【 ဆောင်းပါး 】 အရောင်းဝန်ထမ်းတွေ ခဏခဏအလုပ်မထွက်အောင် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 အရောင်းဝန်ထမ်းတွေ ခဏခဏအလုပ်မထွက်အောင် ဘယ်လိုလုပ်မလဲ ?

အရောင်းနဲ့ ဈေးကွက်ထိုးဖောက်ရေး Sales and Marketing ဌာနတွေရှိတဲ့ ကုမ္ပဏီတော်တော်များများ၊ တစ်နည်းအားဖြင့် လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ဖြန့်ချိရေးလုပ်တဲ့ ကုမ္ပဏီတော်တော်များများမှာ အတွေ့ရဆုံး အခက်အခဲကတော့ - “အရောင်းဝန်ထမ်းတွေ ခန့်တယ်၊ သူတို့ကို ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးတယ်၊ တော်လာပြီဆိုတာနဲ့ ကိုယ်ကများ အားကိုးရမလား မှတ်တယ်၊ အခြားကုမ္ပဏီကို ပြောင်းသွားကုန်ကြတယ်။”

“ကျွန်တော် ကျွန်မတို့ ကုမ္ပဏီက အရောင်းဖြန့်ချိရေးကုမ္ပဏီနဲ့မတူဘဲ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးကုမ္ပဏီနဲ့ တူနေပြီ” ဆိုတဲ့ စကားနဲ့ ဆင်တူရိုးမှားအသံတွေ ကြားနေရတတ်ပါတယ်။ဝန်ထမ်းမမြဲ၊ အလုပ်အထွက်အများဆုံးဌာနကို ပြပါဆိုရင် Sales and Marketing ဌာနကိုပဲ ပြရမှာဖြစ်ပါတယ်။ဒီဌာနတွေကလည်း ကုမ္ပဏီတစ်ခုလုံးရဲ့ ပင်မငွေရှာတဲ့ ဌာနဖြစ်တဲ့အတွက် ဒီဌာနတွေမှာ သက်တော်ရှည်ဝန်ထမ်းတွေ မရှိတာဟာ ကုမ္ပဏီအတွက် အခက်အခဲတစ်ခု၊ စိန်ခေါ်မှုတစ်ခု ဖြစ်ရုံသာမက၊ ပြင်ပကလူတွေရဲ့ အမြင်မှာလည်း (သူတို့ အဓိကမြင်တွေ့ ထိတွေ့ ဆက်ဆံနေရတာကလည်း ဒီ Sales and Marketing ဝန်ထမ်းတွေပဲ ဖြစ်တာကလည်း တစ်ကြောင်းဖြစ်ပါတယ်) ဝန်ထမ်းမမြဲတဲ့ အလုပ်ဌာနတစ်ခုအဖြစ် သက်ရောက်စေတာမို့လို့ ကုမ္ပဏီရဲ့ ပုံရိပ် Image ကို ထိခိုက်စေမှာဖြစ်ပါတယ်၊ ယုတ်စွအဆုံး ဝန်ထမ်းအသစ်တွေလာဖို့ တွန့်ဆုတ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာစေနိုင်ပါတယ်။

နဂိုကတည်းက သင့်လျော်ကောင်းမွန်တဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းရဖို့ ခဲယဉ်းနေတဲ့ကြားက၊ ဝန်ထမ်းရခဲ့ပြန်ကလည်း မမြဲတဲ့ အခက်အခဲနဲ့ တွေ့နေရတဲ့ ကုမ္ပဏီတွေအတွက် ဒီလိုအဖြစ်မျိုး မကြုံရအောင် ဒါမှမဟုတ် လျော့နည်းသွားအောင်၊ ကျွန်တော့်အတွေ့အကြုံနဲ့ လေ့လာခဲ့ရသမျှတွေကို ပြန်လည်ဝေမျှ အကြံဉာဏ်ပေးလိုက်ပါတယ်။ဒီလိုအဖြစ်တွေကို ရှောင်ကျဉ်နိုင်အောင် ဝန်ထမ်းရှာဖွေခန့်ထားတဲ့ လုပ်ငန်းစဉ်ကစလို့ ဝန်ထမ်းတာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံး စဉ်ဆက်မပြတ် သတိနဲ့ စောင့်ရှောက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်ဆိုတာကို ဦးဆုံး သိထားစေချင်ပါတယ်။

