【 ဆောင်းပါး 】 အဖွဲ့လိုက် လုပ်ဆောင်မှု ကောင်းအောင် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 အဖွဲ့လိုက် လုပ်ဆောင်မှု ကောင်းအောင် ဘယ်လိုလုပ်မလဲ ?

Team Work (အဖွဲ့လိုက်လုပ်ဆောင်မှု) ဆိုတာ ဘာလဲ၊ ဘာအကျိုးကျေးဇူးရှိလဲ။ဘယ်လိုလုပ်ရမှာလဲ။

အခုအချိန်မှာ ကုမ္ပဏီတိုင်း လုပ်ငန်းတိုင်းက အသံကျယ်ကျယ် တောင်းဆိုနေကြတဲ့ အရာကတော့ Team Work ဆိုတဲ့ အဖွဲ့လိုက် စည်းလုံးညီညွတ် အပေးအယူမျှစွာ ပူးပေါင်း အလုပ် လုပ်ဆောင်ခြင်းပါပဲ။ထိရောက်တဲ့ စီမံအုပ်ချုပ်မှုစွမ်းရည်ဆိုရာမှာ မိမိအဖွဲ့ကို တစ်ဦးကောင်း တစ်ယောက်ကောင်း အလုပ် လုပ်တဲ့ အလေ့အကျင့်ကနေ အသင်းအဖွဲ့စိတ်နဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်လာအောင် စည်းရုံးလုပ်ဆောင်နိုင်တဲ့ အရည်အချင်းကလည်း အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။

“တစ်ယောက်အားနှင့် ယူ၍မရသော် တစ်သောင်းအားဖြင့် ယူသော်ရ၏” ဆိုတဲ့ စကားကလည်း ဒီ Team Work နဲ့ စုစည်းပူးပေါင်း အလုပ် လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဖော်ပြနေတဲ့ ခွန်အားရှိတဲ့ စကားဖြစ်ပါတယ်။အတူတူ အလုပ် လုပ်ပြီး အတူတကွ အောင်မြင်ကြခြင်းဆိုတဲ့ ဂုဏ်ဒြပ်ကလည်း မက်မောလိုလားဖွယ်ရာ ဆုလာဘ်တစ်ခုသဖွယ်ဖြစ်ပါတယ်။ဘာကြောင့် Team Work က လိုလားစရာတစ်ရပ် ဖြစ်ရတာလဲ။

Team Work လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ -

(၁) အဖွဲ့ဝင်တို့ရဲ့ ညီညွတ်ခြင်းကြောင့် နှစ်လိုဖွယ်ရာ ပျော်ရွှင်စရာ အသိုက်အဝန်းတစ်ခုအဖြစ် ဖွဲ့တည်လာခြင်း။
(၂) အဖွဲ့ဝင်အချင်းချင်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်စိတ်၊ ကူညီပံ့ပိုးစိတ်တို့ကြောင့် နွေးထွေးပြီး တစ်ဦးချင်းရဲ့ စိတ်ဓာတ်လုံခြုံမှု၊ ရဲဝံ့မှုတို့ကို ဖြစ်ပေါ်စေခြင်း၊ အထီးကျန်အားကိုးရာမဲ့စိတ်တို့ ကင်းဝေးစေခြင်း။
(၃) စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုသကဲ့သို့ အောင်မြင်မှု အသီးအပွင့်များကို စဉ်ဆက်မပြတ် ရရှိခံစားနိုင် ခြင်း။မိမိအဖွဲ့အစည်းအပေါ် ဂုဏ်ယူခြင်း၊ အဖွဲ့ဝင်ဖြစ်ရခြင်းအတွက် ဂုဏ်ယူခြင်း၊ အဖွဲ့အတွက် လုပ်ဆောင်ရန် အစဉ်တက်ကြွနေခြင်း။
(၄) တစ်ဦးခေါင်း တစ်ပညာဆိုသကဲ့သို့ မိမိမသိမတတ်သော ကိစ္စများအား မိမိအဖွဲ့မှ အခြားသူများထံမှ လွယ်ကူလျင်မြန်စွာ သင်ယူလေ့ကျင့်နိုင်ခြင်း။
(၅) မတူကွဲပြားသူများနဲ့ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး ထူထောင်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အပေးအယူကောင်းအောင် ဆောင်ရွက်ခြင်းတို့၌ တိုးတက်ကျွမ်းကျင်လာစေခြင်း။
(၆) အသင်းအဖွဲ့ နဲ့ အလုပ် လုပ်ခြင်းဖြစ်သောကြောင့် တစ်ဦးတည်း ပင်ပန်းခက်ခဲစွာလုပ်ရခြင်းမှ ကင်းဝေးခြင်း။
(၇) အသင်းအဖွဲ့ အလုပ် လုပ်ခြင်းဖြစ်သောကြောင့် အရည်အသွေးပိုကောင်းတဲ့ လုပ်ငန်းပြီးစီး အောင်မြင်မှုကို ပိုမိုလျင်မြန်စွာ ရရှိနိုင်ခြင်း။
(၈) တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်လေးစား ချစ်ခင်စိတ်များ တိုးတက်လာစေခြင်း။
(၉) တစ်ယောက်ရဲ့ လိုအပ်ချက်၊ ဟာကွက်ကို အခြားတစ်ယောက်က ဖြည့်ဆည်းပေးခြင်းဖြင့် ဟာကွက်မရှိ ပြည့်ဝသော အသင်းအဖွဲ့တစ်ခုအနေဖြင့် ဖြစ်တည်လာနိုင်ခြင်း။

