【 ဆောင်းပါး 】 အိမ်ရောင်းရတဲ့ ဝေဒနာ

【 ဆောင်းပါး 】 အိမ်ရောင်းရတဲ့ ဝေဒနာ

အိမ်ရောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အဖေ ခက်ခက်ခဲခဲ-ချခဲ့ပုံ ရပါတယ်။

တောင်ဥက္ကလာအိမ်ဆိုတာက အဖေနဲ့ အမေ အိမ်ထောင်ကျကတည်းက နေခဲ့တဲ့ အိမ်။အိမ်ရှိတယ်၊ လမ်းရှိတယ်၊ ဗွက်တောထဲ ဖြတ်နင်းမှ ရောက်တယ်ဆိုတဲ့ တောင်ဥက္ကလာ စတည်ခါစကတည်းက ကိုယ့်ကိုယ်ပိုင်အဖြစ် စတည်းချခဲ့ပြီး တဖြည်းဖြည်း စည်ပင်ခဲ့တဲ့နေရာ။

အမေက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ။အမေချန်ထားခဲ့တဲ့ ရွှေခပ်များများကလည်း နေ့ခင်းဘက် အိမ်မှာ ဘယ်သူမှမရှိတုန်း အိမ်ဖောက်ခံလိုက်ရလို့ ကုန်ပြီ။ပြီးတော့ လက်ထဲစုဆောင်းထားတဲ့ ငွေတွေကလည်း သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကာလ အတိုးကြီးကြီးနဲ့ တစ်နိုင်ငံလုံးကို မျှားပြီး ရိုက်စားလုပ် လိမ်သွားတဲ့ ကုမ္ပဏီတွေကြောင့် ကုန်။အဖေက လာဘ်ငွေ တစ်ပြားမှမရတဲ့ ရုံးချုပ်သို့ ပြန်ပြောင်းရွှေ့ရ။တက္ကသိုလ်တက်နေတဲ့ ညီမကျောင်းစရိတ်အတွက် ရောင်းစရာ ရွှေတွေလည်း ကုန်ပြီဆိုတော့ ရောင်းစရာက ဒီအိမ်တစ်လုံးပဲ ကျန်တော့။

အဲဒီနေ့က အိမ်ရောင်းတော့မယ်လို့ အဖေက ကျနော်တို့ ညီအစ်ကို ၂ ယောက်ကို ခေါ်ပြောချိန် အသံတွေ တုန်နေတယ်။အဖေစိတ်လှုပ်ရှားနေတဲ့ပုံ၊ စိတ်မကောင်းဖြစ်နေတဲ့ပုံ။အဖေက သူ့ခံစားချက်ကို ထုတ်ဖော်ပြလေ့မရှိသူမို့ မျက်ရည်မကျအောင် တောင့်ခံထားတဲ့ပုံ။

အိမ်ရောင်းမယ်ဆိုတော့ ပထမဆုံးလုပ်ရတာက မျက်လွှာအောက်ချလို့ နီးစပ်သူတွေနဲ့ ပွဲစားတွေကို မဖြစ်မနေ ပြောရတယ်။ပြောပြီးလို့ တစ်ရက် ဘယ်ကြာလိမ့်မလဲ။အိမ်ရောင်းမယ်ဆိုတဲ့သတင်း တစ်လမ်းလုံးကိုပွရော။သူများအကြောင်း စိတ်ဝင်စားသူတွေ၊ သူများ အဆင်မပြေတာကြားရင် သိပ်ပျော်ရပါတယ်ဆိုတဲ့သူတွေက သတင်းမေးသလိုလို ကရုဏာသက်သလိုလို အိမ်ရောင်းမယ့် သတင်းမေးကြ၊ နောက်ကွယ်မှ အတင်းတွေဆိုကြ။မတတ်နိုင်။

တချို့က ဗိုက်နာနေပြီလို့ သတင်းပေးချက်အရ အောက်ဈေးနဲ့ရမလားဆိုပြီး အချောင်လာနှိုက်သူတွေနဲ့ ကြုံရလို့ စိတ်ညစ်ရတယ်။တချို့ တကယ့်ကိုအားမနာ၊ဘယ်လိုမှမဖြစ်နိုင်တဲ့ ခေါက်ချိုးဈေးပြောကာ ရမလားဆိုပြီး သွေးတိုးစမ်းကြတယ်။ကိုယ်က ငြင်ငြင်သာသာ ပြန်တုံ့ပြန်လိုက်ပေမယ့် စိတ်ထဲ မခံချင်။တချို့က အိမ်ပတ်ကြည့်၊ ဈေးမေးပြီးပြန်၊ နောက်တစ်ခါ လာခဲ့ဦးမယ်တဲ့။ပြီးတော့ မလာ။

