【 ဆောင်းပါး 】 သာယာလှပသည့် နေရာတို့ စုံလင်ရာ ပန်းမြို့တော်

【 ဆောင်းပါး 】 သာယာလှပသည့် နေရာတို့ စုံလင်ရာ ပန်းမြို့တော်

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်မြို့ဟု ခေါ်ဆိုကြသော ပြင်ဦးလွင်တောင်ပေါ်မြို့လေးသည် ချယ်ရီပင်၊ ထင်းရှူးပင်တို့အပါအဝင် ပန်းရောင်စုံအလှတရားများနှင့် ရာသီဥတုအေးချမ်း၍ လူတိုင်းနှစ်သက်ကြသည့် မြို့လေးတစ်မြို့ဖြစ်ပါသည်။
 
ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ ကျော်တွင် တည်ရှိသော ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရှိ ထင်ရှားသော မြို့လေးတစ်မြို့ဖြစ်သည်။ပန်းမြို့တော်ဟူ၍လည်းခေါ်သည့် ပြင်ဦးလွင်မြို့သည် တောင်လှေကားမြို့တော်၊ ချယ်ရီမြေဟုလည်း အမည်နာမအမျိုးမျိုး တင်စားခေါ်ဝေါ်ကြသည်။
 
ပြင်ဦးလွင်မြို့သည် မန္တလေးမြို့ထက် ၁၀ ဒီဂရီစင်တီဂရိတ် ပိုအေးသည်။အေးမြသော ရာသီ ဥတုရှိ၍ နွေရာသီရောက်ပြီဆိုလျှင် မြေပြန့်ဒေသမှ သွားရောက်နေထိုင်ကြသူများရှိသည်။ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အထူးလာရောက်လည်ပတ်သော မြို့လေးဖြစ်သည်။
 
ဗြိတိသျှအစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများက ပြင်ဦးလွင်မြို့တွင် နေထိုင်ကြသည်။ပြင်ဦးလွင်မြို့သည် ဗြိတိသျှလက်ထက်က ၎င်းတို့ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခုဖြစ်ခဲ့သလို ရှေးအခါက တရုတ်ပြည် အနောက်ဘက်မှ ကုန်သည်များစုဝေးရာ ဌာနဖြစ်သည်ဟုလည်း သိရသည်။
 
တောင်တန်းများ၊ သစ်ပင်၊ ပန်းမန်များဖြင့် လှပနေသဖြင့် ပြင်ဦးလွင်မြို့၏ ဂုဏ်သတင်းသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကြားတွင် အမြဲလည်ပတ်စရာကောင်းသော ဒေသတစ်ခုအဖြစ် တည်ရှိနေပါသည်။တောင်စောင်းတောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ် စသော စိုက်ခင်းများဖြင့် လှပနေသည်။
 
ပြင်ဦးလွင်မြို့တွင် တိုင်းရင်းသားလူမျိုးအစုံနေထိုင်ကြပြီး တရုတ်လူမျိုးများနှင့် အိန္ဒိယလူမျိုးများလည်း နေထိုင်ကြသည်။ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၃၈ ပေရှိသော ပြင်ဦးလွင်မြို့သည် ပုဂံမင်းလက်ထက်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 
ကိုလိုနီခေတ်က အပန်းဖြေစခန်းမြို့ဖြစ်ခဲ့၍ ပြင်ဦးလွင်မြို့တွင် ကိုလိုနီခေတ်အဆောက်အအုံများ၊ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများစွာရှိနေပြီး ပြင်ဦးလွင်ဘူတာနှင့် ဂုတ်ထိပ်တံတားသည် သမိုင်းဝင် နေရာတစ်ခုဖြစ်သည်။လက်ရှိတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ပိုမိုစွဲဆောင်နိုင်ရန် ကျောက်မီးသွေးသုံး ရထားစက်ခေါင်းများ အသုံးပြု၍ ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကလည်း မြို့၏ ထင်ရှားသော ပွဲတော်တစ်ရပ်ဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ဝန်းကျင်တွင် ကျင်းပလေ့ရှိသည်။
 
ပြင်ဦးလွင်မြို့တွင် ဘုရားကျောင်းကန်များ၊ ပန်းဥယျာဉ်များ၊ ရေတံခွန်၊ ဂူများ အစရှိသည့် သွားလာလည်ပတ်စရာနေရာ အလွန်များသည်။ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်မှာ မြို့၏အထင်ရှားဆုံး နေရာဖြစ်သည်။ပြည်တွင်း၊ ပြည်ပ ပန်းမျိုးစိတ်ပေါင်းများစွာနှင့် တိုင်းရင်းဆေးဖက်ဝင် အပင်မျိုးစုံကိုလည်း စိုက်ပျိုးထား သည်။ဥယျာဉ်၏ ဘေးမဲ့တောတွင် ရွှေသမင်၊ ကြယ်လိပ်၊ ဒေါင်း၊ ရစ်၊ ငန်းအ၊ ငန်းနက် အစရှိသည် မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်အချို့ကို မွေးမြူထားသည်။
 
ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်၌ ယူကေအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရုက္ခဗေဒဥယျာဉ် ထိန်းသိမ်းရေး အဖွဲ့အစည်းနှင့် ပူးပေါင်း၍ သဘာဝအလိုက် ပေါက်ရောက်သည့် ဒေသခံသစ်ခွမျိုးစိတ်များကို ကာကွယ်ထိန်းထားသလို လာရောက်လည်ပတ်သူတို့ လေ့လာရန် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်နှင့် ကျောက်ဖြစ်ရုပ် ကြွင်းပြတိုက်များလည်း ဖွင့်လှစ်ထားသည်။
 