အရင်ဆုံး ဝန်ထမ်းရှာဖွေခန့်ထားတဲ့ လုပ်ငန်းစဉ်ကနေစပြီး ကြည့်ရအောင်။အလုပ်ခေါ်ယူရာမှာ channel ပေါင်းစုံကနေ ခေါ်ယူနိုင်ပေမယ့်၊ မိမိလိုချင်တဲ့ အရည်အချင်းရှိတဲ့သူတွေရဲ့ အလုပ်လျှောက်ထားမှု များများရနိုင်တဲ့ နေရာကနေ ခေါ်ယူတာက အချိန်ကုန်လူပမ်း သက်သာနိုင်ပါတယ်။အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကတစ်ဆင့် ခေါ်ယူတာက အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။အေဂျင်စီတွေက အမှန်တကယ်သင့်လျော်မယ့်သူတွေကို ဦးဆုံးစစ်ဆေးပြီးမှ မိမိထံ အင်တာဗျူးဖို့ ပို့ပေးမှာဖြစ်တဲ့အတွက် မိမိအတွက် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိဝန်ထမ်းတွေရဲ့ အဆက်အသွယ်၊ မိတ်ဆွေ၊ သူငယ်ချင်း စတဲ့ ဝန်ထမ်းက ထောက်ခံပေးနိုင်မယ့်သူကို အလုပ်လျှောက်ထားစေတာကလည်း ကောင်းပါတယ်။ဝန်ထမ်းက သူထောက်ခံပေးမယ့်သူရဲ့ အရည်အချင်း၊ စိတ်နေသဘောထားကို သိတာဖြစ်တဲ့အတွက်ရော၊ သူကိုယ်တိုင်လုပ်ရတဲ့ အလုပ်သဘာဝကို သေချာစွာရှင်းပြထားနိုင်တာ ဖြစ်တဲ့အတွက်ရော၊ တကယ်သင့်တော်မယ့်သူကိုသာ ထောက်ခံခေါ်ယူလာမှာ ဖြစ်တဲ့အတွက် မိမိအဖို့ အချိန်ကုန် အများကြီးသက်သာစေမှာဖြစ်တဲ့အပြင် စိတ်တိုင်းကျနိုင်မယ့် လျှောက်ထားသူတွေကို ရနိုင်မှာလည်း ဖြစ်ပါတယ်။

အောက်ပါအချက်တွေကို သေချာစွာ ဖော်ပြပေးဖို့ပဲ လိုပါတယ်။

           (၁) အလုပ်ဖော်ပြချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။

Job Description လို့ ခေါ်တဲ့ လုပ်ရမယ့် အလုပ်တာဝန်ဝတ္တရား၊ မိမိတို့ကုမ္ပဏီက လိုချင်တဲ့ အရည်အချင်း (ပညာအရည်အချင်း၊ လုပ်သက်အတွေ့အကြုံ လို၊ မလို၊ အသက် စသဖြင့်) တို့ကို တိတိကျကျဖော်ပြပေးဖို့လိုသလို၊ KPI (Key Performance Indicator) လို့ခေါ်တဲ့ ဝန်ထမ်းရဲ့ လုပ်ရည်ကိုင်ရည်ကို တိုင်းတာမယ့် အချက်အလက်တွေ (တစ်နည်း) ဘယ်လုပ်ငန်းတွေမှာ တာဝန်ကျေဖို့ လိုလားတယ်ဆိုတာကို တိတိကျကျဖော်ပြပေးခြင်းဖြင့် ဝန်ထမ်းအသစ်အနေနဲ့ သူတွေ့ကြုံရမယ့်၊ လုပ်ကိုင်ရမယ့် အလုပ်ရဲ့ ဝန်၊ စိန်ခေါ်မှုတွေ၊ သူ့မှာရှိရမယ့် အရည်အချင်းတွေကို ကြိုတင်သိထားစေနိုင်မှာဖြစ်ပါတယ်။

           (၂) အင်တာဗျူးကို စနစ်တကျလုပ်ပါ။

စနစ်တကျ အင်တာဗျူးလုပ်ခြင်းဖြင့် ဝန်ထမ်း အလုပ်မကြာခဏထွက်တဲ့ အခက်အခဲ အနည်းဆုံး ၇၅ ရာခိုင်နှုန်းလောက် လျော့ကျသွားအောင် ဆောင်ရွက်နိုင်ပါတယ်။အင်တာဗျူးလုပ်ရာမှာလည်း ပထမအင်တာဗျူး၊ ဒုတိယအင်တာဗျူး နှစ်ကြိမ် အနည်းဆုံး လုပ်သင့်ပါတယ်။ပထမအင်တာဗျူးမှာ လျှောက်ထားသူဟာ မိမိလိုချင်တဲ့ အရည်အချင်း ရှိ၊ မရှိ လူတွေ့စစ်ဆေးရမှာဖြစ်ပြီး၊ ဒုတိယအင်တာဗျူးမှာက အလုပ်ခန့်ထားဖို့ ရာခိုင်နှုန်းအတော်များများ သေချာနေတဲ့သူတွေကို သူတို့ရဲ့ လစာ၊ ခံစားခွင့် စတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးရမှာဖြစ်ပါတယ်။

ပထမအင်တာဗျူးမှာ မိမိနဲ့ ထိပ်ပိုင်းအရာရှိတွေပဲ ဗျူးတာထက်စာရင် ဝန်ထမ်းသစ်တွေကို တိုက်ရိုက်အုပ်ချုပ် ဦးဆောင်ရမယ့် အဖွဲ့ခေါင်းဆောင် (Team Leader)၊ ကြီးကြပ်ရေးမှူး (Supervisor) တွေကိုပါ ပါဝင်စေသင့်ပါတယ်။ဝန်ထမ်းသစ်ဖြစ်လာမယ့်သူရဲ့ စကားပြောဆိုမှု၊ လုပ်ငန်းအတွေ့အကြုံကို ရှင်းပြနိုင်တဲ့ အရည်အချင်း၊ လုပ်ရမယ့် အလုပ်နဲ့ ဆက်စပ်တဲ့ ကျွမ်းကျင်မှု၊ စည်းရုံးရောင်းချနိုင်စွမ်း၊ အသင်းအဖွဲ့နဲ့ အပေးအယူကောင်းကောင်း ဆက်ဆံလုပ်ဆောင်တတ်တဲ့ အရည်အချင်း၊ အခက်အခဲ အကြပ်အတည်းကို ရင်ဆိုင် ကျော်လွှားနိုင်တဲ့ အရည်အချင်း၊ ငြင်းဆိုမှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး မိမိလိုရာ သိမ်းသွင်းနိုင်စွမ်း၊ ဥပတိရုပ် ကိုယ်ရည်ကိုယ်သွေး၊ ဝတ်စားဆင်ယင်မှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ စည်းကမ်းရှိမှု စတဲ့ အရည်အချင်းတွေကို အကဲခတ်ရာမှာ မိမိမမြင်ခဲ့တဲ့ အချက်တွေကို သူတို့က မြင်တတ်လို့ အထောက်အကူရပါတယ်။

