【 ဆောင်းပါး 】 အကြီးအကျယ် တိုက်ခိုက်ကြခြင်း

【 ဆောင်းပါး 】 အကြီးအကျယ် တိုက်ခိုက်ကြခြင်း

ဒီဆောင်းပါးမှာက ထိပ်တန်းစွမ်းဆောင်ရှင်တွေ ထိပ်တန်းကုမ္ပဏီတွေဖြစ်ဖို့က အဖွဲ့လိုက်အစည်းအဝေးတွေကို ထိရောက်အောင်လုပ်ဖို့က ဘယ်လောက်အရေးပါကြောင်း လက်တွေ့သာဓကတွေနဲ့ လမ်းပြထားတာဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ထိပ်တန်းစွမ်းဆောင်ရှင်အဖွဲ့တွေရဲ့ လျှို့ဝှက်ချက်ကို သိချင်စိတ်ရဲ့ လှုံ့ဆော်အားကြောင့် ကျွန်တော် လန်ဒန်မြို့ ဟီးသရိုးလေဆိပ်အနီးမှာရှိတဲ့ စက်မှုဇုန် စလောက်ချ်ကို ၂၀၀၉ ခုနှစ်က ရောက်ခဲ့ပါတယ်။ဒီစာအုပ်ထဲမှာထည့်ဖို့ ရည်ရွယ်ထားတာမဟုတ်တဲ့ စစ်တမ်းတစ်ခုအတွက် ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် ဟာမီနီးယားအီဗာရာ၊ ယူအားစ်ပီယာနဲ့ ကျွန်တော်တို့က စွမ်းဆောင်ရည်အကောင်းဆုံး CEO တွေကို အဆင့်သတ်မှတ်ချက်တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။ (ဒီလေ့လာတွေ့ရှိချက်တွေကို ၂၀၁၀ နဲ့ ၂၀၁၃ ထုတ် ဟာဗတ်စီးပွားရေးသုံးသပ်ချက် စာစောင်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။)

ကျွန်တော်တို့က ကမ္ဘာ့အနှံ့အပြားက CEO နဲ့ ကုမ္ပဏီ ၂,၀၀၀ တို့ကရရှိတဲ့ အချက်အလက်တွေကို ၁၉၉၅ ခုနှစ်ကစပြီး နှစ်စဉ်ဖော်ပြပေးခဲ့တယ်။များပြားလှတဲ့ အချက်အလက် စာရင်းဇယားတွေကနေ အချက်အလက်တွေကို ဆွဲထုတ်စုစည်းပြီး CEO တွေရဲ့ စတော့ဈေးကွက်တွင်း စွမ်းဆောင်ရည်ပေါ် အခြေခံပြီး ၁ ကနေ ၂,၀၀၀ အထိ အဆင့်သတ်မှတ်ခဲ့တယ်။

တစ်မနက်စောစော ကျွန်တော်အလုပ်စားပွဲမှာထိုင်နေတုန်း နောက်ဆုံးစာရင်းဇယားကိုရတဲ့အတွက် ဖွင့်ပြီး စိတ်လှုပ်ရှားစွာနဲ့ လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး အစအဆုံးဖတ်ကြည့်လိုက်တယ်။စွမ်းဆောင်ရည်အကောင်းဆုံး CEO က Apple ရဲ့ စတိဂျော့စ်ပဲဆိုတာ တွေ့တော့ မအံ့သြမိပါဘူး။အဲဒီနောက်က နာမည်စာရင်းအနည်းငယ်ကလည်း မြင်နေကျသူတွေပါပဲ - အမေဇုန်ရဲ့ ဂျက်ဖ်ဘီဇိုစ်လို ခေါင်းဆောင်တွေနဲ့ အခြား တဟုန်ထိုး တိုးတက်နေတဲ့ အဆင့်မြင့်နည်းပညာနဲ့ စွမ်းအင်ကုမ္ပဏီက လူတွေပဲဆိုတာ တွေ့ရတယ်။အမှတ်စဉ် ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်တွေက စိတ်ဝင်စားစရာကောင်းတယ်၊ ဒါပေမဲ့ အံ့အားသင့်စရာတော့ မပါပါဘူး။ကိုး၊ တစ်ဆယ်၊ တစ်ဆယ့်တစ်၊ တစ်ဆယ့်နှစ်၊ တစ်ဆယ့်သုံး၊ တစ်ဆယ့်လေး၊ တစ်ဆယ့်ငါး - ငိုက်လာပြီး သန်းလာတာနဲ့ ပြူတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်ရတယ်။

