【 ဆောင်းပါး 】 ‘သောက….နွေ’

【 ဆောင်းပါး 】 ‘သောက….နွေ’

ဒီရက်ပိုင်း ညဘက် အိပ်မရတာတွေ များနေပြီ။လဘက်ရည်ဆိုင် သွားပြန်တော့လည်း စိတ်က နွမ်းယိ။မြို့ထဲသို့ သွားပြန်တော့လည်း ကားပေါ်မှာ လူတွေက အသူရကာယ်ဘုံမှ လူတွေလို မျက်နှာသေတွေနှင့်။စိတ်ကတခြား လူကတခြား။ကျနော်လည်း သူများသာပြောနေသည်။ကိုယ်တိုင်လည်း ထိုသူတွေလို။ရင်ထဲမှာ အပူတွေက အများသား။

ဘမှာနေခဲ့ရသော နှစ်များအတွင်း ကြုံလိုက်ရသည့် အပူတွေ။ ဒီတစ်ခါ အပူက အပူတကာ အပူဆုံးလို့ ပြောရမည်လား။ဟိုတုန်းက ကိုယ့်မှာ အပူဆိုပေမယ့် တခြားသူတွေမှာ အပူရှိချင်မှ ရှိတတ်တော့ စိတ်က ကိုယ်တစ်ယောက်တည်းအတွက်သာ ပူပန်ရသည်။ယခုတော့ အားလုံးဆိုတော့ ကိုယ်လည်းပူ၊ သူလည်းပူကာ မြင်သမျှ အပူသည်ကြီးများသာ။ပြီးတော့ ရာသီကလည်း တပေါင်းလဆန်းပိုင်းဆိုတော့ အပြင်လေကလည်း ပူစပြု။ဒီတော့ အပူပင်လယ်ပြင်ကြီးကိုဖြစ်လို့။

အပူပင်လယ်ဆိုလို ငယ်စဉ်က အဖွားပြောလေ့ပြောထရှိသည့် အညာမှ သဲချောင်းရှိရာ မြင်ကွင်းမျိုး ပူလွန်းသဖြင့် တံလျှပ်ထကာ ခိုစရာနားစရာမရှိသည့်အဖြစ်မျိုး။ဒီလိုမျိုး အခုအချိန်ကာလကို ကျနော်မြင်သည်။အဖွားကတော့ တံလျှပ်ထရာ သဲချောင်းသောင်ပြင်ကို ဖြစ်သည့်အခါ ဖြစ်ပုံကို ပြောသည့်အခါ မြင်သာအောင် “ငါတို့ငယ်ငယ် ရေသွားခတ်ရင် ချောင်းတစ်ခုလုံး သဲလွင်ပြင် အပင်က တစ်ပင်စနှစ်ပင်စတောင်မရှိ၊ ဘယ်နေရာကြည့်ကြည့် အပူငွေ့ချည်းပဲ၊ ဒီသဲချောင်းထဲမှာမှ တစ်ညလုံး ရေစုတွင်းနဲ့ ရေစုရတာ။သွားစရာလာစရာရှိရင် သဲချောင်းကိုဖြတ်မှ မြို့ကိုသွားလို့ရတာ။ကစားမက်တဲ့အရွယ်မှာတောင် သဲကပူတာ၊ ပြောမနေနဲ့။ခြေတောင်မချနိုင်ဘူး။ရေရှား၊ ငွေရှားတဲ့အရပ်၊ နေဖို့တောင်မကောင်းတဲ့ အရပ်” ဟု  အဖွားက သူ့ငယ်ငယ်က နေခဲ့တဲ့ ဇာတိအကြောင်းကို အကြောင်းဆုံတိုင်း တဖွဖွပြောလေ့ရှိသည်။

ယခုလည်း ကျနော်တို့ဘေးမှာ အပူတွေ၊ အပူတွေ၊ တထောင်းထောင်းထကာ ကိုယ့်ဆီက အပူငွေ့က သူများဆီကိုရိုက်၊ သူများဆီက အပူငွေ့က ကိုယ်ဆီကိုရိုက်နှင့်။မြင်သမျှ အပူသည်တွေချည်း။

ဒီရက်ပိုင်း ကလေးတွေ အတန်းစာမေးပွဲနီးပြီဆိုတော့ ကျနော်အလုပ်များသလို အိမ်မှာလည်း အနီးနားက ဆွေမကင်းမျိုးမကင်းတွေကို စာခေါ်သင်တော့ ညဘက်ဆို အိမ်မှာ လူစည်သည်။သင်ရသည်မှာ အတန်းငယ်တွေနှင့်ဆိုတော့ ကျနော်စာသင်နေချိန် ကလေးမိဘတွေကကြိုဖို့ ကြိုပြီး လာကြကာ ကျနော့်အမေ၊ ကျနော့်အမျိုးသမီးနှင့် စကားပြောကြသည်။ခေတ်ကမကောင်းတော့ ကလေးတွေကို လူကြီးလာမကြိုပါက ကျနော်ကိုယ်တိုင် တစ်အိမ်ချင်း လိုက်ပို့ရသည်။ဒီတော့ ယခင်လို ကျနော့်အိမ်မှာ ရပ်ကွက်နှင့် သိပ်ကင်းကင်းကွာကွာ မဟုတ်တော့သလို သူတို့ကြုံနေရ ရင်ဆိုင်နေရသည့် အခက်အခဲများသည်လည်း ညဘက် ကျနော့်မိသားစု စကားဝိုင်းထဲ စိမ့်ဝင်လာနေပြီ။ရပ်ကွက်မှာ ပူစရာပန်စရာ အကြောင်းရှိပြီဆို ကျနော့်အိမ်မှာလည်း ထိုအကြောင်းက ပြောစရာတစ်ခုအဖြစ် အိမ်ရှိလူတွေကိုပါ အပူဟပ်သည်။