ဒုတိယအင်တာဗျူးမှာတော့ Admin & HR က တာဝန်ခံတွေပါ (အလုပ်စည်းမျဉ်းစည်းကမ်း၊ ခွင့်၊ အခြားခံစားခွင့် စတာတွေကို ပြောပြနိုင်အောင်) ပါဝင်စေသင့်ပါတယ်။အင်တာဗျူးလုပ်ရာမှာ မိမိဖက်က သိချင်လိုချင်တာတွေပဲ မေးတာမျိုးမဟုတ်ဘဲ၊ ဝန်ထမ်းအသစ်ဖြစ်လာမယ့် သူအနေနဲ့ သိချင်တာတွေကိုလည်း မေးဖို့ အခွင့်အလမ်းပေးရမှာဖြစ်ပါတယ်။ဝန်ထမ်းလုပ်ရမယ့် အလုပ်ကို လျှော့ပြောတာမျိုး၊ ခံစားခွင့်ကို ပိုပြောပြတာမျိုးမလုပ်ဘဲ တိတိကျကျ ပြောဆိုဆွေးနွေးကြဖို့ လိုပါတယ်။

အခုလို အင်တာဗျူးကို စနစ်တကျလုပ်ခြင်းဖြင့် ဝန်ထမ်းအနေနဲ့ သူလုပ်ရမယ့် အလုပ်၊ တာဝန်ဝတ္တရား၊ သူ့မှာရှိရမယ့် အရည်အချင်း၊ သူထိတွေ့ဆက်ဆံရမယ့်လူတွေ၊ အလုပ်ချိန်၊ ခံစားခွင့် စတာတွေကို အတိအကျနီးပါး သိပြီးဖြစ်တဲ့အတွက် လုပ်ငန်းခွင်ထဲရောက်ကာမှ သူမျှော်လင့်မထားတဲ့ surprise တွေနဲ့ ကြုံတွေ့ရတာမျိုး မရှိတော့ဘဲ သူလုပ်ရမယ့်တာဝန်ကို သူကိုယ်တိုင်သိမြင်ထားပြီး၊ အဲဒါတွေကို ကျေပွန်အောင် ကြိုးစားလုပ်ပါမယ်လို့ ကတိကဝတ်ပြုပြီးသား ဖြစ်နေစေပါတယ်။ဒါကြောင့် လက်တွေ့လုပ်ကြည့်ကာမှ မလုပ်နိုင်တာ၊ မလုပ်ချင်တာ၊ အလုပ်ကို တာဝန်ကျေပွန်အောင်လုပ်ဖို့ထက် အခွင့်အရေးပဲလိုချင်တာ၊ တောင်းဆိုနေတာမျိုးတွေ ရှိမလာအောင် စီမံပြီးသား ဖြစ်နေစေပါလိမ့်မယ်။

           (၃) နောက်ကြောင်း ပြန်စိစစ်ကြည့်ခြင်းနဲ့ ထောက်ခံစာများ တောင်းယူခြင်း။

အင်တာဗျူးဖြေဆိုသူက အလုပ်ကို လိုချင်စိတ်များနေလို့ပဲဖြစ်ဖြစ်၊ မပြေးသော်လည်း ကံရာရှိဆိုသလို “အလုပ် ရရ၊ မရရ၊ ငါ့ကို အထင်ကြီးအောင် ပြောလိုက်မယ်” ဆိုတဲ့ စိတ်ကူးကြောင့်ပဲဖြစ်ဖြစ်၊ လင်္ကာချောအောင် မုသားဖြူလေးတွေနဲ့ ရွှေမှုံကြဲထားတာ ဖြစ်ကောင်း ဖြစ်တတ်ပါတယ်။ဒါကြောင့် အလုပ်လျှောက်ထားသူတစ်ယောက်ယောက်ကို သဘောကျလို့ ခန့်ဖို့ စိတ်ကူးတယ်ဆိုရင် လိုရမယ်ရ နောက်ကြောင်းပြန် စိစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ဒီလို စစ်ကြည့်မယ်ဆိုတာကို အလုပ်လျှောက်ထားသူကို အသိပေးပြီး ထောက်ခံပေးမယ့်သူကို (သူ့ရဲ့အကြီးအကဲဟောင်း (သို့မဟုတ်) လက်ရှိ) သူ့ဆီကပဲ တောင်းယူပြီး စစ်ဆေးမေးမြန်းကြည့်သင့်ပါတယ်။ (ဖုန်း၊ Email စသဖြင့်နဲ့ပေါ့)။ တချို့သူတွေကလည်း သူတို့ရဲ့ CV နဲ့ အလုပ်လျှောက်လွှာတွေမှာ ထောက်ခံစာ (Referral) ကို တစ်ပါတည်း ပူးတွဲပေးထားတတ်ပါတယ်။