အိမ်လာကြည့်သူတစ်ဦး ပြန်သွားတိုင်း အဖေ့စိတ်ထဲမှာ အိမ်မြန်မြန်ထွက်ပါစေလို့ ဆုတောင်းနေသလား မသိပေမယ့် ကျနော်ကတော့ ရောင်းထွက်ချင်စိတ်က တစ်ဖက် ရောင်းမထွက်ချင်စိတ်က တစ်ဖက်နဲ့ ယောက်ယက်ခတ်။

ထုံးစံအတိုင်း၊ တစ်လကျော်လောက်ကြာတော့ ကိုယ်လိုချင်တဲ့ဈေးနဲ့ ရောင်းထွက်သွားတယ်။စရန် အရင်သတ်၊ နောက်တစ်လနေရင် ငွေအကျေချေ၊ ကျနော်တို့လည်း ငွေချေတဲ့နေ့မှာ အိမ်ပေါ်ကဆင်း။စရန်သတ်လိုက်တဲ့နေ့မှာ စိတ်ဒုံးဒုံးချ အိမ်တစ်လုံး အမြန်ဝယ်နိုင်ရေးကိုပဲ ခေါင်းထဲထည့်လိုက်တော့တယ်။

ဘယ်မှာနေကြမလဲဆိုတော့ အိမ်ရောင်းရငွေရဲ့ တစ်ဝက်ကျော်သုံးလိုက်ရင် သင့်တင့်ရုံ အိမ်နဲ့မြေ ပြန်ရနိုင်ပေမယ့် ဒဂုံမြောက်ပိုင်းရဲ့ နည်းနည်းအတွင်းပိုင်းလောက်ပဲ ရနိုင်မယ်ဆိုတော့ ရုံးသွားရ ကားစီးရ ဖိအားက ကြီးမှာပဲ။

အဖေက အိပ်ခန်းပါတဲ့ တိုက်ခန်းပေါ်ပဲ တက်ကြတာပေါ့ဆိုတော့ ကျနော်တို့မငြင်းခဲ့ဘူး။ဒါပေမဲ့၊ ကျောက်မြောင်းက တိုက်ခန်းတွေပေါ် ရောက်ဖူးနေတော့ တိုက်ခန်းဆိုတာကြီးကို ရင်လေးလှ။တိုက်ခန်းပေါ် တက်ရဆင်းရ လူငယ်ဆိုတော့ အပန်းမကြီး ခေါင်းထဲမထည့်ပေမယ့် တိုက်ခန်းကျဉ်းကျဉ်းထဲ နေရမှာကို ဖီးလ်မလာ၊ ပြီးတော့ တစ်သက်လုံးက မြေကြီးပေါ် ခြံနဲ့နေခဲ့တာဆိုတော့ မြေယာမဲ့ဘဝ လေပေါ်တက်နေရမှာကိုလည်း ပျော်စရာမဟုတ်မှန်း ကောင်းကောင်းသိရဲ့။

အဖေနဲ့ ကျနော့်ညီ တိုက်ခန်းလိုက်ရှာကြတယ်။အဖေက လှိုင်မြို့နယ်ထဲက သူ့ဆရာမိသားစုနေတဲ့ တိုက်ခန်းကို ခံတွင်းတွေ့နေတယ်။လှိုင်မြို့နယ်ထဲက ကျနော် တစ်ခါမှမရောက်ဖူးတဲ့နေရာ၊ ဘုရင့်နောင်လမ်းမပေါ်ဆိုလား။ကိုယ်က ဘုရင့်နောင်ပွဲရုံလောက်ပဲ ရောက်ဖူးပြီး ဘုရင့်နောင်လမ်းပေါ် မဖြတ်ဖူးသူဆိုတော့ ဘယ်နေရာမှန်းမသိ။ကြည့်ချင်စိတ်လည်း မရှိတာကြောင့် အဖေပြောတဲ့ တိုက်ခန်းဆီ သွားမကြည့်ဖြစ်။တစ်ခုသဘောကျတာက အဲဒီတိုက်ခန်းက အသစ်။ကိုယ့်အရင် ဘယ်သူမှ မနေခဲ့ဖူးတဲ့ တိုက်ခန်း။နောက်ထပ်သဘောကျတာတစ်ခုက ဈေးဆစ်လို့မရတဲ့ တစ်ခွန်းဈေး။ဘယ်အထပ်ဆို ဘယ်လောက် တစ်ခါတည်း သတ်မှတ်ထားပြီးသား၊ တိုက်ခန်းကိုကြည့်၊ဈေးကိုလည်း သဘောကျရင် ဝယ်လိုက် မဆစ်နဲ့။

