【 ဆောင်းပါး 】 ၂၀၂၄ နဂါးနှစ်အကြောင်း သိပြီးပြီလား ?

【 ဆောင်းပါး 】 ၂၀၂၄ နဂါးနှစ်အကြောင်း သိပြီးပြီလား ?

လာမယ့် ဖေဖော်ဝါရီလ (၁၀) ရက်မှာဆိုရင် တရုတ်လူမျိုးတို့ရဲ့ နှစ်အလိုက်ရာသီခွင် အယူအဆအရ နဂါးနှစ်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိဟာ နဂါးနှစ်ရဲ့ တစ်နှစ်တာဖြစ်ပါတယ်။အခုတစ်ခေါက်မှာတော့ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပရင်း ရောက်ရှိလာတဲ့ နဂါးနှစ်အကြောင်းကို လက်လှမ်းမှီသမျှ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တရုတ်လူမျိုးတို့ရဲ့ ရိုးရာမှာဆိုရင် ရာသီခွင် နိမိတ်ကောင် ၁၂ ကောင်ရှိပြီး ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက် ဆိုပြီး ရှိကြပါတယ်။ဒဏ္ဏာရီပုံပြင်နဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီအကောင် (၁၂) ကောင်ဟာဆိုရင် တရုတ်နှစ် တစ်နှစ်စီကို အလှည့်ကျ ကိုယ်စားပြုကြတာဖြစ်ပါတယ်။ရာသီခွင်အယူအဆက တရုတ်လူမျိုးတွေအတွက် အရေးပါတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှတ်သင်္ကေတတစ်ခုအဖြစ်ရှိနေပြီး ဒီနှစ်မှာတော့ သိကြတဲ့အတိုင်း နဂါးနှစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

          ဒဏ္ဏာရီပုံပြင်အရ ရာသီခွင်နေရာ ထားရှိခြင်း

နဂါးကို တရုတ်ရာသီခွင် တိရစ္ဆာန်တွေအနက် ပဉ္စမမြောက်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။အကြောင်းကတော့ ပုံပြင်အရ မိုးနတ်မင်းကြီးက တိရိစ္ဆာန်တွေကို ပြက္ခဒိန်ရဲ့ အစိတ်အပိုင်း ထားရှိမယ်လို့ အမိန့်ထုတ်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ဒီလိုထားရှိရာမှာလည်း အစည်းအဝေးကို အရင်ဆုံးရောက်လာတဲ့ တိရိစ္ဆာန် ၁၂ ကောင်ကို အစဉ်လိုက် နေရာပေး ရွေးမယ်လို့လည်း ဆိုခဲ့ပါတယ်။ဒါပေမဲ့ ပြိုင်ပွဲမှာတော့ အစွမ်းရှိတဲ့ နဂါးဟာ ကြွက်၊ နွား၊ ကျားနှင့် ယုန် ရောက်ရှိလာပြီးမှ ရောက်လာပါတယ်။အကြောင်းအရင်းကတော့ လမ်းမှာ မိုးခေါင်နေတဲ့ ရွာတစ်ရွာကို တွေ့ရလို့ မိုးရွာဖို့ ကူညီပေးလို့ နောက်ကျတယ်လို့ ဆိုပါတယ်။

ဒီအဖြေကြောင့် မွန်မြတ်သောအကျင့်ကို အသိအမှတ်ပြုခံရပြီး ပဉ္စမနေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာလို့ ဖော်ပြကြပါတယ်။တရုတ်ရာသီခွင်အခေါ် နဂါးနှစ်လို့ လွယ်လွယ်ပြောနေကြပေမယ့် နဂါးနှစ်ကို တရုတ်အယူအဆမှာဆိုရင် ဓာတ်အလိုက် ခွဲခြားသတ်မှတ်ထားတာလည်း ရှိနေပါတယ်။

          ၂၀၂၄ ခုနှစ်ရဲ့ နဂါးအမျိုးအစားက ဘာလဲ ?

နဂါးနှစ်ကို တရုတ်အယူအဆမှာဆိုရင် ဓာတ်ငါးပါးနဲ့ ခွဲခြားထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာ ခုနှစ်အလိုက် သစ်သားနဂါး (၁၉၆၄၊ ၂၀၂၄)၊ မီးနဂါး (၁၉၇၆၊ ၂၀၃၆)၊ မြေကြီးနဂါး (၁၉၂၈၊ ၁၉၈၈)၊ ရွှေနဂါး (၁၉၄၀၊ ၂၀၀၀)၊ ရေနဂါး (၁၉၅၂၊ ၂၀၁၂) ဆိုပြီး သီးခြားသတ်မှတ်ချက် ရှိကြပါတယ်။ဒီတော့ အခု ၂၀၂၄ ခုနှစ်ဟာဆိုရင် ဓာတ်အရ သစ်သားနဂါးရဲ့ အချိန်အခါဖြစ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