           (၄) အရောင်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားသော ဒုတိယအင်တာဗျူးတဲ့သူများအား သူတို့တွင် ပစ်မှတ် (Target) နဲ့ အရောင်းဆုကြေး (Sales Incentives) များ သတ်မှတ်ထားရှိကြောင်း သေချာစွာရှင်းပြပါ။

အရောင်းပစ်မှတ် (Sales Target)၊ ဖြန့်ချိရေးပစ်မှတ် (Distribution Coverage Target) များ အား လစဉ်/သုံးလပတ်/နှစ်စဉ် သတ်မှတ်ထားရှိကြောင်းနဲ့ ထိုပစ်မှတ်များအား ထိရောက်မှုအပေါ် ရာခိုင်နှုန်းအလိုက် ဆုကြေးခံစားခွင့်များ နှစ်စဉ် ဘောနပ်စ်ဆုကြေးများ ခံစားရမည်ဖြစ်ကြောင်း ရှင်းပြပါ။မည်သို့တွက်ချက် ပေးအပ်မည်ဖြစ်ကြောင်းကိုပါ ရှင်းပြပေးနိုင်လျှင် ပိုကောင်းပါတယ်။

အထက်ပါအတိုင်း စိတ်တိုင်းကျ ဝန်ထမ်း စိစစ်ရွေးချယ်ပြီး သင့်တော်တဲ့ ဝန်ထမ်းအသစ် ရရှိလာပြီဆိုပါက day 1 ကစပြီး၊ မိမိတို့နဲ့ လက်တွဲနေသမျှ လုပ်သက်တမ်းတစ်လျှောက်လုံးမှာ အောက်ပါတွေကို ဆောင်ရွက်ခြင်းဖြင့် အလုပ်မှာပျော်ပြီး ထူးချွန်တဲ့၊ ကုမ္ပဏီအပေါ်မှာ သစ္စာရှိတဲ့ အမာခံဝန်ထမ်းကောင်းတွေ ဖြစ်လာမှာ သေချာသလောက်ရှိကြောင်း စာရေးသူရဲ့ အတွေ့အကြုံနဲ့ လေ့လာထားသမျှကို ပြန်လည်ဝေမျှလိုက်ပါတယ်။ဒီဆောင်းပါးမှာက အရောင်းသမား ဝန်ထမ်းတွေ အလုပ်မှာမြဲပြီး ကုမ္ပဏီအတွက် အထူးအားထားရတဲ့ (မိသားစုစိတ်ဓာတ်နဲ့ ကုမ္ပဏီစည်းကမ်းအတိုင်း အလုပ် လုပ်တဲ့) စူပါအရောင်းနဲ့ ဈေးကွက်ထိုးဖောက်ရေး ဝန်ထမ်းများ ရရှိရေးကို ရည်ရွယ်တဲ့ အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်တွေက သူတို့အတွက်ဖြစ်ပါတယ်။

•    အလုပ်ဝင်ခြင်း ကြိုဆိုခြင်း အစီအစဉ် (Welcoming and Onboarding Programme)

(၁)    ဝန်ထမ်း အလုပ်စဆင်းတဲ့နေ့မှာ သူနဲ့အတူတူ လက်တွဲလုပ်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ - အထူးသဖြင့် အခြားအရောင်းဝန်ထမ်းများ၊ အရောင်းအကူများ (Sales Admin./ Sales Assistance)၊ အရောင်းစူပါဗိုက်ဆာများတွေကို အရောင်းမထွက်ခိုင်းသေးဘဲ ဝန်ထမ်းသစ်ကို ကြိုဆိုခြင်းနဲ့ တစ်ဦးခြင်းနဲ့ မိတ်ဆက်ပေးခြင်းကို ကျကျနနလုပ်ရမှာဖြစ်ပါတယ်။သူပါဝင်ရမယ့် အရောင်းအဖွဲ့ (Sales Team) နဲ့လည်း မိတ်ဆက်ပေးပြီး တစ်ခါတည်း အပ်ပေးလိုက်ရမှာဖြစ်ပါတယ်။သူထိုင်ရမယ့်ခုံ၊ သူအသုံးပြုရမယ့် အရောင်းအထောက်အကူပစ္စည်းများ အပ်နှံခြင်း၊ အသုံးပြုရမယ့် ယာဉ်အပ်နှံခြင်း စတာတွေ လုပ်ရမှာဖြစ်ပါတယ်။

•    လုပ်ငန်းတစ်ခွင်လှည့်လည်ခြင်း အစီအစဉ် (Orientation Programme)