ဒီလိုနဲ့ ဖတ်ရင်း အမှတ်စဉ် တစ်ဆယ့်ခြောက်ကို ရောက်လာတယ်။ကျွန်တော့်လက်ထဲက ကော်ဖီခွက်ကို ချလိုက်ရတယ်။ဘာလဲဟ၊ CEO နာမည် ဘတ်ဗက်ချ်တဲ့၊ အင်္ဂလန်က ရက်ကစ်ဘန့်ကီဆာဆိုတဲ့ ကုမ္ပဏီကို ဦးဆောင်တာတဲ့၊ တစ်ခါမှမကြားဖူးဘူး။ရက်ကစ်ဘန့်ကီဆာဆိုတဲ့ နာမည်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်တယ်။ကျွန်တော့်စိတ်ထဲမှာ ဒီလူက နည်းပညာအဆင့်မြင့်ကုမ္ပဏီ ဒါမှမဟုတ် တိုးတက်လာတဲ့ ဈေးကွက်အသစ်ထဲ ထိုးဖောက်လာတဲ့ ကုမ္ပဏီတစ်ခုခုကဖြစ်မယ်လို့ တွေးကြည့်လိုက်တယ်။ကျွန်တော် ထိုင်ခုံပေါ်က ပြုတ်ကျမလိုတောင်ဖြစ်သွားတယ်။သူ့ကုမ္ပဏီက ဆပ်ပြာရောင်းတာတဲ့၊ ပန်းကန်ဆေးဆပ်ပြာ။ပန်းကန်ဆေးဆပ်ပြာထုတ်တာက တိုးတက်လာတဲ့ စီးပွားလုပ်ငန်းတစ်ခုမဟုတ်တာ အသေအချာပဲ။

ဒီတော့ ဘယ့်နှယ် ဆပ်ပြာရောင်းတဲ့ကုမ္ပဏီက ကုမ္ပဏီ ၂,၀၀၀ ကြားက ထိပ်တန်းစွမ်းဆောင်ရှင် တစ်ရာခိုင်နှုန်းထဲမှာ ပါလာရတာလဲ။အင်း ထားပါတော့... ရက်ကစ်ဘန့်ကီဆာက ဆပ်ပြာတစ်မျိုးတည်းရောင်းတာမဟုတ်ဖူး ထင်တယ်၊ ဟုတ်ပါ့ ဆပ်ပြာတစ်မျိုးတည်းရောင်းတာတဲ့။

ကျွန်တော်သေချာသိအောင် လုပ်မှဖြစ်တော့မယ်။ဒါနဲ့ ဘတ်ဗက်ချ်ကို ဖုန်းဆက်ပြီး  ကျွန်တော်တို့လေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ကိုအသေးစိတ် ပိုလေ့လာကြည့်ခွင့်ရမလားလို့ မေးလိုက်တယ်၊ သူက သဘောတူတယ်။ဒါနဲ့ပဲ ကျွန်တော်နဲ့ ကျွန်တော့်သုတေသနအဖွဲ့တွေ စလောက်ချ်မှာရှိတဲ့ သူတို့ရုံးချုပ်ကို ဝေဟင်ကနေ ပျံသန်းရောက်ရှိခဲ့ရတော့တယ်။

ကုမ္ပဏီရဲ့ သန့်ရှင်းရေးကုန်ပစ္စည်းတွေ တင်စီထားတဲ့ စင်တွေထားတဲ့ အခန်းကျဉ်းလေးထဲကို ကျွန်တော်တို့ဝင်သွားရတယ်။နေရာက စတိုခန်းထက် နည်းနည်းပဲပိုသာမယ်၊ လှပတဲ့ ဘုတ်အဖွဲ့ရုံးခန်းမရှိ၊ ကြမ်းပြင်ကနေ မျက်နှာကျက်အထိမြင့်တဲ့ ပြူတင်းပေါက်ကြီးတွေမရှိ၊ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့  မျက်နှာပြည့်ပုံတွေ ချိတ်ထားတာမရှိ။ဗက်ချ်နဲ့ အင်တာဗျူး ပြီးတော့ နောက်ထပ် အမှုဆောင်အရာရှိခုနစ်ယောက်နဲ့ အင်တာဗျူးကိုလည်း အဲဒီနေရာမှာပဲ လုပ်ခဲ့ကြတယ်။ဒီကုမ္ပဏီရဲ့ ထိပ်တန်းစွမ်းဆောင်မှုက သူတို့က သူတို့ရဲ့အဖွဲ့တွေနဲ့ ဘယ်လိုအစည်းအဝေးမျိုးတွေလုပ်ခဲ့သလဲဆိုတာနဲ့ အများကြီးသက်ဆိုင်နေတယ်ဆိုတာ ကျွန်တော်တို့တွေ့ခဲ့ရတယ်။

