【 ဆောင်းပါး 】 သဘာဝအလှ၊ အမွေအနှစ်များစွာနှင့် အင်းလေးကန်နှင့် West lake

【 ဆောင်းပါး 】 သဘာဝအလှ၊ အမွေအနှစ်များစွာနှင့် အင်းလေးကန်နှင့် West lake

“ငွေသင်းဖြူးလေး ခင်းထားသလို သတင်းစကားဆိုလောက်တယ်။လှေလှော်ကာ တိမ်ကလေးတွေ အတောက်မယ် ရေပေါ်မှာ အိမ်လေးတွေဆောက်တယ်” ဆိုသည့် သီချင်းသံစဉ်ကဲ့သို့ပင် ညောင်ရွှေမြို့မှာရှိသည့်  အင်းလေးကန်သည် ကမ္ဘာကျော်ဒေသလေးတစ်ခုဖြစ်ပါသည်။

အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့နှင့် ခြောက်မိုင်အကွာတွင်ရှိပြီး  ၁၁၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။  

ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီက အင်းလေးကန်သို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဦးရေများစွာက အထူးတလည် လာရောက်လည်ပတ်ခဲ့သော နေရာလေးတစ်ခုဖြစ်ခဲ့ပါသည်။တစ်နှစ်လျှင် နိုင်ငံခြားသားခရီးသွားဦးရေ ၂၀၀,၀၀၀ ဝန်းကျင်နှင့် ပြည်တွင်းခရီးသွားဦးရေ တစ်သန်းခန့် လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

တောင်တန်းများ ဝန်းရံထားသည့် ကန်ရေမျက်နှာပြင်တွင် ခြေထောက်တစ်ချောင်းတည်းဖြင့် လှော်ခတ်ကြသည့် အင်းသားများ၏ ထူးခြားသော လှော်ခတ်နည်းက ကမ္ဘာကျော်အမှတ်အသားတစ်ခုဖြစ်သည်။ခရီးသွားဧည့်သည်များသည် မော်တော်ဘုတ်စီး၍ အင်းလေးကန်၏ ရေမျက်နှာပြင် ရှုမျှော်ခင်းတွင် လှေလှော်ခတ်နေကြသူများ၊ အင်းလေးရိုးရာနည်းဖြင့် ငါးဖမ်းနေသူများ၏ ပုံရိပ်များကို လေ့လာကြည့်ရှုရင်း မှတ်တမ်းတင်ကြသည်။

အင်းလေးဒေသတွင် အင်းသားများက အများစုနေထိုင်ပြီး ရှမ်း၊ တောင်ရိုး၊ ပအို့ဝ်၊ ဓနု၊ ကယား၊ ဗမာ အစရှိသော မျိုးနွယ်စုများ အနည်းငယ်နေထိုင်ကြသည်။အများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ကန်ကြီးဖြစ်ပြီး ရှားပါးမျိုးစိတ် ရေနေသတ္တဝါများ ရှင်သန်ကျက်စားရာ ဒေသဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် အာဆီယံတောရိုင်းတိရစ္ဆာန် အမွေအနှစ် ဥယျာဉ်များစာရင်းတွင် အမွေအနှစ်ထိမ်းသိမ်းရမည့် ဒေသတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် UNESCO ၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းအဖြစ်လည်းကောင်း ထိန်းသိမ်းရမည့် နယ်မြေတစ်ခုအဖြစ် ကမ္ဘာ့အဖွဲ့အစည်းများက သတ်မှတ်ပေးထားသည်။

ရင်သပ်ရှုမောဖွယ်ကောင်းသော တောင်စဉ်တောင်တန်းများနှင့် အင်းလေးကန်ပတ်ဝန်းကျင်တွင် ဘုရားကျောင်းကန်၊ စေတီပုထိုးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ဗိသုကာလက်ရာများကို မြင်တွေ့ရမည်ဖြစ်သည်။အင်းသားများ၏ ငွေပန်းထိမ်၊ ရက်ကန်းလုပ်ငန်းအပါအဝင် ရိုးရာလက်မှုလုပ်ငန်းများစွာနှင့် အင်းထဲက ကြာဖြင့် ရက်လုပ်ကြသော အဝတ်အထည်များ၊ ရိုးရာရက်ကန်းချည်ထည် အဝတ်အထည်များ အစရှိသော လက်မှုပညာရပ်မျိုးစုံ စုံလင်ရာ နေရာလေးတစ်ခုလည်းဖြစ်သည်။

အင်းလေးရေပေါ်ဈေးနှင့် ရေပေါ်ဥယျာဉ်များပေါ်က ဟင်းသီးဟင်းရွက် စိုက်ခင်းများသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တို့အတွက် နှစ်သက်ဖွယ် ဆွဲဆောင်မှုတစ်ခုလည်းဖြစ်သည်။အင်းလေး ဖောင်တော်ဦးဘုရားမှာ အင်းလေးဒေသ၏ သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားပါသည်။ဖောင်တော်ဦးစေတီတွင် ဗုဒ္ဓဆင်းတုတော် ၅ ဆူ စံပါယ်တော်မူပြီး ဖောင်တော်ဦးစေတီပွဲတော်ကို နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပမြဲဖြစ်သည်။