လုပ်ငန်းခွင်ဝင်စမှာ ဝန်ထမ်းသစ်ကို ဈေးကွက်ထဲ ချက်ခြင်းမဆင်းခိုင်းသေးဘဲ၊ ကုမ္ပဏီရှိ ဌာနခွဲအားလုံး (စတို - (Supply Chain)၊ ငွေစာရင်းဌာန (Finance Dept.)၊ လူသားရင်းမြစ်နဲ့ အုပ်ချုပ်ရေးဌာန (HR & Admin. Dept.)၊ ကုန်ထုတ်ဌာန (Production/Manufacturing  Dept.) တို့ကို သွားရောက်ပြီး မိမိပုံမှန်ဆက်သွယ် အလုပ် လုပ်ရမယ့် တာဝန်ရှိသူတွေနဲ့ မိတ်ဆက်ပြီး၊ ထိုဌာနတွေရဲ့ လုပ်ငန်းအကျဉ်းချုပ်နဲ့ စပ်လျဉ်းပြီး ရှင်းပြတာကို နားထောင်ပြီး၊ သိချင်တာ/သိသင့်တာတွေကို မေးမြန်းမှတ်သားစေရမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကို လုပ်ဆောင်ရာမှာ ကုမ္ပဏီဖက်ကနေ ကူညီဆောင်ရွက်ပေးမယ့်သူတစ်ယောက်ကို တာဝန်ပေးရမှာဖြစ်ပါတယ်။ Buddy ဒါမှမဟုတ် mentor လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ ဝန်ထမ်းသစ်အနေနဲ့ ပတ်ဝန်းကျင်သစ်၊ မိတ်ဆွေသစ်တွေနဲ့ ဆက်သွယ် အလုပ် လုပ်ရာမှာ ချောမွေ့အဆင်ပြေစေဖို့အတွက် ကနဦးအချိန်တွေမှာ ကူညီပေးတဲ့ တာဝန်ယူရမှာဖြစ်ပါ တယ်။ဝန်ထမ်းသစ်ကို လုပ်ငန်းစဉ်အဆင့်ဆင့်တွေ၊ ဆက်သွယ်ရမယ့်သူတွေနဲ့ သူတို့ရဲ့ ရာထူး၊ ဆက်ဆံရာမှာ သိထားရမယ့် အထာလေးတွေကို အနီးကပ် ပွင့်ပွင်းလင်းလင်း ရှင်းပြလမ်းပြပေးနိုင်မယ့်သူဖြစ်ပါတယ်။လုပ်သက်အသင့်အတင့်ရှိတဲ့၊ မိတ်ဆက်ပေးရမယ့် ဌာနက လူတွေအားလုံးနဲ့ သိတဲ့၊ ဝန်ထမ်းသစ်နဲ့ ရာထူးအဆင့်တူသူကို တာဝန်ပေးတာက အကောင်းဆုံး၊ အထိရောက်ဆုံး ဖြစ်ပါတယ်။အဲဒီ buddy/mentor ကနေ ဘယ်သူ၊ ဘယ်ဌာနနဲ့ ဘယ်နေ့ ဘယ်အချိန် တွေ့ရမယ်ဆိုတာ schedule ကြိုဆွဲထားပြီး၊ appointment ယူထားပေးရမှာဖြစ်ပါတယ်။

•    ပွဲမဝင်ခင် အပြင်က ကျင်းပ သွေးပူလေ့ကျင့်ခန်းများ (In House Training before going to the field)

အပေါ်က Orientation အစီအစဉ်နဲ့အတူ၊ ဝန်ထမ်းသစ် နေ့စဉ်လုပ်ငန်းဆောင်ရွက်ရမှာ ချောမောစေဖို့အတွက် သင်တန်းပို့ချပေးတာကိုလည်း လုပ်ရမှာဖြစ်ပါတယ်။သင်တန်းပို့ချရမှာ Know 5 Fundamentals လို့ ခေါ်တဲ့ အောက်ပါအကြောင်းတွေကို သင်ပေးရမှာဖြစ်ပါတယ်။

    ၁။ Know your Company - သင့်ကုမ္ပဏီကို သိပါ။
    ၂။ Know your competitors - သင့်ပြိုင်ဖက်တွေကို သိပါ။ (မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ ဈေးကွက်တွင်း ပြိုင်ဖက်တွေကို ဆိုလိုပါတယ်။)
    ၃။ Know your products - သင်ရောင်းချရမယ့် ကုန်ပစ္စည်း ကုန်အမှတ်တံဆိပ်အားလုံးကို သိပါ။
    ၄။ Know Your Target/ Target Area - သင့်အရောင်းပစ်မှတ်ကို သိပါ။သင် ထိုးဖောက် ရောင်းချရမယ့် နယ်မြေနဲ့ နယ်မြေအတွင်းက ဆိုင်တွေကို သိပါ။ဆိုင်တွေကို သိရှိကျွမ်းဝင်တဲ့နေရာမှာ ဆိုင်နာမည်၊ ဆိုင်အမျိုးအစား၊ ဆိုင်တည်နေရာတွေကို သိရုံသာမက ဆိုင်ပိုင်ရှင်၊ ဆိုင်တာဝန်ခံ၊ အရောင်းဝန်ထမ်းတွေကို နာမည်နဲ့တကွ သိရှိရင်းနှီးနေရမှာဖြစ်ပါတယ်။ဆိုင်ကို အရောင်းကိစ္စနဲ့ sales visit ရောက်တဲ့အခါ နာမည်နဲ့တကွ နှုတ်ဆက်နိုင်တာက မိမိအရောင်းကို ပိတ်သိမ်း (Sales Close) နိုင်ရေးအတွက် အများကြီးအထောက်အကူဖြစ်တာကို တွေ့ရပါလိမ့်မယ်။ထိုထက် ပိုကျွမ်းကျင်တဲ့ အရောင်းဝန်ထမ်းတွေကိုတော့ ဆိုင်ရှင်၊ ဆိုင်တာဝန်ခံ၊ ဆိုင်ဝန်ထမ်းတွေက နာမည်ခေါ်ဆိုပြီး (တချို့ဆို နာမည်ပြောင်တွေနဲ့ပါ နှုတ်ဆက် အခေါ်ခံရတယ်)၊ ဆိုင်မှာရှိတာ ချကျွေးခံရတယ်၊ ထမင်းစားချိန်ကြုံရင် ထမင်းနဲ့ ဧည့်ခံကြတယ်။

