【 ဆောင်းပါး 】 အာဃာတရန်ငြိုး (၂)

【 ဆောင်းပါး 】 အာဃာတရန်ငြိုး (၂)

အာဃာတဆိုတာ တစ်စုံတစ်ယောက်အပေါ် မကျေနပ်လို့ အန္တရာယ်တစ်ခုခုပြန်ပေးချင်လို့ စိတ်ထဲမှာ အတေးအမှတ်ထားပြီး ရန်ငြိုးဖွဲ့တာပါ။

စူဠသုဘဒ္ဒါသည် ဆဒ္ဒန်ဆင်မင်းအပေါ် အချစ်ကြီး ချစ်ခဲ့သည်။ဆဒ္ဒန်ဆင်မင်းက မဟာသုဘဒ္ဒါအပေါ် သူ့ထက် ပိုချစ်သွားမှာကို မနာလိုသည်။သူ့အပေါ် အချစ်တွေလျော့သွားမှာကို ဝန်တိုသည်။ထို့ကြောင့် အမြဲသံသယစိတ်ထားကာ နောက်ဆုံးတွင် သူကိုယ်တိုင် တန်ဖိုးထားရသော အချစ်ဆုံးအပေါ် ရန်ငြိုးထားခဲ့သည်။

တချို့က သူတို့ချစ်ရသူ၊ သူတို့မုန်းရသူတို့နှင့် ဘာပတ်သက်မှုမှမရှိ။ထို့ကြောင့် မနာလိုဝန်တိုတာလည်း မဟုတ်ပါ။ဆတ်ဆတ်ထိမခံနိုင်သည့် မာနစိတ်သက်သက်ကြောင့် ဘာမှမမြင်ရ၊ ဘာမှမကြားရ မသေချာမရေရာဘဲ ဖြစ်နိုင်ခြေကို လိုသလို ဆွဲတွေးကာ ရန်ငြိုးထားတတ်သည်။

ငါးရာ့ငါးဆယ်လာ ဖန္ဒနဇာတ်မှ မုန်းမာန်ရန်ငြိုးဖွဲ့မိသော ဝံတစ်ကောင်နှင့် ရုက္ခစိုးနတ်တို့နှစ်ဦး ပျက်စီးရပုံကို တွေ့နိုင်သည်။

ဟိမဝန္တာမှလာသော ဝံတစ်ကောင်သည် အစာရှာထွက်လာရင်း ကြို့ပင်အောက်တွင် အိပ်နေသည်။ထိုအခိုက် ကြို့ပင်မှ အကိုင်းတစ်ကိုင်း ကျိုးကျရာ အိပ်နေသော ဝံအပေါ်သို့ ကျရောက် ထိမှန်လေသည်။ဝံသည် အိပ်ရာမှ လန့်နိုးသွားသည်။သစ်ကိုင်းနှင့်ထိသော နေရာက အနည်းငယ်နာသွားသည်။အိပ်ပျော်နေရာမှ လန့်နိုးပြီး အနည်းငယ်လည်း နာသွားသည်ကို မကျေမနပ်နှင့် သူ့ကိုတစ်စုံတစ်ယောက် နှောင့်ယှက်တာဖြစ်မှာပဲလို့ တွေးပြီး လိုက်ကြည့်ရာ ဘယ်သူ့ကိုမှမတွေ့ရပေ။ဘယ်သူဖြစ်နိုင်မလဲ စဉ်းစားရင်း နောက်ဆုံး ကြို့ပင်စောင့်နတ်၏ လက်ချက်ဖြစ်ရမယ်လို့ ဆုံးဖြတ်ကာ ကြို့ပင်စောင့်နတ်အပေါ် အငြိုးထားလေသည်။