ဒီမှာက စရန်သတ်ပြီးသား။ဒီအိမ်ကို ကိုယ်ပိုင်တယ်ဆိုတဲ့ခံစားမှု ကင်းမဲ့လာချိန်၊ ဒီအိမ်မှာနေ-နေရတာ ကိုယ့်အရှုံးကိုယ် ကြိုးနဲ့အတုပ်ခံထားရပြီး ပြန်ကြည့်နေရသလိုမျိုး။ဒီကြားထဲ စုတ်တသတ်သတ်နဲ့ လာစပ်စုသူတွေရဲ့ဒဏ်ကိုလည်း နေ့စဉ်ခံနေရပြန်တော့ သိမ်ငယ်ရ။

“ဖေဖေ၊ တိုက်ခန်းမြန်မြန်ရ၊ မြန်မြန်ဝယ်ပြီး မြန်မြန်သာ ပြောင်းရအောင်”

“အေးကွာ၊ ငါလည်း ဒီမှာမနေချင်တော့ဘူး။ပြောင်းချင်ပြီ။အိမ်ဝယ်မယ့်လူကို တစ်လမစောင့်ဘဲ ငွေကိုမြန်မြန်ချေမလား မေးကြည့်လိုက်မယ်။ငွေချေရင် တစ်ပတ်အတွင်း ပြောင်းကြမယ်” တဲ့။အဖေလည်း ကျနော့်လို ခံစားနေရတဲ့ပုံ။

နောက်တစ်ရက်၊ အိမ်ဝယ်ဖို့ စရန်ချထားသူနဲ့ စကားပြောကြည့်။သူတို့ကလည်း အိုကေတယ်ဆိုတာနဲ့ အိမ်ရောင်းဈေးရဲ့ တစ်ဝက်ကို ငွေချပေး။ဒါနဲ့ ဘုရင့်နောင်လမ်းပေါ်က တိုက်ခန်းကို မြန်မြန်သွားဝယ်။ ၄-၅ ရက်နဲ့ အဲကိစ္စကို အကုန်ပြတ်သွားတာကြောင့် တစ်ပတ်ပြည့်တဲ့နေ့မှာ နောက်လှည့်မကြည့်စတမ်း ပြောင်းလိုက်ကြတယ်။

အိမ်ပြောင်းတဲ့မနက် တကယ်ခင်ကြသူနည်းနည်း စိတ်မကောင်းစွာနဲ့ လာနှုတ်ဆက်။ကျနော်ရော အဖေပါ ကိုယ်မပိုင်တော့တဲ့ အိမ်ကို နောက်ဆုံးအကြိမ်ဆိုပြီး လှည့်မကြည့်ခဲ့ကြဘူး။လမ်းထဲကနေ အိမ်ပြောင်းတဲ့ကား ထွက်လိုက်တာနဲ့ စိတ်ထဲလွတ်လပ်သွားသလိုမျိုး၊ ရင်ဘတ်ထဲ တစ်ဆို့နေတဲ့ တစ်ခုခု ရုတ်တရက်ပြုတ်ကျသွားသလိုမျိုး ခံစားမှု။ဘဝဟောင်းတစ်ခုက ပြီးဆုံးသွားတဲ့သဘော။

သက္ကရာဇ် ၂၀၀၀ မှာ ကျနော်တို့ တောင်ဥက္ကလာကို ခွာခဲ့ကြတယ်။နောက် ၁၅ နှစ်လောက်အကြာမှ အနာကျက်ပြီဆိုတဲ့ ယုံကြည်စိတ်နဲ့ တောင်ဥက္ကလာက နေခဲ့တဲ့လမ်းပေါ် ပြန်ခြေချဖြစ်တယ်။ကိုယ်ရောင်းခဲ့တဲ့ အိမ်ကိုတော့ သွားမကြည့်ဖြစ်။

အဖေကတော့ ဒီနေ့ထိတိုင် နေခဲ့ဖူးတဲ့ လမ်းပေါ်တောင် တစ်ခေါက်မှ ခြေဦးမလှည့်။

ငြိမ်းဆက်