မဟာအံ့ထူးကံသာစေတီ၊ ဇိနမာန်အောင်ကျောက်တောင်စေတီ၊ နှီးဘုရား၊ မြွေဘုရား စသည့် ထင်ရှားသော နေရာများကလည်း ပြည်တွင်းဘုရားဖူးဧည့်သည်များဖြင့် စည်ကားနေသော နေရာများဖြစ်သည်။
 
ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်သည် နာမည်ကြီးပြီး ပြင်ဦးလွင်သို့ရောက်သူတိုင်း လာရောက်လည်ပတ်ကြသော နေရာတစ်ခုဖြစ်သည်။လိုဏ်ဂူအတွင်း ဘုရားများကို ဖူးမျှော်ကြသည်။ရေတံခွန် အငယ်စား တစ်ခုလည်းဖြစ်၍ ရေကစားကြသူများ၊ အပန်းဖြေအနားယူသူများဖြင့် သာယာလှသော နေရာလေးတစ်ခုဖြစ်သည်။
 
ပိတ်ချင်းမြောင်လိုဏ်ဂူမှာ ပြင်ဦးလွင်မြို့မြောက်ဘက်၊ နောင်ပိန်ရွာအနီး မန္တလေး-မူဆယ် ကားလမ်းအနီးတွင် တည်ရှိသည်။လိုဏ်ဂူရှေ့တွင် ဆေးဖက်ဝင် ပိတ်ချင်းပင်များ ထူထပ်ပေါများစွာ‌ ပေါက်ရောက်သောကြောင့် ပိတ်ချင်းမြောင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
 
ထို့ပြင် အလွန်လှပသည့် ဓါတ်တော်ချိုင့်ရေတံခွန်၊ ရေကူးသူများ၊ အပန်းဖြေအနားယူသူများဖြင့် အမြဲစည်ကားသော ပွဲကောက်‌ရေတံခွန်၊ တောတောင်ခရီးကို နှစ်သက်ကြသူများအတွက် ရေပျံတောင်ရေတံခွန်တို့အပါအဝင် စပျစ်ခြံ၊ ပန်းမျိုးစုံခြံတို့ဖြင့် ပြင်ဦးလွင်မြို့နှင့် အနီးတစ်ဝိုက်တွင် သွားလာလည်ပတ်စရာ နေရာတော်တော်များပါသည်။
 
ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တို့ ပြင်ဦးလွင်မြို့ကိုရောက်ပြီဆိုလျှင် တရုတ်ဘုံကျောင်းကိုလည်း စိတ်ဝင်တစား သွားရောက်လေ့လာကြသည်။ဘုံကျောင်းအတွင်းတွင် သတ်သတ်လွတ် စားသောက်ဆိုင်တစ်ခုလည်းရှိပြီး ဘုရားဖူးရင်း ဗေဒင်မေးနိုင်သည်။ဗေဒင်ဝါသနာပါသူများက တရုတ်ဝါးဗေဒင်ကို မေးမြန်းသည်။ဘုံကျောင်းဝန်းအတွင်းရှိ ဘုံခုနှစ်ဆင့်ကျောင်းဆောင်ပေါ်သို့တက်ကာ ပြင်ဦးလွင်မြို့၏ ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သည်။
 
ပြင်ဦးလွင်မြို့တွင် ဒေသခံ တရုတ်လူမျိုးများလည်းရှိပြီး ထင်ရှားသည့် တရုတ်ဘုံကျောင်းလည်းရှိသည့်အတွက် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ တကူးတက လာရောက်အပန်းဖြေကြသူများရှိသည်။
 
တရုတ်နိုင်ငံတွင်လည်း ကူမင်းမြို့သည် ပန်းမြို့တော်အဖြစ် နာမည်ကျော်ကြားပြီး နိုင်ငံတကာခရီးသွားဧည့်သည်များကြားတွင် စိတ်ဝင်စားမှုအရှိဆုံး မြို့များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ကူမင်းမြို့ကို နွေဦးမြို့တော်ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။
 
ကူမင်းမြို့သည် ယူနန်ပြည်၏ မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်ပိုင်းဒေသများအတွက် အချက်အချာကျသော မြို့များထဲတွင် ပါဝင်သည်။ကူမင်းမြို့၏ ရာသီဥတုမှာ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်းမျိုးမရှိဘဲ သစ်ပင်ပန်းမန်များ တစ်နှစ်တာလုံး စိမ်းစိုပွင့်လန်းလှပနေသော မြို့ကြီးဖြစ်သည်။
 
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအလွန်ပြီးနောက် တရုတ်-မြန်မာ တိုက်ရိုက်လေကြောင်းများ တိုးချဲ့ပျံသန်း ပြေးဆွဲနေပြီး တရုတ်အပါအဝင် အိန္ဒိယနိုင်ငံတို့အား ဆိုက်ရောက်ဗီဇာတို့အား ခွင့်ပြုပေးထားသည်။ 
 
ပွင့်လင်းရာသီကာလအတွင်း မြန်မာနိုင်ငံသို့ တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မည်ဖြစ်ပြီး တရုတ်ခရီးသွားဧည့်သည်များ ပိုများမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ သိရသည်။
 
သို့ဖြစ်၍ ပန်းမြို့တော်အဖြစ် အလှတရားများ စုပေါင်းထားသော ပြင်ဦးလွင်နှင့် ကူမင်းမြို့များသို့ နှစ်နိုင်ငံအတွင်းမှ ခရီးသွားဧည့်သည်များ အပြန်အလှန် သွားရောက်လည်ပတ် လေ့လာနိုင်ပြီဖြစ်လေသည်။
 
အမွန်