အသင်းအဖွဲ့စိတ်ဓာတ်နဲ့ အတူတကွ ပူးပေါင်း အလုပ် လုပ်ခြင်းရဲ့ အကျိုးရလဒ်တွေကတော့ အများအပြားရှိပါတယ်။အဲဒီတော့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ အဖွဲ့လိုက် အလုပ် လုပ်တဲ့ အလေ့အကျင့် (Team Work) ကို ဘယ်လိုထူထောင်ဖွဲ့စည်း လုပ်ဆောင်ရမလဲ။

အသင်းအဖွဲ့စိတ်ဓာတ်ကို ထူထောင်ရာမှာ အရေးကြီးဆုံး တစ်ချက်ကတော့ You are not alone ဆိုတဲ့ အားပေးစကားကို အမြဲတမ်းသတိရစေဖို့နဲ့၊ ဒီအဖွဲ့အစည်းက မိမိရဲ့ ကိုယ်ပိုင်အဖွဲ့အစည်းဖြစ်တယ်၊ မိမိရဲ့မိသားစုဖြစ်တယ်။မိမိကျဆုံး၊ မအောင်မြင်ခြင်းဟာ မိမိအဖွဲ့ရဲ့ ကျဆုံး၊ မအောင်မြင်ခြင်းပဲဖြစ်သလို၊ မိမိအဖွဲ့ရဲ့ ကျဆုံး၊ မအောင်မြင်ခြင်းကလည်း မိမိရဲ့ ကျဆုံး၊ မအောင်မြင်ခြင်းပဲဖြစ်တယ်။မိမိတို့ဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားများ ဖြစ်ကြတဲ့အတွက် ဒီအဖွဲ့အစည်း (ဒီလှေ) နစ်မြုပ်မယ်ဆိုရင် လှေပေါ်ပါတဲ့ (အဖွဲ့ဝင်အားလုံး) အတူတကွ နစ်မြုပ်ကြရမယ်။ဒါကြောင့် တစ်ဖွဲ့လုံးက စည်းလုံးညီညွတ်ဖို့ လိုတယ်၊ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲညီညီ ပံ့ပိုးကူညီကြမှ တစ်ဖွဲ့လုံးရဲ့ တိုးတက်ဖြစ်ထွန်းမှုရှိမယ်၊ ရေရှည်တည်တံ့ခိုင်မြဲမယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်တွေ တစ်ဦးချင်းမှာ စိမ့်ဝင်နေစေဖို့ အရေးကြီးတယ်ဆိုတာကို အစဉ်သတိမလပ် ထူထောင်ထားရမှာဖြစ်ပါတယ်။

