【 ဆောင်းပါး 】 အထူးတန်ဖိုး (ပရီမီယံ) ကို တွက်ချက်ပါ

【 ဆောင်းပါး 】 အထူးတန်ဖိုး (ပရီမီယံ) ကို တွက်ချက်ပါ

ပူးပေါင်းဆောင်ရွက်သင့်တဲ့ အဆိုပြုချက်လို့ ဆုံးဖြတ်သင့်တဲ့ ကျေနပ်နှစ်သက်စရာ တန်ဖိုးရလဒ်ပေါ် ထွက်လာနိုင်မယ့် အကြောင်းပြချက်ကောင်းတဲ့ “လုပ်ငန်းရပ်” တစ်ခုကို သင် ဘယ်လိုအတိအကျ တည်ဆောက်မလဲ။ကျွန်တော့်ရဲ့ သုတေသနနဲ့ အကြံပြုချက်တွေက ပေါ်ထွက်ခဲ့တဲ့ အောက်‌ဖော်ပြပါ ညီမျှခြင်းကနေ အသုံးဝင်မယ့် လမ်းညွှန်ချက်ကို တွက်ချက်ယူနိုင်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုပရီမီယံ = လက်ဦးခြင်းရဲ့ အကျိုးကျေးဇူး - အခွင့်အလမ်းကုန်ကျစရိတ် - ပူးပေါင်းဆောင်ရွက်မှု ကုန်ကျစရိတ်

အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရာကနေဖြစ်စေ ဒါမှမဟုတ် ဌာနတွေ နယ်စည်းမခြား ပူးပေါင်းလုပ်ဆောင်ခြင်းကနေဖြစ်စေ ရရှိလာမယ့် အထူးတန်ဖိုး (ပရီမီယံ) ကို သင်တတ်စွမ်းသမျှ တွက်ချက်ပါ။ရလာမယ့် အကျိုးကျေးဇူးနဲ့ ပူးပေါင်းဆောင်ရွက်မှု ကုန်ကျစရိတ်တို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ပြီးသား ဖြစ်ပါစေ။တကယ်လို့ အထူးတန်ဖိုး (ပရီမီယံ) က အပေါင်းလက္ခဏာဆောင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုကို လုပ်သင့်ပါတယ်။အထူးတန်ဖိုး (ပရီမီယံ) က အနုတ်လက္ခဏာ ပြနေရင်တော့ မလုပ်သင့်ပါဘူး။

အစပိုင်းကတော့ အဂျေးလန့်ရဲ့ ဇီဝသိပ္ပံအဖွဲ့အတွက် LC triple quad ပူးပေါင်းဆောင်ရွက်ရေးက စိတ်ဝင်စားစရာ မရှိသေးပါဘူး။အခွင့်အလမ်းကို အစားအသောက်နဲ့ အခြား ဈေးကွက်တွေဆီကို ချဲ့ထွင်ရောင်းချမယ်ဆိုရင် ဒေါ်လာ သန်း ၁၅၀ တန် အခွင့်အလမ်းရလာမယ်။ (ဒါက ညီမျှခြင်းထဲမှာပါတဲ့ လက်ဦးခြင်း အကျိုးကျေးဇူးပေါ့)၊ ဒီလိုဆိုလိုက်ရင် ဇီဝသိပ္ပံအဖွဲ့တွေ ချက်ခြင်း ခုန်ပေါက်ဝင်ချလာသင့်တာ‌ပေါ့၊ မဟုတ်ဘူးလား။ဒါပေမဲ့ သူတို့မလုပ်ခဲ့ဘူး။သူတို့က သံသယဝင်နေခဲ့တယ်။ဘာကြောင့်လဲ။

ဇီဝသိပ္ပံအဖွဲ့တွေက သူတို့ရဲ့ ကိုယ်ပိုင်ပရောဂျက်ဖြစ်တဲ့ ပရိုတီယိုမစ်စ် (proteomics) မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးသားရှိနေတယ်။သူတို့အနေနဲ့ proteomics ရော၊ LC triple quad ရော တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံအလုံအလောက်မရှိဘူး။သူတို့က အခွင့်အလမ်းကုန်ကျစရိတ်နဲ့ ကြုံနေရတာပေါ့၊ ဒါက ခုနမေးခွန်းရဲ့ အဖြေပဲ၊ “ပူးပေါင်းဆောင်ရွက်ရမယ့် ပရောဂျက်ကို ဦးစားပေး ရွေးလိုက်မယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးက ဘာလဲ”။