          သစ်သားနဂါးနဲ့ မွေးဇာတာ

သစ်သားနဂါး မွေးဇာတာရှင်တွေဟာ အေးဆေးတဲ့ဘဝနဲ့ နေထိုင်ကြသူတွေလို့ အယူရှိကြပါတယ်။သူတို့ဟာ လုပ်ငန်းရှင်အနေနဲ့ဆိုရင် အောင်မြင်အောင် လုပ်ကိုင်နိုင်စွမ်းရှိသူတွေလို့လည်း ဆိုကြပါတယ်။ဒါပေမဲ့ တစ်ဖက်မှာတော့ သူတို့ဟာ မိသားစုနဲ့ သူငယ်ချင်းတွေဆီကတော့ ဖေးမမှုရရှိတာ နည်းလေ့ရှိတယ်လို့ ဖော်ပြကြပါတယ်။

          နဂါးနှစ်နဲ့ ကံကောင်းချင်းအယူ

နဂါးနှစ်တွေထဲ အခုကျရောက်တဲ့ သစ်သားနဂါးနှစ်ဟာ အာဏာ၊ စည်းစိမ်ဥစ္စာနဲ့ ကံကောင်းချင်းတွေကို ဆောင်ကြဉ်းပေးတဲ့နှစ်လို့ ဖော်ပြကြပါတယ်။နဂါးနှစ်ဟာ တရုတ်လူမျိုးတို့ရဲ့ (၁၂) လရာသီခွင် အကောင်နိမိတ်တွေအနက် အမြတ်ဆုံးထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။တရုတ်လူမျိုးတွေက နဂါးတွေကို တန်ခိုးကြီးပြီး ပညာရှိမွန်မြတ်တဲ့ သတ္တဝါတွေအဖြစ် ယုံကြည်ကြတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် နဂါးနှစ်မှာ မိဘတွေက ရင်သွေးရခဲ့ရင် ပိုပြီးပျော်ရွှင်ကြရတာလည်းဖြစ်ပါတယ်။

သစ်သားနဂါးနှစ်ဖြစ်တဲ့ ဒီနှစ်မှာ မွေးဖွားတဲ့သူတွေက ကြွယ်ဝချမ်းသာချင်း၊ ပြည့်စုံချင်းတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့အမူအရာ၊ ကွဲပြားကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို ပိုင်ဆိုင်ကြပါတယ်။နဂါးနှစ်ဖွား ကလေးတွေဟာ တက်ကြွရွှင်လန်းပြီး အကောင်းမြင်စိတ်ရှိတတ်ကြတယ်လို့ ဆိုပါတယ်။သူတို့ဟာ မိဘတွေ၊ ပြုစုစောင့်ရှောက်တွေနဲ့ သူစိမ်းတွေရဲ့ အာရုံစူးစိုက်မှုကို နှစ်သက်ကြသူတွေလို့လည်း ဖော်ပြကြပါတယ်။

          နဂါးနှစ်ဖွားနဲ့ အလုပ်အကိုင်

နဂါးနှစ်ဖွားတွေဟာ မွေးရာပါ အရည်အချင်းနဲ့အတူ အောင်မြင်မှုရရှိတတ်ကြသူတွေဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေက နဂါးနှစ်ဖွားတွေအတွက် ကောင်းမွန်တယ်လို့ ဖော်ပြကြပါတယ်။ခေါင်းဆောင်မှုစွမ်းရည်ကောင်းမွန်ပြီး အခြားတစ်ဖက်မှာ လုပ်ငန်းရှင်အဖြစ် ပိုမိုသင့်တော်ပြီး ပုံစံကန့်သက်ချက်လုပ်ငန်းတွေထက် လွပ်လပ်တဲ့ အချိန်စီမံမှုကို နှစ်သက်ကြသူတွေလို့ ဖော်ပြကြပါတယ်။

          ကံကောင်းမယ့် ရာသီဖွားတွေနဲ့ ထိုက်စွေ့ သက်ရောက်မှုရှိတဲ့ ရာသီဖွား

အခု နဂါးနှစ်အတွင်း ကံဇာတာတက်မယ့် ရာသီဖွားတွေကို ဖော်ပြကြရာမှာတော့ ကြက်၊ ဝက်၊ မျောက်၊ မြွေ တို့ကို ဖော်ပြထားတာကို တွေ့ရပါတယ်။အခြားတစ်ဖက်မှာတော့ ကံဇာတာညံ့နိုင်တဲ့ ထိုက်စွေ့ သက်ရောက်မှုရှိတဲ့ ရာသီဖွားတွေကိုမှာတော့ ခွေး၊ နဂါး၊ ယုန်၊ နွား စတဲ့ ရာသီခွင်တွေကို ဖော်ပြထားကြပါတယ်။

          ကံကောင်းစေတဲ့ ဂဏန်းနဲ့ အဆောင်

အခုလာမယ့် ဒီနဂါးနှစ်မှာ ကံကောင်းစေတဲ့ ဂဏန်းတွေကတော့ (၁) နဲ့ (၇) ဖြစ်ပြီး ကံကောင်းစေတဲ့ ဖုန်းရွှေအဆောင်ပစ္စည်းများကတော့ ရွှေနဂါးရုပ်ထုပဲဖြစ်တယ်လို့ ဆိုပါတယ်။

မိုးသား