ဒါထက် ပိုကျွမ်းတဲ့ စူပါအရောင်းဝန်ထမ်းတွေကိုတော့ ဆိုင်က လူသာမက၊ ဆိုင်မှာမွေးထားတဲ့ ခွေးကအစ ခရီးဦးကြိုဆိုကြတယ်။အရောင်းဝန်ထမ်းက ဟိုဟာဝယ်ပါလား၊ ဒီဟာဝယ်ပါလား ပြောရောင်းစရာတောင်မလိုဘဲ ဆိုင်ရှင်/ဆိုင်တာဝန်ခံက ဘာဝယ်ရမလဲဆိုပြီး အရောင်းဝန်ထမ်း ဝယ်ခိုင်းသမျှ အကုန်ဝယ်တော့တာပဲ။ဆိုင်ရှင်က အရောင်းဝန်ထမ်း sales visit လာမယ့်နေ့ကို ကြိုသိနေတဲ့အတွက် အဲဒီနေ့မှာ အခြား ကုန်ပစ္စည်းတွေမဝယ်ဘဲ သူ့ဆီကဝယ်ဖို့ ငွေကိုင်စောင့်နေတတ်တယ်။
    ၅။ Know whom to convert to be your customers - အခြားအမှတ်တံဆိပ် ဝယ်ယူနေတဲ့ ဖောက်သည်တွေကို မိမိဖောက်သည် ဖြစ်လာအောင် ကြိုးစားပါ။မိမိကုန်ပစ္စည်း၊ ကုန်အမှတ်တံဆိပ်တွေရဲ့ ရည်စူး ဖောက်သည်/ပစ်မှတ်ထားရမယ့် ဖောက်သည်က ဘယ်သူတွေဖြစ်မလဲဆိုတာ သေချာသိနေရင်၊ မိမိပစ်မှတ်က ပြိုင်ဖက်တွေရဲ့ ဖောက်သည်ဖြစ်နေရာကနေ မိမိဖောက်သည် ဖြစ်လာအောင် ဘယ်လိုစည်းရုံးယူရမယ်ဆိုတာကို သိလာမှာဖြစ်ပါတယ်။

နောက်ထပ်သိရှိကျွမ်းကျင်နေရမှာက မိမိ နေ့စဉ်အသုံးပြုရမယ့် အရောင်းအထောက်အကူပစ္စည်းကရိယာ (Sales Tool, Device, Apps, system etc. supporting for sales) တွေကို သေချာစွာ စနစ်တကျ ထိထိရောက်ရောက် သုံးတတ်အောင် လေ့ကျင့်သင်ယူထားရမှာဖြစ်ပါတယ်။

           •    တာဝန်ချထားခြင်းနဲ့ လက်တွေ့ အလုပ် လုပ်ခြင်း (Operation Assignments and Practical Selling)

အထက်ကလို လေ့ကျင့်ပြီးတဲ့နောက်မှာ အရောင်းဝန်ထမ်းအနေနဲ့ ဈေးကွက်ထဲ သွားရောက် ရောင်းချနိုင်ပြီဖြစ်တဲ့အတွက် သူ့ကို နေ့အလိုက် အရောင်းလမ်းကြောင်း ချပေးရမှာဖြစ်ပါတယ်။လမ်းကြောင်းအလိုက် သွားရောက်ရမယ့် ဆိုင်တည်နေရာတွေ မှတ်သားပါရှိတဲ့ မြေပုံနှင့်တကွ ဆိုင်စာရင်းနဲ့ လိပ်စာ၊ ဆိုင်ပိုင်ရှင်/တာဝန်ခံ အမည်၊ ဝယ်ယူလေ့ရှိသော ကုန်ပစ္စည်းစာရင်း + အရောင်း စတာတွေပါရှိတဲ့ စာရင်းကို ပေးရမှာဖြစ်ပါတယ်။ယခု မျက်မှောက်ခေတ်မှာ ကုမ္ပဏီတော်တော်များများက sales app device ကို အသုံးပြုကြတဲ့အတွက် device တစ်ခုထဲမှာပဲ အားလုံးပါပြီးသား ဖြစ်နေမှာပါ။ဒီလို system သုံးတဲ့ ကုမ္ပဏီမှာ အရောင်း စာရင်းမှတ်တမ်း၊ အရောင်း ရာဇဝင်ကြည့်ရတာ သိပ်ကိုအဆင်ပြေပြီး ထိရောက်လှတာကို တွေ့ရပါတယ်။