တကယ်လို့ LC triple quad ကို ရွေးလိုက်မယ်ဆိုရင် သူတို့အနေနဲ့ သူတို့အောင်မြင်မယ်လို့ ယုံကြည်ထားတဲ့ proteomics ပရောဂျက်ကို နောက်ဆုတ်လိုက်ရမယ် ဒါမှမဟုတ် စွန့်လွှတ်လိုက်ရမယ်လို့ ဇီဝသိပ္ပံအဖွဲ့က မြင်တယ်။သူတို့အဖို့ triple quad ကို ပြောင်းလိုက်ဖို့အတွက် အခွင့်အလမ်း ကုန်ကျစရိတ်က သိပ်ကြီးမားလွန်းနေခဲ့တယ်။အစပိုင်းမှာ မိုက်က ဘယ်လိုတုံ့ပြန်ရမှန်း မသိခဲ့ဘူး။တကယ်လို့ အဂျေးလန့်က LC triple quad ကို ဈေးကွက်တင်ဖို့ နှစ်အနည်းငယ်လောက် စောင့်ဆိုင်း အချိန်ယူလိုက်မယ်ဆိုရင် သိပ်နောက်ကျသွားမယ်၊ ပြိုင်ဖက်တွေက ဒီအခွင့်အလမ်းကို လုယူသွားမှာပဲ။ဘယ်လိုပဲဖြစ်ဖြစ် မိုက်အနေနဲ့ကတော့ ဇီဝသိပ္ပံအဖွဲ့အတွက် အခွင့်အလမ်း ကုန်ကျစရိတ်ကို လျှော့ချပေးမှဖြစ်မှာပါ။နို့မိုဆိုရင် သူတို့ပါလာမှာ မဟုတ်ဘူး။

မိုက်က သူ့ဘတ်ဂျက်ကို သေချာစစ်ဆေးလိုက်ပြီး ဖြေရှင်းဖို့ နည်းလမ်းကို တွေ့သွားခဲ့တယ်။ဇီဝသိပ္ပံအဖွဲ့တွေနဲ့ ပရောဂျက် နှစ်ခုစလုံးကို တစ်ပြိုင်နက် လုပ်နိုင်အောင် သူ့ဌာနရဲ့ ရင်းနှီးမြှုပ်နှံငွေတချို့ကို သူတို့ဌာနထဲကို ပြောင်းရွှေ့ပေါင်းထည့်‌ပေးလိုက်မယ်။ဒီလို ရန်ပုံငွေထပ်ဆောင်းလိုက်ရင် မိုက်က အခက်ခဲဆုံး အတားအဆီးတစ်ခုဖြစ်တဲ့ အခွင့်အလမ်း ကုန်ကျစရိတ်ကို ဖယ်ရှားပေးပြီးသားဖြစ်သွားမယ်။ဒါဆိုရင် ဇီဝသိပ္ပံအဖွဲ့တွေအဖို့လည်း ဆင်ခြေ‌ပေး ငြင်းလို့လုံးဝမရနိုင်တော့ဘူးပေါ့။