အင်းလေးကန်ဝန်းကျင်မှာပင် စံကားရွာ၊ အလိုတော်ပေါက်ဘုရား၊  နတ်တာရိုး စသည့် များစွာသော လည်ပတ်စရာများရှိသည်။ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များသည် ညောင်ရွှေမြို့နှင့်ဝန်းကျင် ညောင်ရွှေဟော်နန်း၊ ဒေသရိုးရာစားသောက်ဆိုင်များ၊ ဖောင်တော်ဦးစံကျောင်းတိုက်၊ ရွှေရန်ပြေဘုရား၊ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်အုတ်ဂူ၊ မိုင်းသောက်တံတား၊ Red Mountain ဝိုင်ခြံ စသည်တို့ကို သွားရောက်လည်ပတ်ကြသူများ များပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်သော ပြည်ပခရီးသွားများထဲတွင် တရုတ်ခရီးသွားများလည်း စိတ်ဝင်တစား လာရောက်လည်ပတ်ခဲ့ကြသည်။ဒေသခံများသည် ကိုဗစ်ပြီးနောက်ပိုင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ပြန်လည်မျှော်နေကြသည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားဧည့်သည်အနည်းငယ် အင်းလေးဒေသသို့ လာရောက်လည်ပတ်သူများရှိလာသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံ၊ ကျင်းသကျန်းမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ စတင်တည်ထောင်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ယင်းအခမ်းအနားတွင် ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံ၊ အင်းလေးကန်အပါအဝင် ခရီးစဉ်ဒေသအချို့ကို လာရောက်လည်ပတ်ရန် မြန်မာနိုင်ငံမှ ဖိတ်ခေါ်ခဲ့သည်။

တရုတ်နိုင်ငံတွင်လည်း အင်းလေးကန်ဒေသကဲ့သို့ အနောက်ဘက်ရေကန်ဟု ထင်ရှားကျော်ကြားသည့် ရေကန်ကြီးရှိသည်။အနောက်ဘက်ရေကန် (West lake) သည် တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်၊ Hangzhou အနောက်ဘက်တွင် တည်ရှိပြီး အင်းလေးကန်ကဲ့သို့ပင် တောင်တန်းများဖြင့် ဝန်းရံထားသည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားများသည့် West lake တွင် အပျော်စီးသင်္ဘောစီးရင်း ကန်အတွင်းမှ အလှတရားကို ကြည့်ရှုအပန်းဖြေကြသည်။ရေကန်အလယ်တွင် ကျွန်းငယ်လေးများရှိသည်။ရေကန်အတွင်း ဘုရားကျောင်းများ၊  ဥယျာဉ်များနှင့် သဘာဝပုံစံပြုလုပ်ထားသည့် ကျွန်းတုများရှိသည်။

West lake သည် တရုတ်သမိုင်းတစ်လျှောက် သဘာဝအလှတရားများနှင့် သမိုင်းဝင်အမွေအနှစ်များရှိ၍ ကဗျာဆရာများနှင့် ပန်းချီဆရာများကို ရသမျိုးစုံဖော်ကြူးနိုင်အောင် လွှမ်းမိုးနိုင်ခဲ့သည်။  

West lake ကို ၂၀၁၁ ခုနှစ်တွင် UNESCO မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ရှည်လျားသော သမိုင်းကြောင်းများဖြင့် ရာစုနှစ်များစွာ ထင်ရှားကျော်ကြားခဲ့သော အနောက်ဘက်ရေကန်သည် ယခုအခါတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

သဘာဝနှင့် လူသားတို့အကြား စိတ်ကူးယဉ်ဆန်သော ပေါင်းစပ်မှုများ ထင်ဟပ်နေသည့် ရှုခင်းများနှင့် အနောက်ရေကန်သည်  တရုတ်နိုင်ငံအပြင် ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့တွင် ဥယျာဉ်ဒီဇိုင်းများအဖြစ် လွှမ်းမိုးနိုင်ခဲ့သည်။  

ကမ္ဘာပေါ်ရှိ ရေသတ္တဝါ၊ သား၊ ငှက်၊ သစ်ပင် စသည် သဘာဝဂေဟစနစ်များ မပျောက်ကွယ်ရန်အတွက် သဘာဝရေချိုကန်များသည် စနစ်တကျထိန်းသိမ်းရမည့် အရာများဖြစ်လာသည်။သဘာဝအလှအပများနှင့် ပြည့်စုံသော မြန်မာနိုင်ငံမှ အင်းလေးကန်နှင့် တရုတ်နိုင်ငံမှ West lake တို့သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် လေ့လာရင်း အပန်းဖြေလည်ပတ်စရာကောင်းသည့် ခရီးစဉ်တစ်ခုအဖြစ် ထင်ရှားနေပါသည်။

အမွန်