ကွန်ပြူတာစနစ်တွေ ဘယ်လောက်ပဲ တိုးတက် အဆင့်မြင့်လာပါစေ၊ အရောင်းဝန်ထမ်းတစ်ယောက်အနေနဲ့ Manual လုပ်ရမယ့် နေ့စဉ် လုပ်ငန်းစဉ်တွေက ရှိနေပါသေးတယ်။ Sales Process Checklist လို့ ဆိုကြပါစို့။

ဥပမာ ပြောပြရရင် အရောင်းလုပ်ငန်းစဉ် ၈ ချက်ရှိပါတယ်။

(၁)    မနက်ဖြန် အရောင်းထွက်ရင် သုံးရမယ့် ပစ္စည်းကရိယာတွေကို နောက်နေ့ မနက် ရောက်တာနဲ့ အရောင်းထွက်နိုင်အောင် ညနေလမ်းကြောင်းက ပြန်လာပြီး အရောင်းစာရင်း၊ Stock စာရင်းရှင်းပြီးတာနဲ့ ကြိုတင်ပြင်ဆင်ထားပါ။မိမိအသုံးပြုမယ့် ယာဉ်ကို ဆီရေလေဝိုင် စစ်ဆေးဖြည့်တင်းထားပါ။
(၂)    မနက် ရုံးရောက်လို့ attendance, brief meeting, petty cash collection စတဲ့ လိုအပ်တာတွေလုပ်ပြီးတာနဲ့၊ မိမိယာဉ်၊ ယူသွားရမယ့် ပစ္စည်းတွေကို အကြမ်းဖျဉ်း စစ်ဆေးပါ။ဒီနေ့သွားရမယ့် လမ်းကြောင်းက ဆိုင်တွေမှာ ဘယ်ဆိုင် ဘယ်လောက်ရောင်းရင် Daily target ပြည့်မယ်၊ target ကျော်ပြီး ရောင်းချနိုင်ခြေ ရှိ၊ မရှိ အကြမ်းဖျဉ်း တွက်ချက် plan ချပြီး လမ်းကြောင်းထဲကို အစောလျင်ဆုံး သွားပါ။
(၃)    ရောင်းချရမယ့် ဆိုင်ရှေ့ရောက်ရင် ဆိုင်ရဲ့ အရောင်းရာဇဝင်ကို ကြည့်ပါ။ဘယ်ပစ္စည်း ဘယ်လောက်ကျန်နိုင်မယ်၊ ဘယ်လောက်ထပ်ရောင်းရမယ်ကို စိတ်တွက် တွက်ကြည့်ပါ။
(၄)    ဆိုင်ကို အပြင်ကနေကြည့်ပြီး မိမိပစ္စည်းအမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ ကြော်ငြာ Point of Sales (POS/ POP) တွေ ကျကျနနရှိရဲ့လား ဘာတွေထပ်ပြီ တပ်ဆင်ချိတ်ဆွဲဖို့ လိုမလဲ စစ်ဆေးပါ။ထို့အတူ မိမိ ပစ္စည်းကို စနစ်တကျ စီထား (Product Display) ရဲ့လား စစ်ပါ၊ လိုအပ်ရင် စီပေးရမှာပါ။
(၅)    ဆိုင်ရှင်/တာဝန်ခံ ဈေးရောင်းနေရင် မနှောင့်ယှက်ပါနဲ့ (မိမိအချိန်ရှိရင် ကူရောင်းပေးပါ)။ဆိုင်မှာ မိမိပစ္စည်း လက်ကျန်ဘယ်လောက်ရှိလဲ စစ်ဆေးပါ (ဆိုင်ရှင် မိမိကို အလှည့်ပေးဖို့ စောင့်နေချိန်မှာ မိမိရောင်းခဲ့တဲ့ အရေအတွက်နဲ့ အခုလက်ကျန် ခြားနားခြင်းကိုကြည့်ရင် ဆိုင်ရဲ့ ပစ္စည်းတစ်မျိုးခြင်းအပေါ် ရောင်းအားနဲ့ အခု ဘယ်လောက်ထပ်ရောင်းရမယ် - ဆိုင်ကို ဘယ်လောက်ထပ်ဝယ်ခိုင်းရမယ်ဆိုတာ စစ်ဆေးပါ)။ Expiry Date စစ်ဆေးပါ။ Date နီးတဲ့ ပစ္စည်း (ဆိုင်ရှင် ရောင်းကုန်နိုင်ဖို့ မသေချာရင်) ကို date ဝေးတဲ့ ပစ္စည်းနဲ့ လဲပေးပါ (ဒီဆိုင်မှာ Expiry Date နီးလို့ လဲပေးခဲတဲ့ ပစ္စည်းကို အခြား ပိုအရောင်းသွက်တဲ့ ဆိုင်ကို ပေးပို့ရောင်းချရမှာဖြစ်ပါတယ်)။ရောင်းကုန်နိုင်မယ့် အရေအတွက်ဆိုရင် date နီးတဲ့ ပစ္စည်းတွေကို အရင်ရောင်းဖို့ပြောပါ။ (FIFO လို့ ခေါ်တဲ့ FIRST IN - FIRST OUT Rule ထက်စာရင် FEFO လို့ခေါ်တဲ့ FIRST EXPIRY - FIRST OUT စနစ်နဲ့ ရောင်းချဖို့ အကြံပေးပါ။)
(၆)    ဆိုင်ရှင်ကို ဘယ်ပစ္စည်း ဘယ်အမှတ်တံဆိပ် ဘယ်လောက်ထပ်ဝယ်ဖို့ လိုတယ်ဆိုတာကို အကြံပြုတောင်းဆိုပါ။ (အရောင်းတက်လာတဲ့ ပစ္စည်း ဒါမှမဟုတ် အချိန်အခါအရ ပိုရောင်းရမယ့် ပစ္စည်းတွေကို ခါတိုင်း ဝယ်နေကျထက် ပိုဝယ်ယူထားဖို့ တိုက်တွန်းရောင်းချပါ) Promotion ရှိရင် အသိပေးပြီး ရောင်းချပါ။ကုန်ပစ္စည်း အမှတ်တံဆိပ် အသစ်ထွက်တာရှိရင်လည်း ညွှန်းပြပြောဆို ရောင်းချပါ။
(၇)    ဆိုင်ရှင် ဝယ်ယူမယ်လို့ သဘောတူထားတဲ့ ပစ္စည်းအမယ်စာရင်းနဲ့ အရေအတွက်ကို ပြန်ပြောပြပြီး သဘောတူညီချက် Confirm ယူပြီး၊ အရောင်းပိတ်သိမ်း Sales Close ပါ။
(၈)    ဆိုင်ရှင်/တာဝန်ခံ၊ ဆိုင်အရောင်းဝန်ထမ်းတွေ အားလုံးကို နှုတ်ဆက်ပါ၊ မိမိနောက်တစ်ခေါက် မည်သည့်နေ့ မည်သည့်အချိန်တွင် ပြန်လည်လာရောက်မည်ဖြစ်ကြောင်း အသိပေးပြီး၊ နောက်တစ်ဆိုင်သို့ ထွက်ခွာပါ။ (ဆိုင်ဝင်ရမည့် အစဉ်အတိုင်း တတ်နိုင်သမျှ မဖောက်မဖျက် ဝင်ပါ)