ဒါပေမဲ့ မိုက် လုပ်စရာတွေက မပြီးသေးဘူး။ပူးပေါင်းဆောင်ရွက်မှု ကုန်ကျစရိတ်ဆိုတဲ့ နောက်ထပ်ပြဿနာတစ်ခုက ထီးထီးကြီး ရှိနေသေးတယ်။သူ့ဌာနက လူတချို့နဲ့ ဇီဝသိပ္ပံက လူတချို့က ဒီပရောဂျက်ကို စိတ်လိုလက်ရ လုပ်ပေးဖို့ ကတိကဝတ်ထားမှဖြစ်မယ်လို့ သူစိတ်ဆုံးဖြတ်လိုက်တယ်။တကယ်လို့ ဇီဝသိပ္ပံက အင်ဂျင်နီယာတချို့က proteomics ကိုပဲ လုပ်ချင်စိတ်ရှိတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ၊ သူတို့က LC triple quad ကို စိတ်မပါ လက်မပါ လုပ်ကြတော့မှာပေါ့။သူတို့ရဲ့ မန်နေဂျာတွေကရော စိတ်ပါလက်ပါ လုပ်ကြမှာလား။တကယ်လို့ သူတို့က သူတို့ရဲ့ အင်ဂျင်နီယာတွေကို ဒီပရောဂျက်အတွက် အချိန်ပြည့် တာဝန်မပေးပဲထားရင် ချမှတ်ထားတဲ့ ပန်းတိုင်နဲ့ အစီအစဉ်တွေ ကမောက်ကမဖြစ်ကုန်မှာပဲ။ကျွန်တော် ပူးပေါင်း‌ဆောင်ရွက်ခြင်းဆိုတဲ့ စာအုပ်ထဲမှာ ရေးခဲ့သလို ပူးပေါင်းဆောင်ရွက်မှု ကုန်ကျစရိတ်မှာ ဌာနနှစ်ခုက တာဝန်နှစ်ခုကို လုပ်ရခြင်းအပါအဝင် “လုပ်ငန်းမတူတဲ့ ဌာနနှစ်ခုကြားမှာ မတူညီတဲ့ လုပ်ငန်းရည်ရွယ်ချက်များ၊ ဝိရောဓိဖြေရှင်းဖို့ အားထုတ်မှုများနဲ့ ဒွေးရောယှက်တင်ဖြစ်မှုများရဲ့ နောက်ဆက်တွဲ အရည်အသွေးညံ့ဖျင်း‌သော ရလဒ်များဖြစ်တဲ့ နောင့်နှေးကြန့်ကြာမှုများ၊ ဘတ်ဂျက်ထက် ကျော်သုံးမိမှုများ၊ အရည်အသွေးညံ့ခြင်းများ၊ အရောင်းလက်လွတ်သွားခြင်းများ” တို့ကို ညှိယူရခြင်း စတဲ့ စရိတ်တွေ ပါဝင်နေပါတယ်။

ကျွန်တော်တို့ မြင်ခဲ့တဲ့အတိုင်း မိုက်က အဲဒီပူးပေါင်းဆောင်ရွက်မှု ကုန်ကျစာရိတ်တွေကို လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။အားလုံးအပေါ် ခြုံငုံသုံးသပ်ကြည့်ရရင် သူက သုံးနှစ်အတွင်း ဒေါ်လာ သန်းပေါင်း ၁၅၀ အကျိုးအမြတ်ရမယ်ဆိုတဲ့ နှစ်သက်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ပရီမီယံကို တွက်ချက်ပြခဲ့တယ်၊ အခွင့်အလမ်း ကုန်ကျစရိတ်ကို လျှော့ချခဲ့တယ်၊ ထို့အပြင် ပူးပေါင်းဆောင်ရွက်မှု ကုန်ကျစရိတ်ကိုလည်း လျော့နည်းအောင် လုပ်နိုင်ခဲ့တယ်။

            စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့အတွက် ပထမစည်းမျဉ်း

ဆန်တရာအကြံပေးကုမ္ပဏီရဲ့ ကိစ္စကို ပြန်သွားကြည့်ကြရအောင်။ကုမ္ပဏီရဲ့ အတ္တလန်တာရုံးခွဲမှာ လူတကာလိုချင် သဘောကျတဲ့ ရာထူးကြီးဖြစ်တဲ့ စီမံခန့်ခွဲမှုအတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေတဲ့ ဂျက်မေဆန်ဟာ ကိုကာကိုလာရဲ့ ဒေါ်လာ ၆ သန်းတန် ကန်ထရိုက်ဖြစ်တဲ့ SAP သတင်းအချက်အလက်နည်းပညာစနစ်ရဲ့ သေးငယ်တဲ့အပိုင်းကို လေလံတင်ရောင်းချရာမှာ အကောင်အထည်ဖော်ဖို့အတွက် ကူညီပေးရမယ့် လေးဦးအဖွဲ့မှာ ပါဝင်သူတစ်ယောက်ဖြစ်တယ်။ဆန်တရာရဲ့ အကြီးတန်းပါတနာဖြစ်သူ လေလံတာဝန်ခံက မေဆန်နဲ့ သူ့ရုံးက အကြံပေးနှစ်ယောက်တို့ကို စည်းရုံးပြီး သူတို့လေးဦးအဖွဲ့က အဆိုပြုလွှာကို ထိပ်တန်းဖြစ်အောင် ပြုစုရာမှာ ကျွမ်းကျင်မှု အင်အားအတောင့်တင့်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

