【 ဆောင်းပါး 】 သောက်တတ်ရင် ဆေး

【 ဆောင်းပါး 】 သောက်တတ်ရင် ဆေး

ဘကြီးက ထူးဆန်းတဲ့ အမူအကျင့်တွေရှိပေမယ့် တောသားယဉ်ကျေးမှုကလည်း အပြည့်မို့ ကျနော်တို့ငယ်စဉ်က ဘကြီး အရက်သောက်နေတဲ့အချိန်ဆို အရက်ဝိုင်းသွားထိုင်လို့မရ။အမြည်းတွေဘာတွေစားချင်တဲ့ ကလေးတွေအတွက် သပ်သပ်ဖယ်ထားတဲ့ အမြည်းတွေ အဆင်သင့်။တခြားနေရာမှာ သွားစား။အရက်ဝိုင်းတော့ အလာမခံ။

အရက်ဝိုင်းမပြောနဲ့။ဘကြီး ပုံမှန်ထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ကိုပင် ကျနော်တို့ တူတွေကို မခေါ်။လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုရှိတယ်တဲ့။လက်ဖက်ရည်ဆိုင်ဆိုတာ ကလေးတွေနဲ့ မဆိုင်တဲ့ နေရာတဲ့။ဘကြီးက စည်းကြီးကမ်းကြီး။

ကျနော် ၁၀ တန်းအောင်ပြီး ဂျီတီအိုင်တက်တဲ့အချိန် တောကိုပြန်တဲ့အခါမှ ဘကြီးနဲ့အတူ လက်ဖက်ရည်ဆိုင်အတူထိုင်ခွင့်ရတယ်။ဘကြီးရဲ့ အရက်ဝိုင်းကိုတော့ ကပ်ခွင့်မရှိ။ဘကြီးက လက်ဖက်ရည်ဆိုင် လူတိုင်းနဲ့မထိုင်။သူတို့အဖော်အပေါင်းနဲ့ သူတို့ဝိုင်းနဲ့သူတို့။သူတို့ဝိုင်းတော်သားတွေက ကြုံရာကျပန်းအပြင် လူတွေကို လက်ဖက်ရည်ဝိုင်းထဲ မခေါ်ဖို့ အပြန်အလှန်နားလည်မှုရှိပြီးသား။

“ဘကြီးက တခြားနေရာတွေမှာသာ အဆင့်အတန်းမခွဲတာ။လက်ဖက်ရည်ဆိုင်ထိုင်တာနဲ့ အရက်ဝိုင်းနဲ့ပတ်သက်ရင်တော့ အဆင့်အတန်းခွဲတယ်” တဲ့။

လက်ဖက်ရည်ဆိုင်ဆိုတာ ကိုယ့်ဘာသာ ရောက်တတ်ရာရာ သက်သောင့်သက်သာစွာနဲ့ အပန်းဖြေတာမို့ ရင်ဘတ်ချင်း မလှမ်းမကမ်းရှိသူတွေနဲ့သာ ထိုင်လို့ အဆင်ပြေတာတဲ့။အရက်ဝိုင်းဆိုရင် ပိုဆိုးသေး။ဘကြီးအတွက် အရက်သောက်တယ်ဆိုတာ အရက်အရသာကို ကြိုက်တာရော၊ အရက်မူးတဲ့ အရသာကိုလည်း ကြိုက်တာရော။ပြီးတော့ အရက်သောက်ခြင်းဟာ အပန်းဖြေခြင်း။