အဖွဲ့ဝင်တိုင်းဟာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမှာဖြစ်လို့၊ မိမိရဲ့ ကိုယ်ပိုင်အရည်အချင်း အစဉ်တိုးတက်နေအောင် ကျင့်ကြံအားထုတ်ရမှာဖြစ်ပါတယ်။မိမိအားသာတဲ့ အရည်အချင်း မိမိအဖွဲ့ဝင်တွေမှာမရှိရင် သူတို့မှာလည်း ဒီအရည်အချင်းရှိလာအောင် မျှဝေပေးမယ်ဆိုတဲ့ သဘောထားမျိုး မွေးမြူထားရမယ်။

ဆိုတော့ Team Work လို့ ခေါ်တဲ့ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးကျေးဇူးများပုံကို သိမြင်လောက်ပါပြီ။ဒါပေမဲ့ Team Work က အလိုလျောက်ဖြစ်လာမှာ မဟုတ်ပါဘူး၊ အဖွဲ့ဝင်တွေအားလုံး အဖွဲ့လိုက် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်လာအောင်၊ Team Work/Team Spirit ကိုယ့်အဖွဲ့ထဲမှာ ဖြစ်ပေါ်လာစေဖို့ ဘယ်လိုထူထောင်မလဲ။အောက်မှာ ဘယ်လိုဖော်ဆောင်ရမယ်ဆိုတာကို အကြံပေး တင်ပြလိုက် ပါတယ်။ (အခုတင်ပြမယ့်နည်းတွေက ဦးဆောင်သူနေရာမှာ တာဝန်ယူမယ့်သူအတွက် ရည်ရွယ်တင်ပြတာဖြစ်ပါတယ် - စကားချပ်)

မိမိအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကို တိကျသေချာစွာ သတ်မှတ်ပေးပါ။မိမိအဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်တယ်၊ ဘာကြောင့် ဒီရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မိမိအဖွဲ့ဝင်တိုင်း တိတိကျကျ သေသေချာချာ သိရှိပါစေ၊ ဒါ့အပြင် အဖွဲ့ဝင်တိုင်းက ဒီပန်းတိုင်ကို ပေါက်မြောက်စေဖို့အတွက် ကိုယ့်ရပ်တည်မှုက ဘာဖြစ်တယ်၊ ဘယ်လိုပါဝင်ဆောင်ရွက်ရမယ်၊ ကိုယ့်တာဝန်က ဘာဖြစ်တယ်၊ ဘယ်သူ့ကို ဘယ်အချိန် အစီရင်ခံရမယ် ဒါမှမဟုတ် ဘယ်သူနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်၊ ဘယ်သူ့ဆီက အကြံဉာဏ် ခံယူရမယ် စသဖြင့် အသေးစိတ် သိနေစေရပါမယ်။

အဖွဲ့ဝင်အချင်းချင်း တစ်ဦးနဲ့ တစ်ဦး ပွင့်လင်းမြင်သာစွာ ဆက်သွယ် အလုပ် လုပ်ကြစေဖို့ အားပေးလှုံ့ဆော်ပါ။

အဖွဲ့ဝင်များ လိုအပ်လျှင် လိုအပ်သလို အချင်းချင်း ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်ခြင်း၊ အခက်အခဲတင်ပြပြီး အကြံဉာဏ်/ဆုံးဖြတ်ချက် ရယူခြင်း၊ မိမိထင်မြင်ချက်/အကြံဉာဏ်ကို တင်ပြခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ စတာတွေ လုပ်ဆောင်နိုင်ဖို့ ပုံမှန်/အရေးပေါ် အစည်းအဝေးများ ခေါ်ယူပေးခြင်း၊ အစည်းအဝေးလုပ်နေချိန်တွင်သာမဟုတ် အချိန်မရွေး အချင်းချင်းဖြစ်စေ၊ ဦးဆောင်သူများနဲ့ဖြစ်စေ ဆက်သွယ်ဆောင်ရွက်စေဖို့၊ တိုက်တွန်းလှုံ့ဆော်အားပေးပါ၊ လမ်းဖွင့်ပေးထားပါ။