မေဆန်က လေလံအောင်မြင်အောင် အင်အားပြည့် လုပ်ခဲ့တယ်။

ဆန်တရာကုမ္ပဏီရဲ့ အခြားဌာနအသီးသီးမှာရှိတဲ့ အကြံပေးပုဂ္ဂိုလ်တွေ မှာ SAP (Systems Applications and Products in Data Processing- အချက်အလက်များ ဆက်စပ်လှုပ်ရှားစေရန်အတွက် ဆောင်ရွက်ပေးသော သုံးစွဲမှုစနစ်နှင့် ပစ္စည်း) ‌ရေးသားတာနဲ့ပတ်သက်ပြီး အတွေ့အကြုံကြီးမား ကြွယ်ဝတဲ့အတွက် သူတို့ရဲ့ကျွမ်းကျင်မှုတွေကို ထည့်သွင်းအသုံးချလိုက်တာကြောင့် သူ့အတွက် ပထမတန်းစား အရောင်းတင်ပြမှု လုပ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ခဲ့တယ်။သူက အခု အလုပ်အတွက် ကျွမ်းကျင်ပညာရှင်တွေအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ လုပ်ဖော်ကိုင်ဖက် ကိုးယောက်ဆီကို အီးမေးလ်ပေးပို့ခဲ့တယ်။အဲဒီထဲက သုံးယောက်က ဆန်ဖရန်စစ္စကို၊ နယူးယောက်နဲ့ ဒဲလက်စ်ရုံးတွေကဖြစ်ပြီး သူနဲ့ လူချင်းတွေ့ဖို့ အတ္တလန်တာကို လေယာဉ်နဲ့ လာခဲ့မယ်လို့ သဘောတူခဲ့တယ်။

မေဆန်က စပါးကျီဖြိုချရေးယဉ်ကျေးမှုအသစ်မှာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလား သဘောတူကြတာအပေါ် ဝမ်းသာအားရဖြစ်ခဲ့တယ်။သူ့အဖွဲ့ဟာ အလွန်လန်းတဲ့ အရောင်းမြှင့်တင်ရေးကို ဖော်ဆောင်နိုင်လိမ့်လို့ ထင်စရာဖြစ်ခဲ့တယ်။

ကံမကောင်း အကြောင်းမလှစွာနဲ့ ပရောဂျက် ဦးတည်ချက်လမ်းကြောင်း ပြောင်းသွားခဲ့တယ်။ကျွမ်းကျင်ပညာရှင်သုံးယောက်က သူတို့ရဲ့ SAP ကို ကောင်းကောင်းသိတယ်၊ အဲဒါကြောင့် သူတို့က ရင်ကော့ပြီး သူတို့ကျွမ်းကျင်ကြောင်း ပြသခဲ့တယ်။သူတို့က ကိုကာကိုလာ အရောင်းတက်အောင် ဘယ်လိုနည်းစနစ်တွေနဲ့ နေရာတကျ လုပ်ဆောင်ရမယ်ဆိုတာကို ရှုထောင့်အမျိုးမျိုးက နောက်သုံးပတ်လုံးလုံး တင်ပြပေးခဲ့တယ်။လန်ဒန်က ဆရာက စရိတ်လျှော့ချရေးနည်းကို ကျင့်သုံးသင့်ကြောင်း တိုက်တွန်းခဲ့တယ်၊ ဆန်ဖရန်စစ္စကိုက ကျွမ်းကျင်ပညာရှင်ကတော့ အဖွဲ့တွေကို ဆန်းသစ်တီထွင်တဲ့ အမြင်ကို ဇောင်းပေးပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တယ်၊ နယူးယောက်က ဂုရုကတော့ အပိုဝန်ဆောင်မှုပေးတဲ့နည်းကို သုံးစေချင်တယ်။ငြင်းကြခုန်ကြနဲ့ သွေးပူကုန်ကြတယ်။