“အပန်းဖြေချင်လို့ အရက်သောက်တာ အသောက်များသွားလို့ နောက်တစ်ရက်ကျတော့ ခေါင်းကိုက်နေတာမျိုး၊အလုပ်မလုပ်နိုင်တာမျိုး၊ စောစောစီးစီး ကျက်သရေမရှိတဲ့ မျက်နှာနဲ့ ငေါင်နေတာမျိုး ဘယ်တော့မှ အဖြစ်မခံဘူး။ပြီးတော့ မူးလာရင် ဘာတွေပြောလို့ပြောမှန်း မသိတဲ့ကောင်တွေ၊ မူးရင် ရစ်တဲ့ကောင်တွေ၊ အရက်ကို အတိုင်းအဆမရှိ သောက်တဲ့ကောင်တွေနဲ့လည်း တွဲမသောက်ဘူး” တဲ့။

အဲဒါကြောင့် ဘကြီးအတွက် ကြုံလို့ အရက်သောက်တယ်ဆိုတာမျိုးမရှိ။ဘကြီးရဲ့ အရက်သောက်သက်က အခု နှစ် ၅၀ ကျော်ပြီဖြစ်ပေမယ့် ဘယ်ဆိုင်မှာမှ မသောက်ဖူး။တခြားသူတွေရဲ့ အိမ်တွေမှာလည်း မသောက်ဖူး။ကျနော်တို့တောမှာက နှစ်စဉ် ဧပြီတစ်လလုံး ရွာအလိုက် ဘုရားပွဲတွေရှိပြီး ဘုရားပွဲတိုင်းက ထမင်းဟင်းနှင့် မုန့်မျိုးစုံတင်မက ခင်မင်ရင်းနှီးသော အမျိုးသားချင်း အရက်နှင့် ဧည့်ခံလေ့ရှိသော်လည်း ဘကြီးတစ်သက်တာ ဘုရားပွဲများ၌ အရက်တစ်ခါမှ မသောက်။

“ဘကြီး အသက် ၂၃ လောက်မှာ အလုပ်-လုပ်ပြီးတဲ့နောက် အရက်စသောက်ပေမယ့် တော်တော်များများက ဘကြီးကို အရက်မသောက်ဘူးလို့ပဲ ထင်တယ်။ဘာကြောင့်လဲဆိုတော့ ဘကြီးက အိမ်မှာပဲ တစ်ပတ် တစ်ခါသောက်တော့ တော်ရုံလူတွေ သောက်မှန်း မသိကြဘူး။သိတဲ့သူတွေကတော့ ခွက်ပုန်းလို့ခေါ်ကြတယ်” လို့ ဘကြီးက ဆိုတယ်။

ဘယ်လောက်ထိအောင် မသိကြသလဲဆို ဘကြီးမိန်းမနဲ့ ရည်းစားဘဝတုန်းက ဘကြီး အရက်သောက်မှန်း မသိရုံမက အရက်လုံးဝမသောက်တတ်သူလို့တောင် အထင်မှားခဲ့ဖူးတယ်တဲ့။အထင်မှားတာလဲ မပြောနဲ့။ဘကြီးက ယောက်ဖလောင်းနဲ့လည်း ခင်ခင်မင်မင်၊ ဘကြီးမိန်းမရွာက ကာလသားတွေနဲ့လည်း ခင်မင်တာတောင် ဘယ်တော့မဆို အရက်ဝိုင်းခေါ်လို့မရဘူးဆိုတော့ ဘယ်သောက်တယ်လို့ ထင်လိမ့်မလဲ။

“နင်တို့ဘကြီး ခွက်ပုန်းမှန်း ယူပြီးမှ သိတာ” လို့ ကြီးတော်ကဆိုတော့ ဘကြီးက စပ်ဖြဲဖြဲ။

မင်္ဂလာဆောင်တဲ့နေ့မှာ ဝိုင်းဝန်းကူညီကြတဲ့ ကာလသားတွေကို အာမီရမ် ကြိုက်သလောက်သောက် တိုက်ပေမယ့် ဘကြီးက လုံးဝမသောက်လေတော့ ကြီးတော်ကြီးက ငါ့ယောကျာ်း အရက်ဆို အနံ့တောင်မခံနိုင်ဘူးလို့ ထင်ခဲ့သေးတာတဲ့။

