင်းများစီး၍လည်း ရှုခင်းများကိုကျယ်ပြန့်စွာ လေ့လာကြည့်ရှုနိုင်သည်။
ထနောင်းပင်၊ ထန်းပင်နှင့် တမာပင်တန်းများ၏ အလှတရားက ပုဂံဒေသ၏ မြင့်မြတ်သော ကျက်သရေအလှကို ဝန်ရံထားသဖြင့် သဘာဝအလှများဖြင့်လည်း ပြည့်စုံနေသည်။ပုဂံရောက်ပြီဆိုလျှင် ဧရာဝတီမြစ်၏ အလှတရားများကို ရှုမြင်နိုင်သည်။ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များသည် အပျော်စီးသင်္ဘောများ၊ စက်လှေများဖြင့် မြစ်တစ်လျှောက် သဘာဝအလှအပများကို ကြည့်ရှုလေ့လာကြသည်။မြစ်အတွင်းရှိ အပျော်စီးသင်္ဘောပေါ်မှလည်း နေဝင်ဆည်းဆာအလှများကို ကြည့်ရှုခြင်းများလည်းရှိသည်။
 
ကျောက်မျက်မှော်ဘုရားသို့ သွား၍ ညနေ နေဝင်ချိန်အလှတရားကို ကြည့်၍ အပန်းဖြေကြသူများလည်းရှိသည်။
 
ထို့ပြင် ပုဂံမှ ပုပ္ပါး၊ စလေမြို့ အစရှိသည့် အခြားနေရာများသို့ သွားလာလည်ပတ်သော တစ်ရက်ခရီးအစီအစဉ်များလည်းရှိသည်။အလားတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းလျက်ရှိသော ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ရှိ စက်စက်ယိုကျေးရွာဆိုသည်မှာလည်း ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစား လည်ပတ် လေ့လာသော ရွာလေးဖြစ်သည်။
 
ကိုဗစ်ကာလမတိုင်မီက ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားရောက်လည်ပတ်ကြသည်။ကိုဗစ်ကာလက ခရီးသွားလာရေးများ ရပ်နားခဲ့ရပြီးနောက် ‌ရောဂါပိုးများ လျော့ကျချိန် ၂၀၂၂ ခုနှစ်ကတည်းက ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သူ ပြန်များလာသည်။
 
ထို့ကြောင့်ပင် ၂၀၂၂ ခုနှစ်၊ အတာသင်္ကြန်ကာလအတွင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသရှိ စေတီ၊ ပုထိုးများအား ဘုရားဖူးလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့သည်။
 
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် စေတီ၊ ပုထိုးပေါင်း ၃၈၃၇ ဆူရှိကြောင်း သိရသည်။
 
ခရီးသွားဧည့်သည်များသည် ဘုရားစေတီပုထိုးများကို လေ့လာဖူးမျှော်ရုံတင်မဟုတ်ဘဲ ရိုးရာလက်မှုလုပ်ငန်းများကို လေ့လာနိုင်သော ခရီးစဉ်လည်းဖြစ်သည်။ပုဂံဒေသနှင့် ယွန်းလက်မှုပညာသည် တစ်သားတည်း တည်ရှိနေသော အမှတ်အသားဖြစ်သည်။
 
ယွန်းလက်မှုပညာရှင်တို့ နေထိုင်ရာ မြင်းကပါရွာသည် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကပင် တကူးတက လာရောက်လည်ပတ်၍ ယွန်းလက်မှုထုတ်ကုန်များကို လေ့လာကြသော ကျေးရွာဖြစ်သည်။ထို့ပြင် ထန်းလျက်၊ မြေပဲယို၊ နှမ်းယိုထုတ်လုပ်ခြင်း လုပ်ငန်းမှာလည်း ထင်ရှားသောလုပ်ငန်းဖြစ်သလို ပုဂံအရှေ့ဘက်ရှိ ဖွားစောရွာနှင့် မင်းနန်သူရွာများရှိ ချည်ထည်လုပ်ငန်းများကလည်း ထင်ရှားသော လုပ်ငန်းများဖြစ်သည်။
 
ရှေးဟောင်းယဉ်ကျေးမှုပုဂံဒေသတွင် အာနန္ဒာဘုရား၊ ရွှေစည်းခုံ၊ ဗူးဘုရား၊ လောကနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗေညု အစရှိသည့် ထင်ရှားသော စေတီ၊ ပုထိုးများစွာရှိပြီး သမိုင်းကြောင်းအစုံအလင်ရှိသော ပုဂံယဉ်ကျေးမှုပြတိုက်ကလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အထူးတလည် သွားရောက်လေ့လာသောပြတိုက်ဖြစ်သည်။
 
ကိုဗစ်ကာလအလွန် ၂၀၂၂ ခုနှစ်တွင် ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဧည့်သည် ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဦးရေ ၂ ဒသမ ၃၂ သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။
 
ပြည်ပခရီးသွားဧည့်သည်များတွင် တရုတ်နိုင်ငံသားများ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။တရုတ်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်အခါ ပုဂံဒေသသို့ အဓိကသွားရောက်လည်ပတ်ကြသည်။ပုဂံဒေသတွင် တရုတ်ခရီးသွားဧည့်သည်များလာ၍ ဒေသခံဧည့်လမ်းညွှန်များအနေဖြင့် တရုတ်ဘာသာ စကားသင်တန်း တတ်ရောက်မှုများ ပိုများလာသည်။
 
၂၀၂၃ ခုနှစ်က သင်္ကြန်ပိတ်ရက်အတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဦးရေ နှစ်သိန်းနီးပါး ဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။ပုံမှန်ပိတ်ရက်များထက် သင်္ကြန်ကာလပိတ်ရက်များတွင် ပြည်တွင်းခရီးသွား ပိုမိုဝင်ရောက်ခဲ့သည်ဟု သိရသည်။သင်္ကြန်ပိတ်ရက်များအတွင်း ပုဂံဒေသသို့ လည်ပတ်သော ခရီးသွားဧည့်သည်များထဲတွင် နိုင်ငံခြားသားခရီးသွား များလည်း ပါဝင်ကြောင်း သိရသည်။
 
သင်္ကြန်ပိတ်ရက် သွားရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနေဖြင့် ပုဂံဒေသ၏ ရိုးရာ သင်္ကြန်ပွဲတော်ကိုလည်း ပုံစံတစ်မျိုးမြင်တွေ့ရသည်။ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် အတာသင်္ကြန်ကာလတွင် မြင်တွေ့ရသည့် ပုဂံပုံရိပ်တစ်မျိုးဖြစ်သည်။
 
ခရီးထွက်ခြင်းသည် စူးစမ်းလေ့လာခြင်းတစ်မျိုးလည်းဖြစ်သည်။ပုဂံဒေသတွင် လေ့လာစရာ၊ လည်ပတ်စရာ အလွန်များပြားပါသည်။မြန်မာတို့၏ နှစ်သစ်ကူးအရှည်ကြားဆုံး ပိတ်ရက်ရသည့် သင်္ကြန်ကာလတွင် ပုဂံဒေသသည် အေးအေးဆေးဆေး အနားယူလည်ပတ်စရာကောင်းသော ခရီးစဉ်တစ်ခုအဖြစ် ထင်ရှားလျက် ရှိနေပါသည်။
 
အမွန်