မေဆန်ရဲ့ အတ္တလန်တာရုံးက အဖွဲ့သားနှစ်‌ယောက်ကတော့ အဲဒီအဆိုပြု တိုက်တွန်းတာတွေကြားမှာ ညစ်နေကြတယ်။သူတို့က ရောင်းအားရှိဖို့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အတွေ့အကြုံဗဟုသုတ လိုအပ်သမျှ ပြည့်စုံနေပြီပဲ ဘာလို့ အပြင်က ပညာရှိဆိုသူတွေရဲ့ အမြင်တွေကို နားထောင်ပြီး သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးပစ်နေရမှာလဲလို့ ငြီးတွားကြတယ်။ “မီးဖို ချောင်ထဲမှာ စားဖိုမှူးတွေအများကြီး‌ ရောက်နေသလိုပဲ” လို့ တစ်ယောက်က မြည်တွန်လိုက်တယ်။

အမျိုးမျိုးကွဲပြားတဲ့ အကြံဉာဏ်တွေနဲ့ များပြားတဲ့ တိုက်တွန်းချက်တွေရဲ့ ထိုးနှက်မှုတွေကြားကနေ အဖွဲ့က သူတို့ရဲ့ မူလအစီအစဉ်အတိုင်း သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီး‌အောင် ခက်ခက်ခဲခဲ ကြိုးစားလုပ်ခဲ့ရတယ်။

နောက်ဆုံးမှာတော့ ပါတနာကြီးက နောက်ဆုံးတင်ပြမှုကို ပုံဖော်လိုက်တာက “ချဉ်းကပ်ပုံတွေက သပွတ်အူလိုပဲ ရှုပ်ထွေးများပြားလွန်းသွားတယ်” လို့ မှတ်ချက်ပေးလိုက်ပါတယ်။

သူတို့ လေလံရှုံးသွားတာ ဘာမှအံ့သြစရာမရှိပါဘူး။ဒီအဖြစ်အပျက်တစ်ခုလုံးကို ပူးပေါင်းဆောင်ရွက်မှု ပရီမီယံ တွက်ချက်တဲ့ ညီမျှခြင်းနဲ့ ဆန်းစစ်သုံးသပ်ကြည့်ကြရအောင်ပါ။

အတ္တလန်တာအဖွဲ့အနေနဲ့ ဆန်ဖရန်စစ္စကို၊ လန်ဒန်နဲ့ နယူးယောက်က ကျွမ်းကျင်သူသုံးယောက်ဆီက အကူအညီတောင်းတာ ဘာအကျိုးကျေးဇူးရရှိခဲ့သလဲ။ဘာမှ သိပ်မရပါ။အတ္တလန်တာအဖွဲ့မှာ နဂိုကတည်းက အဆင့်မြင့်ကျွမ်းကျင်မှုရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် အပြင်က ထပ်ဆောင်း အကူအညီတောင်းခဲ့တာက ဘာမှအကျိုးကျေးဇူးရှိတာ မဟုတ်ပါဘူး။ဆိုတော့ အခွင့်အလမ်း ကုန်ကျစရိတ် ဘယ်လောက်ဖြစ်သွားသလဲ။ အများကြီးပေ့ါ

- အဖွဲ့ အနေနဲ့ အကြံပေး ဆရာကြီးသုံးယောက်ကို တုံ့ပြန်မေးဖြေပြီး အချိန်ကုန်နေရမယ့်အစား အကန့်အသတ်ဖြစ်နေတဲ့ အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး အဆိုပြုလွှာကို အာရုံစိုက် လုပ်ဆောင်နေရသင့်တာ‌ပေါ့။ဆိုတော့ ပူးပေါင်းဆောင်ရွက်မှု ကုန်ကျစရိတ်ကရော။အများကြီးပဲပေါ့ - ကျွမ်းကျင် အကြံပေး ဆရာကြီးတွေက သူတို့ရဲ့ မတူညီတဲ့ နည်းစနစ်တွေကို သုံးစေချင်တဲ့အတွက် ဝိရောဓိဖြစ်စေမယ့် အကြံဉာဏ်တွေကို ဖန်တီးရာရောက်ကုန်ပါတယ်။အားလုံးကို ခြုံကြည့်လိုက်တော့ ရလဒ်က အနုတ် လက္ခဏာပြတဲ့ ပူးပေါင်းဆောင်ရွက်မှု “ပရီမီယံ” ပဲ ထွက်လာတာ သေချာတာပေါ့။