ရက်များမကြာမီ ရထားပြုလုပ်ရန် တောထဲသို့ဝင်လာသော လက်သမားအဖွဲ့ကို တွေ့ရသော ဝံသည် ကြို့ပင်စောင့်နတ်ကို လက်စားချေရန် အခွင့်ကောင်းရပြီဟု ဝမ်းသာသွားသည်။လက်သမားအဖွဲ့နှင့်တွေ့ကာ သစ်သားကောင်းရှာမှန်း သိရသဖြင့် ကြို့ပင်သားသည် အခိုင်ခံ့ဆုံးဖြစ်ကြောင်း ပြောသည်။သူငြိုးထားသော ရုက္ခစိုးနတ်၏ ကြို့ပင်ကို ညွှန်ပြကာ ထွက်လာခဲ့သည်။

ကြို့ပင်စောင့်နတ်သည် ကြို့ပင်ကို ခုတ်လှဲရန် ပြင်ဆင်နေသော လက်သမားများကိုကြည့်ကာ သူနေသော ကြို့ပင်ကို ခုတ်လှဲရန် အကြံပေးခဲ့သော ဝံကို အတော်မကျေမနပ်ဖြစ်မိသည်။အကြောင်းမဲ့သက်သက် သူ့နေရာကို ဖျက်ဆီးသော ဝံကို ပြန်ပြီးလက်စားချေရန် ကြံစည်သည်။ ထို့နောက် ကြို့ပင်စောင့်နတ်သည် တောလုပ် ယောင်္ကျားအသွင် ဖန်ဆင်းကာ လက်သမားများနှင့် တွေ့ဆုံကာ စကားပြောသည်။တစ်ဆင့်တက်ကာ လက်သမားများစီးသော ရထားအကွပ်ကို ဝံရေဖြင့် သံပြားပတ်သကဲ့သို့ ရစ်ပတ်လျှင် အကွပ်သည် အလွန်ခိုင်ခံ့သည်ဟု ပြောသည်။

လက်သမားများက စိတ်ဝင်စားသွားပြီး ဝံရေ ဘယ်မှာရနိုင်မလဲမေးရာ သင်တို့ကို ကြို့ပင်ဆီ ညွှန်ပြခဲ့သော ဝံနောက်သို့လိုက်ရန် အကြံပေးသည်။ဆက်၍ ကြို့ပင်သည် ဘယ်မှထွက်ပြေးမှာမဟုတ်ဘဲ တကယ်ထွက်ပြေးနိုင်သည့် ဝံနောက်သို့ ချက်ချင်းလိုက်ရန်နှင့် ဝံရေလည်းရ ဝံသားလည်းစားရမည်ဟု မက်လုံးပေးသည့်စကားကို ပြောသည်။လက်သမားများလည်း ဝံနောက်သို့ ချက်ချင်းလိုက်လေတော့ သည်။

နောက်ဆုံးတွင် ဝံလည်းသေ၊ ကြို့ပင်ခုတ်လှဲခံရသဖြင့် ကြို့ပင်စောင့်နတ်လည်း နေစရာမရှိဘဲ ဒုက္ခရောက်ရလေသည်။

တချို့လူတွေကျတော့ ကိုယ့်ကိုလည်း ဘာမှထွေထွေထူးထူး ထိခိုက်မှုမရှိ မဖြစ်စလောက်လေး ထိခိုက်မှုကို ဖြစ်စေသူကလည်း ဘာကြောက်စရာမှမရှိ ကိုယ့်ဘဝပျက်အောင် ကိုယ့်အသက်ဆုံးအောင် လုပ်ဖို့နေနေသာသာ ကိုယ်လုပ်သမျှခံရမည့် အားနည်းသူဖြစ်နေသည်။ဒါကိုလည်း မတော်တဆပဲလို့ မတွေးပေးဘဲ ရန်ငြိုးထားကာ အခွင့်သာရင် ဒုက္ခမရောက် ရောက်အောင် ပြန်လုပ်ဖို့ ဆုံးဖြတ်တတ်၏။

ကိုယ့်အဆင့် ကိုယ့်တန်ဖိုးကို အလေးအနက်ထား မစဉ်းစားဘဲ ကိုယ့်ထက်နိမ့်သူအပေါ် ပိုဒုက္ခရောက်အောင် ရက်ရက်စက်စက် အငြိုးအတေး ထားလေသည်။