အစည်းအဝေး ဦးဆောင်လုပ်တဲ့ လူကြီးနှစ်ယောက်က အားလုံးရဲ့ကြားမှာ မတ်တပ်ရပ်နေကြတယ်။ပထမဆုံးတွေ့ရတာက ကျွန်တော်တို့အများစု သိပ်မနှစ်သက် ဘဝင်မကျကြတဲ့ - ရန်ပွဲပါပဲ။အဖွဲ့တွေ အစည်းအဝေးမှာ ကောင်းကောင်းရန်ဖြစ်ကြတဲ့အခါ အဖွဲ့ဝင်တွေက ပြဿနာကို အခြေခံပြီး ငြင်းခုန်ဆွေးနွေးကြတယ်၊ တခြား ဘယ်လိုလုပ်လို့ရဦးမလဲဆိုတဲ့ နည်းလမ်းကိုရှာတယ်၊ အချင်းချင်းစိန်ခေါ်ကြတယ်၊ လူနည်းစုရဲ့ အမြင်ကို နားထောင်ပေးကြတယ်၊ ထင်မြင်ချက်တွေကို လေးလေးနက်နက် စိစစ်တွေးဆ ဆွေးနွေးပေးကြတယ်၊ အစည်းအဝေးတက်ရောက်ကြသူအားလုံး ပြောဆိုဆွေးနွေးကြတဲ့နေရာမှာ အငြိုးခံရမှာ၊ လက်စားချေခံရမှာ ကြောက်ရွံ့ခြင်းမရှိ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခွင့်ရှိတယ်။

တစ်ယောက်နဲ့ တစ်ယောက် အတိုက်အခံမလုပ် အငြိုအငြင်မခံဘဲ စိတ်ချမ်းသာအောင်ပဲ ဂရုစိုက်ပြီး တက်ကြွမှုမရှိ အသက်မပါတဲ့ အစည်းအဝေးမျိုးကို သူမကြိုက်ကြောင်း ဗက်ချ်က ပြောပြတယ်။သူက သဘောထားအမြင်မတူကြတာ၊ ငြင်းခုန်တာနဲ့ ယုတ်စွအဆုံး ရန်ဖြစ်ကြတဲ့ တက်ကြွတဲ့ အစည်းအဝေးမျိုးကို ကြိုက်တယ်၊ “တကယ်တော့ ကျွန်တော်တို့က ‘အပြုသဘောဆောင်တဲ့ သဘောထားကွဲလွဲမှု’ ကို အားပေးတာပါ။အဖွဲ့တစ်ဖွဲ့က စိတ်ကူးအကြံဉာဏ်တစ်ခုကို လုပ်ဆောင်ဖို့ တက်ကြွစိတ်ထက်သန်တယ်ဆိုရင်၊ အဲဒီအကြံဉာဏ်ကို အကောင်အထည်ဖော်ရင် တကယ်ကျန်းမာကြံ့ခိုင်တဲ့ တိုးတက်ဖွံ့ဖြိုးမှုရှိစေမယ်ဆိုတာကို သေချာစေချင်တယ်” လို့ သူကပြောတယ်။

လူအများက သဘောတူတဲ့ အကြံဉာဏ်မို့လို့ ကိုယ်က ဘာမှဝင်မပြောတော့ဘဲ နှုတ်ပိတ်ရေငုံနေတာ မဖြစ်သင့်ဘူး။တစ်ဖွဲ့ဖွဲ့က အကျိုးသင့်အကြောင်းသင့်ရှိပြီး သူတို့ရဲ့အမြင်၊ ယုံကြည်မှုအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ပြီးသားရှိတယ်ဆိုရင် သူတို့ကိုလက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန်းပေးမှာပါ။ဒါမှလည်း အသက်ဝင် တက်ကြွတဲ့ အစည်းအဝေးဖြစ်တော့မှာပေါ့။အဲလိုပဲပြောရတော့မှာပဲ။

အမှုဆောင်အရာရှိ ဖရက်ဒီ ကက်စ်ပါ ကုမ္ပဏီရောက်စ ၂၀၀၁ ခုနှစ်က ပထမဦးဆုံး အစည်းအဝေးကိုဝင်လာတော့ ခန်းလုံးပြည့် လူအုပ်ကြီးက ခုန်ပေါက်ငြင်းခုန်နေတာကို တွေ့လိုက်ရတော့ အံ့သြမင်သက်သွားတယ်။

“ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြတာမျိုးတော့မဟုတ်ပါဘူး” လို့ သူကပြောပြတယ်။ “ဒါပေမဲ့ ဒါကို စိတ်ဓာတ်ခြင်း ရန်ဖြစ်ကြတာလို့တော့ ပြောလို့ရတယ်” လို့ သူကဖြည့်စွက်ပြောခဲ့တယ်။နောက်ထပ်အဖြစ်အပျက်တစ်ခုက အလယ်အလတ်တန်း မားကက်တင်းသမားတွေ အဲဝစ်ဖရက်မဲတစ် (Air Wick တံဆိပ် အနံ့အသက်ပျောက်ဖြန်းဆေး) လို့ခေါ်တဲ့ ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ချကြတဲ့ ရန်ပွဲပါ။

အမွှေးနံ့ကို သတ်မှတ်အချိန်ပိုင်းတိုင်းမှာ လေထဲကိုဖြန်းထုတ်ပေးတဲ့ ဓာတ်ခဲနဲ့အလုပ်လုပ်တဲ့ အမွှေးရည်ဘူးဖြစ်ပါတယ်။လွန်ခဲ့တဲ့ ငါးနှစ်တလျှောက်လုံး ကုမ္ပဏီက ဒီပစ္စည်းကို တောင်ကိုရီးယားရုံးတွေမှာပဲ အသုံးပြုဖို့အတွက်ပဲ ရောင်းချခဲ့ပါတယ်။ဒီပစ္စည်းကိုရောင်းတဲ့ ကုန်သည်တွေ၊ ဈေးသည်တွေက အခြားနိုင်ငံတွေမှာပါ ရောင်းသင့်တယ် ရုံးခန်းတွေကိုပဲမဟုတ်ဘဲ အိမ်တွေမှာ သုံးနိုင်အောင်ပါ ရောင်းချသင့်တယ်လို့ တွေးမိကြတယ်။သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒါက “တကယ်ရူးတဲ့” စိတ်ကူးပဲလို့ ထင်ကြပြီး၊ အဲဒါကို လျှောက်သတင်းလွှင့် ပြောကြားခဲ့ကြတယ်လို့ ဘလွန်းဘတ်ဘစ်စနက်ဝိခ်က ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ကုမ္ပဏီအတော်များများမှာတော့ ဒီအခြေအနေဖြစ်လာပြီဆိုရင် ဘာမှဆက်လုပ်ဖို့ စဉ်းစားမှာ မဟုတ်တော့ပါဘူး။ဒါပေမဲ့ ပြင်းပြင်းထန်ထန် ငြင်းခုန်ခဲ့ကြပြီးတဲ့နောက်မှာ သူ့အမြင် ကျဉ်းမြောင်းနေပါလားလို့ တွေးမိသွားတယ်။ Air Wick Freshmatic (Air Wick တံဆိပ် အနံ့အသက်ပျောက်ဖြန်းဆေး) ကို အခု နိုင်ငံပေါင်း ခြောက်ဆယ့်ကိုးနိုင်ငံမှာ ဖြန့်ချိခဲ့ပါပြီ။

ကျွန်တော်တို့ရဲ့ အင်တာဗျူးတွေအပေါ်မှာ အခြေခံပြီး၊ ၊ သိပ္ပံပညာရှင်များ က “ထုတ်ပြောဖို့မလိုတဲ့ စံသတ်မှတ်ချက်များ” လို့ခေါ်တဲ့ - မပြောဘဲ သိနေတဲ့ စည်းမျဉ်းများကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။

ရက်ကစ် ဘန့်ကီဆာ (Reckitt Benckiser) ရဲ့ ကောင်းသော ရန်ဖြစ်ခြင်းကို စိစစ်ကြည့်တော့ အောက်ပါအချက်တွေကို တွေ့လာရတယ်။