“ဘကြီးတို့ခေတ်တုန်းက အာမီရမ် အောတိုက် တိုက်နိုင်တာ ဘကြီးမင်္ဂလာဆောင်ပဲရှိတယ်။အဲဒီတုန်းက ချက်အရက်ကောင်းကောင်းတိုက်နိုင်ရင်ကို ဂုဏ်ယူလို့ရတဲ့ခေတ်လေ။ဘကြီးက အာမီရမ်ဆိုတော့ မိန်းမရွာက ကာလသားတွေ ပြောစမှတ်ကိုတွင်ရော” တဲ့။

မိန်းမယူပြီးလို့ နောက်တစ်ရက် ဘကြီးက အရက်သောက်ဖို့ အမြည်းတွေဘာတွေလုပ်မှ ကြီးတော်က တအံ့တသြဖြစ်ရ။မိန်းမယူပြီးနောက် ပထမဆုံးသောက်တဲ့နေ့မှာ ဘကြီးရဲ့ ငယ်သူငယ်ချင်း ၂ ယောက်နဲ့ ယောက်ဖ၊ ပြီးတော့ ဘကြီးရဲ့ညီ ကျနော့်အဖေ စုစုပေါင်း ၅ ယောက်ပါဝင်တဲ့  မင်္ဂလာဦးအရက်ဝိုင်း။

ဘကြီးရဲ့ညီ၊ ကျနော့်အဖေက အာမီရမ်တွေ လက်ဆောင်ရလေ့ရှိပြီး သူက မိန်းမရပြီးကတည်းက အရက်မသောက်သလောက်မို့ ရန်ကုန်ကနေ တောပြန်လာရင် သူ့အစ်ကိုအတွက် အာမီရမ်တွေ နင့်နေအောင် သယ်ခဲ့ပေးနေကျ။အခုလည်း အစ်ကိုမင်္ဂလာဆောင်မယ်လို့ ကြိုသိကတည်းက ရန်ကုန်ကနေ လူကြုံကောင်းရင်ကောင်းသလို အာမီရမ်တွေ ကြိုတင်ပို့ပေးထားတာမှ မနည်း။

ဘကြီးက တောအရက်ကလွဲ အာမီရမ်ကိုသာ ကြိုက်တဲ့သူ။အာမီရမ်ကို ရေခဲနိုင်နိုင်နဲ့ နည်းနည်းချင်းမြုံ့ကာ အမြည်းများများစားတဲ့သူ။ဘကြီးခြံထဲက ဗူးစင်အောက်မှာ ငြိမ့်လို့။

“အဲဒီနေ့ကကွာ၊ မူးလာတော့ သားအဖေရော ဘကြီးသူငယ်ချင်းတွေရော စကားတွေပြောလိုက်ကြတာ လွန်ရော။ဘကြီးယောက်ဖက သူတို့ပြောသမျှ တပြုံးပြုံးနဲ့ နားထောင်နေတာ တိတ်နေရော။ပြီးတော့ ယောက်ဖကြီးက မပြောမဆိုနဲ့ ထကလို့ တော်တော်ရယ်လိုက်ရသေးတယ်” တဲ့။

အဲဒီညနေမှာ ကျန်တဲ့သူအားလုံး ခြေလှမ်းတွေယိုင်သွားကြပေမယ့် ဘကြီးကတော့ ဘကြီးထုံးစံအတိုင်း အိန္ဒြေမပျက်။အရက်ဆိုတာ သောက်တတ်ဖို့ လိုတယ်တဲ့။အရက်ဆိုတာ ဆေးဖြစ်ဝါးဖြစ် အပန်းဖြေတဲ့အနေနဲ့ စနစ်တကျသောက်တတ်ဖို့ လိုတယ်တဲ့။

ဘကြီးက အရက်အကြောင်းပြောတိုင်း အဲဒီလို အဆုံးသတ်လေ့ရှိတယ်။

ငြိမ်းဆက်