အဖွဲ့ဝင်တိုင်းဟာ မိမိအဖွဲ့နဲ့ တစ်သားတည်းဖြစ်နေစေရန်၊ မိသားစုစိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ် ထွန်းကားလာအောင် အားပေးလှုံ့ဆော်ပါ။အဖွဲ့ဝင်တိုင်းက “ဒါဟာ ငါ့အဖွဲ့” “ဒီအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ရတာ ဂုဏ်ယူတယ်” ဆိုတဲ့ စိတ်ဓာတ်မျိုး ဖြစ်ထွန်းလာအောင် ကြိုးစားပေးရပါမယ်။အဖွဲ့တွင်း မတူကွဲပြားမှုတွေရှိရင်လည်း လွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြောင်း၊ မတူကွဲပြားခြင်း ကိုယ်၌ကလည်း ထူးခြားတဲ့ အင်အားတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုလာစေအောင် လုပ်ဆောင်ပါ။တစ်ဦးချင်းရဲ့ အရည်အချင်း၊ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူး၊ ခံစားချက်၊ ပါဝင်ပူးပေါင်းဆောင်ရွက်ချင်စိတ်များကို တန်ဖိုးထား အသိအမှတ်ပြုကြောင်း၊ ထူးချွန်မှုရှိတိုင်း အသိအမှတ်ပြုတဲ့ ပွဲလေးတွေ၊ ဂုဏ်ပြုပွဲလေးတွေ၊ လုပ်ပေးခြင်းဖြင့် အဖွဲ့အနေနဲ့လည်း သူတို့တစ်ဦးချင်းကို တန်ဖိုးထားကြောင်း ဂုဏ်ယူကြောင်း မကြာခဏထုတ်ဖော်ပေးပါ။အဖွဲ့က တန်ဖိုးထားတဲ့ စံချိန်စံညွှန်းလေးတွေ သတ်မှတ်ပြီး၊ အဖွဲ့ဝင်တိုင်း သိရှိလက်ခံပြီး လိုက်နာကျင့်သုံးချင်လာစေအောင် လုပ်ဆောင်ပါ။အဖွဲ့ဝင်များနဲ့ ပူးပေါင်းတိုင်ပင် ဆွေးနွေးပြီး မိမိတို့အဖွဲ့က တန်ဖိုးထားရှိတဲ့ အပြုအမူနဲ့ စိတ်နေသဘောထားဆိုင်ရာ စံနှုန်း စံချိန် စံညွှန်းတွေကို သတ်မှတ်ထားရှိ ပြဌာန်းထားရမှာဖြစ်တယ်။ထိုစံချိန် စံညွှန်းတွေက မိမိတို့ကုမ္ပဏီက ထားရှိတဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အလေ့အကျင့်၊ ဓလေ့တွေနဲ့ ကိုက်ညီနေဖို့လည်း လိုအပ်ပါတယ်။  

အဖွဲ့လိုက်လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်လာအောင် လှုံ့ဆော်ပါ။

အဖွဲ့ဝင်များ တစ်ဦးနဲ့ တစ်ဦး ပိုမိုချစ်ကြည်လာစေမယ့်၊ တစ်ဦးနဲ့ တစ်ဦး ပိုမိုယုံကြည်မှု ဖြစ်ပေါ်လာစေမယ့် လှုပ်ရှားမှုတွေကို စည်းရုံးလုပ်ဆောင်ပြီး အဖွဲ့လိုက် လုပ်ဆောင်တဲ့ အလေ့အကျင့် ဖြစ်ထွန်းလာစေအောင် ဆောင်ရွက်ပါ။အဲဒီလှုပ်ရှားမှုတွေက အချင်းချင်း ချိတ်ဆက်ဆောင်ရွက်တဲ့ အလေ့အထကိုဖြစ်စေပြီး အလုပ်နဲ့ပတ်သက်တာသက်သက်မဟုတ်ဘဲ၊ ခိုင်မြဲတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကိုပါ ဦးတည်တဲ့ လှုပ်ရှားမှုမျိုးဖြစ်ဖို့ လိုပါတယ်။