ဘုရင့်အတိုင်ပင်ခံ ပညာရှိအမတ်တစ်ဦးဖြစ်သော ပုရောဟိတ်ပုဏ္ဏားသည် အမှတ်တမဲ့ ကျီးကန်းတစ်ကောင်၏ မစင်စွန့်ချတာခံရလို့ မခံမရပ်နိုင်ဖြစ်ပြီး ကျီးကန်းတွေအားလုံးအပေါ် ရန်ငြိုးဖွဲ့ထားသည်။အခွင့်အရေးတစ်ခု ကြုံလာသောအခါ မဆိုင်တာကို ဆိုင်လာအောင်၊ မဖြစ်နိုင်တာကို ဖြစ်နိုင်လာအောင် လုပ်ဇာတ်ခင်းကာ သဘာဝ ကျ၊ မကျ ကိုယ်လုပ်လိုက်လို့ ဘယ်သူတွေ ဘယ်လောက်ဒုက္ခရောက်မယ်ဆိုတာ ဆင်ခြင်မှုမရှိ တစ်ဖက်သားအပေါ် မသေချာမရေရာဘဲ ရက်ရက်စက်စက် အပြစ်ပုံချကာ ချောက်တွန်းသည်။

တစ်နေ့တွင် ဘုရင့်ပုရောဟိတ်သည် မြို့ပြင်ဘက်ရှိ မြစ်ထဲမှ ရေချိုးပြီးပြန်လာသည်။မြို့တံခါးဝ တိုင်ထိပ်ဖျားတွင် ကျီးကန်းနှစ်ကောင် နားနေသည်။တစ်ကောင်က ပုရောဟိတ်ပုဏ္ဏား၏ ခေါင်းပေါ်သို့ မစင်စွန့်ချလိုက်သည်။ပုရောဟိတ်သည် ထိုကိစ္စလေးကို ရေးကြီးခွင်ကျယ်လုပ်ကာ ထိုနေ့မှစ၍ ကျီးကန်းများအပေါ် အငြိုးထားလေသည်။

ကျွန်မတစ်ယောက်သည် စပါးများကို နေလှန်းထားရာ ဆိတ်တစ်ကောင်က စပါးများကို လေးကြိမ်တိုင်တိုင် လာစားသည်။ကျွန်မသည် ဆိတ်ကို မီးစနှင့် ပစ်ပေါက်လိုက်သည်။ဆိတ်၏ အမွှေးများကို မီးစွဲလောင်သည်။ဆိတ်သည် သူ့ကိုယ်တွင် စွဲနေသော မီးကို ငြိမ်းသတ်ရန် ဆင်တင်းကုတ်နှင့် တွဲဆောက်ထားသော မြက်ဂိုထောင်ထဲသို့ ပြေးဝင်ပြီး မြက်ခြောက်များနှင့် ပွတ်တိုက်သည်။မီးသည် မြက်ခြောက်များကို ကူးစက်လောင်ကျွမ်းကာ ဂိုထောင်မှတစ်ဆင့် ဆင်တင်းကုတ်သို့ ထပ်မံကူးစက်ပြီး ဆင်များကိုပါ မီးလောင်တော့သည်။

ဘုရင်ကြီးက သူ၏ဆင်များတွင် မီးလောင်ဒဏ်ရာများဖြစ်သဖြင့် ထိုဒဏ်ရာများကို ကုသရန် ပုရောဟိတ်ပုဏ္ဏားကို တိုင်ပင်ကာ အကြံဉာဏ်ယူသည်။ကျီးများအပေါ် အငြိုးထားသော ပုဏ္ဏားသည် ကျီးအဆီရလျှင် ကုသ၍ ပျောက်ကင်းနိုင်ကြောင်း လျှောက်တင်သည်။

ဘုရင်ကြီးသည် ထိုနေ့မှစ၍ ကျီးများကိုဖမ်းဆီး အဆီထုတ်ယူရန် အမိန့်ပေးလိုက်သည်။ဘုရင့်အမှုတော်ထမ်းများသည် နန်းတော်တစ်ဝိုက်ရှိ ကျီးများကို တွေ့သမျှ အကုန်ဖမ်းသည်။ဖမ်းဆီးရမိသော ကျီးများမှ အဆီထုတ်ရာ အဆီမရဘဲ ကျီးများသေခြင်းသာ အဖတ်တင်သည်။