အထက်ပါ နည်းစနစ်တွေအတိုင်း ဝန်ထမ်းရွေးချယ် ခန့်ထားမယ်၊ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် အရောင်းဝန်ထမ်းကောင်းတွေကို မွေးထုတ်ရရှိလာမှာဖြစ်ပြီး၊ ဝန်ထမ်းတွေ မိမိကုမ္ပဏီမှာ ရှေရည်တည်မြဲပြီး ပျော်ရွှင်စွာ အလုပ် လုပ်လာမှာဖြစ်ပါတယ်။

“Happy Salespeople brings happy customer” ပျော်ရွှင်တဲ့ အရောင်းဝန်ထမ်းက ပျော်ရွှင်တဲ့ ဖောက်သည်တွေကို ခေါ်လာတယ်ဆိုတဲ့ စကားလေးကို မမေ့ပါနဲ့၊ မိမိအရောင်းဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ပါစေ။ဝန်ထမ်းတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းရှိစေပြီး သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်း တိုးတက်မှု ရရှိပါစေ။ဝန်ထမ်းတိုင်းဟာ မိမိတိုးတက်မှု အစဉ်ရှိတဲ့၊ နွေးထွေးပျော်ရွှင်ပြီး လုံခြုံမှုရှိတဲ့၊ မိမိအကျိုးကို လိုလား ချစ်ခင်သူတွေရှိတဲ့ အသိုက်အဝန်းလေးကို တော်ရုံနဲ့ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။

နောက်ထပ် ဦးဆောင် စီမံအုပ်ချုပ်သူတွေ ထားရှိရမယ့် သဘောထားက “သာတူညီမျှမှုနဲ့ တိကျမှု (Fair and Square and Firm management/ leadership)” ရှိဖို့နဲ့ ပွင့်လင်းမြင်သာမှု (Transparency) ရှိဖို့၊ လုပ်ငန်းလုပ်ဆောင်ရာမှာ တစ်သွေးတစ်သံတစ်မိန့်၊ ငါခိုင်းတာလုပ်ဆိုတဲ့ သဘောထားမျိုး မထားရှိဘဲ မိမိရဲ့ဝန်ထမ်းတွေကိုယ်တိုင် သဘောတူလိုက်နာ လုပ်ကိုင်ချင်လာအောင် အကျိုးအကြောင်းသင့် ရှင်းပြစည်းရုံးတာမျိုး၊ လိုအပ်တဲ့ ဗဟုသုတ၊ အတွေးအခေါ် မျှဝေပေးတာမျိုးကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။

ဝန်ထမ်းဟာ ကုမ္ပဏီရဲ့ တန်ဖိုးအထားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ လူသာ ပဓာန ဝါဒ ကျင့်သုံးပြီး လူမှုကျင့်ဝတ်တွေကို လိုက်နာတဲ့ ဦးဆောင်အုပ်ချုပ်မှု ကျင့်သုံးကြောင်း မိမိဝန်ထမ်းတွေကို သိရှိစေမယ်ဆိုရင် အောင်မြင်ပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းဝန်းကျင်ကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး၊ ဝန်ထမ်းတွေ ပျော်ပိုက်တဲ့၊ ဂုဏ်ယူတန်ဖိုးထားတဲ့၊ သစ္စာထားတဲ့ လူမှုလုပ်ငန်းဝန်းကျင်လေး ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။

မေတ္တာဖြင့် ....

သက်ထွန်း (သျှမ်း)