မေဆန်သာ ဆယ်မိနစ်လောက် ခဏအချိန်ယူပြီး သူ့အတွေးအခေါ်ကို သေချာပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် အဲဒီ ပြင်ပ ပညာရှင်တွေကို ဆက်သွယ်မိမှာမဟုတ်ဘူး။အဲဒါကြောင့် အလုပ်ကို ပိုပြီးကောင်းအောင် လုပ်နိုင်ဖို့အကြောင်း ဘာမှတွေ့မိမှာ မဟုတ်ပါဘူး။

တကယ်လို့ ပူးပေါင်းဆောင်ရွက်မှု ပရီမီယံက အနုတ်လက္ခဏာဆောင်မယ့် အလားအလာ ဖြစ်နေတယ်ဆိုရင် မလုပ်ဘူးလို့ ငြင်းဖို့ လုံးဝမတွန့်ဆုတ်ပါနဲ့။သင့်ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်လာမယ့်သူအပေါ်မှာ အထင်အမြင်သိပ်ကြီးနေတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ထိုသူက ပုဂ္ဂိုလ်ရေးအရ သင်သဘောကျနေသူဖြစ်ဖြစ်၊ ဒါမှမဟုတ် သင့်အထက်လူကြီးက ထိုပူးပေါင်းဆောင်ရွက်မှုကို ဦးစီးလုပ်ဆောင်နေရတာဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း အပေါ်ယံကြည့်လိုက်ရင် ထိုပူးပေါင်းဆောင်ရွက်မှုက ရလာမယ့် အကျိုးကျေးဇူးက သိပ်စွဲဆောင်မှုကောင်းနေတာဖြစ်ဖြစ် ကိစ္စမရှိပါ။စိတ်ဖိစီးမှု အဖြစ်မခံပါနဲ့၊ မလုပ်ဖို့ ငြင်းလိုက်ပါ။

တခြားတစ်ဖက်က ကြည့်တော့လည်း တကယ်လို့ မလုပ်မဖြစ်လုပ်ရမယ့် အခြေအနေဖြစ်နေပေမယ့်၊ ပေါ့ပေါ့ဆဆ မဆင်မခြင် မျက်စေ့မှိတ် လုပ်လိုက်တာမျိုးကို ရှောင်ပါ။သင်တာဝန်ယူလုပ်ကိုင်မယ့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကိုပဲ အကောင်းဆုံးကြိုးစားလုပ်ပါ။ဘယ်လိုလုပ်သင့်သလဲ စစ်ဆေးကြည့်ရအောင်ပါ။

ဒီဆောင်းပါးလေးမှာတော့ မော်တန် တီ ဟန်ဆန်က ပူးပေါင်းဆောင်ရွက်မှုကို ဘယ်အခြေအနေမှာ လက်သင့်ခံပြီး ဘယ်အချိန်မှာ ငြင်းသင့်တယ်ဆိုတာကို ဖော်မျူလာတစ်ခုနဲ့ သုံးသပ်ကြည့်နည်းကို အကြံပေးခဲ့တာဖြစ်ပါတယ်။

ပူးပေါင်း‌ဆောင်ရွက်မှုတိုင်းမှာ ပိုသာတဲ့အကျိုးအမြတ် ရှိသင့်ပြီး၊ အကျိုးအမြတ်မရှိနိုင်ဘူးဆိုရင်တော့ ငြင်းလိုက်တာ အကောင်းဆုံးဆိုတာကို လေ့လာပြီးတဲ့နောက်မှာ၊ နောက်လာမယ့် ဆောင်းပါးတွေမှာ ဘယ်လိုထိရောက်တဲ့နည်းတွေကို လမ်းညွှန်ဦးမလဲဆိုတာ ဆက်လေ့လာလိုက်ကြရအောင်ပါ။

(ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)