အဖွဲ့ဝင်တစ်ဦးချင်းအတွက် လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေမယ့် အခွင့်အရေးများ လမ်းဖွင့်ပေးပါ။မိမိအဖွဲ့ဝင်များ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးပါ။ဌာနတွင်း သင်တန်းများပေးပါ။အချင်းချင်း အတွေ့အကြုံဖလှယ်တာတို့၊ ဗဟုသုတဖလှယ်တာတို့၊ အတတ်ပညာ လက်ဆင့်ကမ်းတာတို့ကို အားပေးတိုက်တွန်းပါ။ အောင်မြင်မှုရရှိတိုင်း အသိအမှတ်ပြုပါ၊ ဂုဏ်ပြုချီးကျူးပွဲလေးတွေ ကျင်းပပေးပါ။အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ အလုပ်ပြီးမြောက် အောင်မြင်တဲ့အခါတိုင်း အသိအမှတ်ပြုပြီး ဂုဏ်ပြုပွဲလေးတွေ လုပ်ပေးပါ။အောင်မြင်မှုအဆင့်ပေါ် မူတည်ပြီး အခမ်းအနားနဲ့ လုပ်သင့်တာလုပ်ပါ၊ မှတ်တမ်းလွှာ ပေးသင့်ရင် ပေးပါ၊ ဆုတံဆိပ် ပေးသင့်ရင် ပေးပါ။ဆုကြေးငွေ ဒါမှမဟုတ် ကုမ္ပဏီစရိတ်နဲ့ အနားယူခွင့်၊ ခရီးသွားခွင့် စတာမျိုးတွေလည်း ထည့်သွင်းလို့ရပါတယ်။

ဒီလိုလုပ်ပေးခြင်းဖြင့် အောင်မြင်ရတာကို ဝမ်းသာဂုဏ်ယူတဲ့စိတ်၊ အလုပ်ကြိုးစားလိုစိတ်၊ ထူးချွန်အောင်မြင်ချင်စိတ်တွေကို ဖြစ်လာအောင် လှုံ့ဆော်ပေးရာ ရောက်ပါတယ်။

အဖွဲ့ဝင်တိုင်းရဲ့ အလုပ်ရာထူး၊ တာဝန်နဲ့ ဝတ္တရားတွေကို အတိအကျ သတ်မှတ်ထားရှိပါ။

ရာထူးတိုင်းမှာ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေကို ရှင်းလင်းတိကျစွာ သတ်မှတ်ထားရှိပြီး သက်ဆိုင်ရာဝန်ထမ်းကိုလည်း ရှင်းလင်းတိကျစွာ သိရှိနားလည်စေတာဟာ ဝန်ထမ်းအနေနဲ့ ကုမ္ပဏီက သူ့အပေါ်မှာ ဘာကိုလုပ်ဆောင်ဖို့ မျှော်လင့်တယ်ဆိုတာကို သဲသဲကွဲကွဲ သိပြီး၊ နားလည်မှုလွဲမှားဆောင်ရွက်တာ မရှိတော့ဘဲ၊ အလုပ်တာဝန်ကို ပိုကျေပွန်စွာ ထမ်းဆောင်လာစေဖို့ တွန်းအားဖြစ်လာစေပါတယ်။

အချင်းချင်း ပံ့ပိုးကူညီလုပ်ဆောင်မှုနဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကို အားပေးပါ။

ပရောဂျက်တွေ လုပ်ငန်းတွေ ဖန်တီးတဲ့နေရာမှာ အဖွဲ့လိုက်လုပ်ဆောင်မှဖြစ်မယ့် တာဝန်မျိုးကို များများဖန်တီးပေးပါ။ဖြစ်နိုင်လို့ ဌာနခွဲနှစ်ခု ပူးပေါင်းဆောင်ရွက်ရတဲ့အလုပ်မျိုး ဖန်တီးနိုင်ရင် လုပ်ငန်းကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေဖလှယ်ပြီး လုပ်ဆောင်ရမှာဖြစ်လို့ ဝန်ထမ်းတစ်ဦးချင်းရဲ့ အရည်အချင်းကိုလည်း ပိုမိုတိုးတက်စေနိုင်ပါတယ်။