           •    အစည်းအဝေးတိုင်းမှာ ကိုယ်တိုင်တင်ပြနိုင်အောင် ၁၀၀ ရာခိုင်နှုန်းပြည့် ပြင်ဆင်ထားတယ်။
           •    ကိုယ့်စိတ်ကူးဉာဏ် အထင်အမြင်ကို သေချာတည်ဆောက်ပြီး၊ ခိုင်မာတဲ့ ယုံကြည်စိတ်နဲ့ တင်ပြတယ်။
           (တိကျတဲ့ အချက်အလက်တွေရော ပါတာပေါ့)
           •    ကိုယ့်အထင်အမြင် စိတ်ကူးဉာဏ်တစ်ခုတည်းအပေါ်မှာပဲ ဖက်တွယ်ထားတာမဟုတ်ဘဲ အခြားသူတွေရဲ့
           အကြံဉာဏ်ကိုလည်း ကြိုဆိုတယ်။
           •    အကောင်းဆုံး ငြင်းခုန်တင်ပြနိုင်သူကို ကိုယ့်အကြံဉာဏ်အတိုင်း မဟုတ်ပေမယ့် အနိုင်ပေးတယ်။
           (များသောအားဖြင့် ကိုယ့်ဟာမဟုတ်တာများတယ်)
           •    မတ်တပ်ထရပ်ပြီး အော်ဟစ်ဖို့ မတွန့်ဆုတ်ဘူး၊ ဒါပေမဲ့ ငြင်းခုန်တိုင်း ပုဂ္ဂိုလ်စွဲမပါဘူး။
           •    အမြဲတန်း သေသေချာချာ နားထောင်တယ်၊ အသေးအမွှားလို့ထင်ရတဲ့ ကိစ္စလေးတွေကိုတောင်၊
           အမှန်တကယ် နားထောင်တယ်။
           •    မိမိကိုယ်ကျိုးတစ်ခုအတွက် အများရဲ့ သဘောတူ ထောက်ခံမှုရအောင် ဘယ်တော့မှ မကြိုးစားဘူး။

ရက်ကစ် ဘန့်ကီဆာမှာ အဖွဲ့တွေက အကြံဉာဏ်တွေအားလုံးအပေါ် သုံးသပ်မှုမလုပ်ဘဲ၊ အားနည်းချက်နဲ့ အားသာချက်တွေကို ချိန်ထိုးမကြည့်ဘဲ၊ ဆုံးဖြတ်ချက်တစ်ခုကို ဘယ်တော့မှ မချမှတ်ဘူး။ဒါပေါ့အစည်းအဝေးတွေက တစ်ခါတလေ အပူချိန်ဒီဂရီမြင့်တက် ပြင်းထန်ကုန်တတ်တာပေါ့။ဒါပေမဲ့ နောက်ဆုံးကျရင်တော့ ဒီပြင်းထန်ပေါက်ကွဲတဲ့ တုံ့ပြန်မှုတွေကနေ အရည်အသွေးကောင်းတဲ့၊ အဖက်ဖက်က စဉ်းစားပြီးသားဖြစ်တဲ့ ဆုံးဖြတ်ချက်တွေ ရလာပါတယ်။

ဒီပုံစံအတိုင်း အဖွဲ့အစည်းအတွင်း အလုပ်လုပ်တာက အများကြီးသာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရစေတယ်ဆိုတာကို ကျွန်တော်တို့ အင်တာဗျူးတဲ့ လူတိုင်းက သဘောတူကြတယ်။

ဒါကတော့ အစည်းအဝေးကို ထိရောက် အကျိုးရှိအောင် လုပ်တတ်တဲ့၊ ဆပ်ပြာရည်ရောင်းတဲ့ ကုမ္ပဏီတစ်ခုသာဖြစ်ပေမဲ့၊ ကုမ္ပဏီ ၂,၀၀၀ ကြားက ထိပ်တန်းစွမ်းဆောင်ရှင် CEO ၁ ရာခိုင်နှုန်းထဲမှာ စာရင်းဝင်အောင် စီမံအုပ်ချုပ်တဲ့၊ အင်္ဂလန်က ရက်ကစ် ဘန့်ကီဆာဆိုတဲ့ ပန်းကန်ဆေးဆပ်ပြာကုမ္ပဏီ ရဲ့ CEO ဘတ်ဗက်ချ်က သူ့အဖွဲ့တွေရဲ့ ရလဒ်ကောင်းတွေ ချမှတ်နိုင်တဲ့ အစည်းအဝေးကျင်းပပုံလေးကို တင်ပြထားတာဖြစ်ပါတယ်။

အစည်းအဝေးတွေမှာ အများက မလိုလားတဲ့ ရန်ပွဲတွေကနေ ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်သလဲဆိုတာကို ဖော်ပြထားတာဖြစ်ပါတယ်။

ထိရောက်အောင်မြင်တဲ့ လုပ်ရည်ကိုင်ရည်နဲ့ အစွမ်းပြပြီး အလုပ်လုပ်နိုင်သူများ ဖြစ်ကြပါစေ။

(ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)
Photo Credit - Openclipart