ဘုရားလောင်း ကျီးမင်းသည် ကျီးများသေဆုံးရသည်ကို ကယ်တင်ရန် အကြံထုတ်ရတော့သည်။အစောင့်များအလစ်တွင် နန်းတော်ဆီသို့ တစ်ဟုန်ထိုးပျံသန်းပြီး လေသာပြတင်းမှတစ်ဆင့် နန်းတော်ထဲသို့ဝင်ကာ ပလ္လင်အောက်တွင် ပုန်းနေသည်။ထို့နောက် ပလ္လင်အောက်မှထွက်ကာ ဘုရင်ကြီးကိုတွေ့ဆုံပြီး စကားပြောခွင့်ပေးရန် တောင်းပန်သည်။မင်းကြီး၏ ခွင့်ပြုချက်ရသောအခါ မင်းကြီးအနေနှင့် ပုဏ္ဏား၏စကားကို နားထောင်ပြီး တစ်ဖက်သတ် မဆုံးဖြတ်သင့်ကြောင်း မင်းကြီးအမိန့်နှင့် ကျီးများကို သတ်ဖြတ်နေကြသောကြောင့် သူတို့ကျီးများသည် အကြောင်းမဲ့ အသက်ပေးဆပ်နေရကြောင်း ပြောသည်။မင်းကြီးအလိုရှိသော အဆီများသည်လည်း ကျီးများတွင် လုံးဝမရှိကြောင်း လျှောက်ထား တောင်းပန်သည်။

ဘုရင်ကြီးက အဘယ်ကြောင့် ကျီးများတွင် အဆီမရှိရကြောင်း မေးသောအခါ ကျီးများသည် အမြဲလိုထိတ်လန့်တတ်သည့် နှလုံးရှိသောကြောင့် အဆီမရှိကြောင်း ဖြေဆိုသည်။

ထိုအခါ ဘုရင်ကြီးက အကျိုးအကြောင်းသိသွားပြီး တောင်းပန်သည်။

ဘုရားလောင်းကျီးလည်း သူတို့ကျီးများကို ဘေးမဲ့ပေးရန် တောင်းဆိုရာ ဘုရင်ကြီးက ဘေးမဲ့ပေးရုံသာမက သူတို့ကျီးများအတွက် နေ့စဉ် တစ်ဆယ့်တစ်စိတ်သော ဆန်ကို ထမင်းချက်၍ အစာအဖြစ်လှူဒါန်းရန် ကတိပေးလိုက်သည်။တော်သေးသည် ဆိုရမည်။ပုရောဟိတ်၏ အငြိုးအတေး စကားလေးတစ်ခွန်းနှင့် ကျီးမျိုးပြုတ်မလို့ သီသီလေးလိုတော့သည်။

ပုရောဟိတ်လို လူတချို့သည် ကိုယ့်အဆင့်အတန်း၊ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားရမှန်းမသိ ကိုယ့်လောဘ၊ ကိုယ့်မာနကို ရှေ့တန်းတင်ကာ ကိုယ့်ထက်နိမ့်ပါးသူများအပေါ် မညှာမတာ ရန်ငြိုးထားပြီး ရက်ရက်စက်စက် ဒုက္ခပေးတတ်လေသည်။

သူတို့ကတော့ အကြောင်းအကျိုး မခိုင်လုံဘဲ သူတို့ဘဝကိုလည်း ဘယ်သူမှ မနှောင့်ယှက်ဘဲ ဆင်ခြေအမျိုးမျိုးပေးကာ အပြစ်မရှိ၊ အပြစ်ရှာ ကြီးနိုင်ငယ်ညှင်းလုပ်ချင်သည့် အရှက်မရှိသော အာဃာတသမားသက်သက်သာ ဖြစ်လေသည်။

ရိုက်မောင်း