စံနမူနာဖြစ်တဲ့ ဦးဆောင်မှုကို ပေးပါ။

အပြုအမူကောင်းနဲ့ အလုပ်အပေါ် ထားရှိအပ်တဲ့ စိတ်ထားတွေကို မိမိအဖွဲ့သားတွေ အားကျအတုယူလာအောင် စံပြလုပ်ဆောင်ပြပါ။မိမိလုပ်ဆောင်မှု မှန်သမျှမှာ မိမိက ဘယ်အရည်အချင်း၊ ဘယ်လိုစိတ်နေသဘောထားကို တန်ဖိုးထားတယ်ဆိုတာကို မိမိအဖွဲ့တွေ သိရှိအတုယူလာအောင် လမ်းပြသဖွယ်ဖြစ်ပါစေ။

ပဋိပက္ခ၊ ဝိရောဓိတွေ ကြုံလာရင် ချက်ခြင်းဖြေရှင်းပေးပါ။

ပဋိပက္ခ၊ ဝိရောဓိတွေကြုံလာရင် အချိန်နဲ့တစ်ပြေးညီ၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုပေးပါ။အဖွဲ့ဝင်အချင်းချင်း စိတ်ဝမ်းမကွဲစေတဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာမှုမျိုးကို အားပေးပါ။

ပျော်ရွှင်ချမ်းမြေ့ သာယာတဲ့ လုပ်ငန်းခွင်ဖြစ်အောင် ဖန်တီးပေးပါ။

ပူးပေါင်းဆောင်ရွက်မှုနဲ့ တီထွင်ဖန်တီးမှုကိုဖြစ်စေတဲ့ လုပ်ငန်းခွင်မျိုး ဖြစ်စေဖို့ အားပေးပါ။လေဝင်လေထွက်၊ အလင်းရောင်ကောင်းပြီး နေရာထိုင်ခင်း အစီအစဉ်ကအစ သက်တောင့်သက်သာရှိတဲ့ လုပ်ငန်းခွင် အခင်းအကျင်းဖြစ်ဖို့လည်း ဂရုစိုက် ဖန်တီးပေးပါ။

ပုံမှန်ဝေဖန် အကြံပေးမှုမျိုး ပေးနိုင်အောင် ကြိုးစားပါ။

သူတို့နဲ့ ပုံမှန်ထိတွေ့ အလုပ် လုပ်ခြင်းဖြင့် တွေ့လာတဲ့ အတွေ့အကြုံ အခက်အခဲ အကောင်းအဆိုးတွေအပေါ်မှာ ပုံမှန်ဝေဖန်သုံးသပ် အကြံပေးနိုင်ပြီး မိမိအဖွဲ့ဝင်များ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် လမ်းညွှန်သင်ပြမှု လုပ်ဆောင်ပေးရာ ရောက်စေပါတယ်။

လုပ်ပိုင်ခွင့် အပြည့်ပေးပါ။

မိမိအဖွဲ့တွေကို တာဝန်နဲ့အတူ လုပ်ပိုင်ခွင့်ပါ အပြည့်ပေးခြင်းဖြင့် သူတို့အနေနဲ့ မိမိအလုပ်ကို ကိုယ်ပိုင်အလုပ်သဖွယ် သဘောထားလာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ဒီလိုလုပ်ပေးခြင်းဖြင့် သူတို့ဟာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ လုပ်ကိုင်ရဲ၊ လုပ်ကိုင်တတ်လာအောင် ပျိုးထောင်ပေးရာလည်း ရောက်ပါတယ်။

တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်လာတဲ့ အောင်မြင်မှုတွေနဲ့ အထိမ်းအမှတ်နေ့တွေမှာ အောင်ပွဲခံပေးပါ။

အဖွဲ့လိုက် လုပ်ဆောင်ခဲ့တဲ့ ပရောဂျက်အောင်မြင်ပြီးစီးတဲ့နေ့၊ အဆင့်ဆင့်မြင့်တက်လာတဲ့ အောင်မြင်မှုပန်းတိုင် အထိမ်းအမှတ်နေ့တွေနဲ့ ထူးချွန်တဲ့ အခြားအောင်မြင်မှု အထိမ်းအမှတ် နှစ်ပတ်လည်နေ့တွေမှာ အောင်ပွဲခံတဲ့ အစီအစဉ်လေးတွေ လုပ်ပေးပါ။ဒီလိုပွဲတွေက အောင်မြင်မှုကို အတူတကွ မျှဝေခံစားတတ်တဲ့ အလေ့အကျင့်ကို ဖြစ်ထွန်းစေပါတယ်။

ပျော်ပျော်ပါးပါး အရွှမ်းဖောက် ရယ်စရာပြောတတ်တဲ့ အလေ့အကျင့်ကို အားပေးပါ။

လုပ်ငန်းခွင်မှာ တစ်ခါတလေ ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရယ်မောရတာဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။အရွှမ်းဖောက် ရယ်စရာပြောခြင်းဟာ အလုပ်ရဲ့ ဖိအားတင်းကြပ်နေတာကို လျော့ကျစေပြီး အဖွဲ့ဝင်အချင်းချင်းလည်း ပိုပြီးချစ်ခင် ရင်းနှီးစေပါတယ်။

အထက်က တင်ပြတာတွေက အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်မှု (Team Work) ဖြစ်လာအောင် ထူထောင်တဲ့နည်းတွေပဲဖြစ်ပါတယ်။ဒီ Team Work စိတ်ဓာတ် ဖန်တီးဆောင်ရွက်မှုတွေက အစဉ်အမြဲလုပ်ရမယ့် ကိစ္စဖြစ်ပြီး၊ နေ့စဉ် အခွင့်ရှာပြီး တတ်နိုင်သမျှ လုပ်ဆောင်သွားခြင်းဖြင့် တည်ဆောက်ရမှာဖြစ်ပါတယ်။အဆိုပါနည်းလမ်းတွေကို အစဉ်တစိုက်လုပ်ဆောင်သွားလျှင် ညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သော၊ အချင်းချင်းရိုင်းပင်းကူညီပံ့ပိုးသော၊ တီထွင်ဆန်းသစ်တတ်သော၊ အပြုသဘောဆောင်တဲ့ အလေ့အထနဲ့ အလုပ် လုပ်တတ်သော၊ လုပ်သမျှအောင် ဆောင်သမျှပြီးသော အဖွဲ့ကို တည်ဆောက်ပြီးဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။

ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်က မိမိအလုပ်အပေါ် သေချာစွာ သုံးသပ်နိုင်ခြင်း၊ အလုပ်အရည်အသွေးကောင်းအောင် ထိန်းနိုင်ခြင်း၊ အမှားနည်းအောင် လုပ်ဆောင်နိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။

ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကြောင့် အများနဲ့ ဝိုင်းဝန်းစိစစ်ကြတာဖြစ်လို့ အလုပ်ကို အရည်အသွေးမြင့်မြင့် ပြီးမြောက်စေတယ်။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းဟာ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေခြင်း၊ တီထွင်ဆန်းသစ်မှု အားကောင်းလာစေခြင်း၊ မိမိအလုပ်အပေါ် စိတ်ကျေနပ်ဂုဏ်ယူစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ရတဲ့ အောင်မြင်မှုထက် အဖွဲ့လိုက် လုပ်လို့ရတဲ့ အောင်မြင်မှုက ပိုမိုသာလွန် ကောင်းမွန်ပါတယ်။

စည်းလုံးညီညွတ် ပျော်ရွှင်ပြီး အလုပ်စွမ်းရည် ထူးချွန်ကောင်းမွန် အောင်မြင်တဲ့ အသင်းအဖွဲ့တွေကို ထူထောင် ဦးဆောင်ပြီး၊ အလုပ်ရဲ့ ချိုမြိန်တဲ့ အသီးအပွင့်တွေကို ခံစားနိုင်တဲ့ ခေါင်းဆောင်ကောင်း၊ မန်နေဂျာကောင်းများ ဖြစ်ကြပါစေ။

မေတ္တာဖြင့် ....။

သက်ထွန်း (သျှမ်း)