ဒီရက်ပိုင်းမှာ အပူကများသလို နိုင်သလောက် လုပ်ပေးရတာကလည်း များသည်။အိမ်ရောင်းချင်သူတွေ၊ နိုင်ငံခြားအလုပ်ထွက်လုပ်လိုသူတွေ။နိုင်ငံခြားထွက်လုပ်လိုသူက ယခင်ကတည်းက များနေတာဖြစ်ပြီး ယခင်စာသင်ခဲ့ဖူးသည့် တပည့်မတစ်ယောက်က နိုင်ငံခြားအလုပ်ပို့သည့် အလုပ် လုပ်နေတော့ ထိုတပည့်မနှင့် သွားလိုသူများကို လိပ်စာပေးသည်။ထိုတပည့်မကိုလည်း အသေအချာမှာရသည်။အမှားအယွင်းမရှိစေရန်ဖြစ်သည်။ဖြစ်လာပါက သမီးလည်းမကောင်း၊ ဆရာလည်းမကောင်းဖြစ်မည်ဟု။

ဒီတော့ ထိုတပည့်မကို အကြောင်းပြုပြီး အမျိုးနဲ့ အသိထဲက ကလေးတွေ လေးငါးဆယ်ယောက်လောက် မလေးရှားကို ထွက်ဖြစ်သွားသည်။တချို့ကတော့ အဆင်မပြေ။ယခုထိ ပတ်စပို့မရသေးတာနှင့် အိမ်မရောင်းရသေးတာနှင့်။ဒီတော့ အိမ်ရောင်းဝယ်ရေးလုပ်တဲ့သူ၊ တိုက်ခန်းရောင်းဝယ်ရေးလုပ်တဲ့ အသိတွေနှင့် ချိတ်ဆက်ပေးရသည်။အခုချိန်မှာ အားလုံးက ရှိတာ ရောင်းချနေကြသည့်အချိန်ဆိုတော့ စျေးကွက်မှာ အရောင်းပြုံကာ အဝယ်မဖြစ်တာကများသည်။စာသင်ဖို့သွားရသည့် မြို့သစ်တွေဆိုလည်း ဒီလို ကျနော်နိုင်ရာ ကိုယ်တတ်နိုင်သလောက် နှုတ်၏စောင်မခြင်းလုပ်သဖြင့် ကျနော်လာပြီဆိုသည်နှင့် ထိုအနားတစ်ဝိုက်က ရောင်းချင်သူတွေက လာကြရောင်းဖို့ သွားဖို့ရှိတာတွေ ပြောကြ အကူညီတောင်းကြနှင့်။ကျနော်ကလည်း နိုင်သလောက် ကူညီပေးဆိုတော့ ကျနော့်ကို အပူကပ်တာကနေ သူတို့ဘဝအပူတွေပါ ကျနော့်ဆီ ကူးကုန်တော့သည်။

ဒီရက်ပိုင်း ထိုအဖြစ်က ရုတ်တရက်ဆောင့်တိုးလာသဖြင့် စာသင်ရသည်မရှိ။စာသင်သည့် အိမ်တွေလည်း ဒီအပူတွေဖြင့် တမှိုင်မှိုင်။ကျနော်လည်း ဒီအပူကို မတတ်နိုင်။ကျနော်ကိုယ်တိုင်လည်း ဒီအပူ။ကျနော်လည်း ဘယ်လိုလုပ်ရမှန်းလည်းမသိ။ကိုယ့်ဆီမှာက ဝမ်းကွဲ တူ၊ တူမတွေက အပြိုင်းအရိုင်းဆိုတော့ အကုန်နိုင်ငံခြားပို့ပြီး အလုပ်-လုပ်ခိုင်းဖို့ဆိုတာ ရှိသမျှ အကုန်ရောင်းပြီး လမ်းဘေးနေမယ်ဆိုရင် မပို့နိုင်။ဒီတော့ ‘ဖြစ်သမျှအကြောင်း အကောင်း’ လို့  ကံကို ပုံချပြီး စိတ်ကိုဖြတ်ချရသည်။အသက် ၉၀ အရွယ် အမေကတော့ ဒီအရွယ်ရောက်မှ သူ့မြေးတွေအတွက် အပူဖြင့် ညညဆို မအိပ်။တချိုးချိုး တချွတ်ချွတ်ဖြင့်။

ဒီကြားထဲ စာသင်ဖို့လာသည့် ကလေးတွေမိဘတွေကလည်း အိမ်ရောက်ရင် သူတို့အပူကိုဖွင့်၊ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးတွေ တွေးကြ၊ ကြံစည် တိုင်ပင်ကြ။ဒီလိုနှင့် ညဘက်ဆို အမေလည်း ဘုရားဖြောင့်ဖြောင့် မရှိခိုးနိုင်။ပုတီးမစိပ်နိုင်။တရားလည်းမထိုင်နိုင်။ဒီထပ်တိုးလာသည်က မြေးတွေ အိမ်မှာ အလုပ်ကနေ ပြန်ရောက်၊ မရောက် အိမ်တွေဆီ ဖုန်းလှမ်းဆက်ခိုင်းခြင်းပင်။

ကျနော်ကတော့ အမေတို့ဖြစ်နေပုံ၊ တပည့်တွေရဲ့ မိဘတွေ ဖြစ်နေပုံကိုကြည့်ကာ အဖွားပြောခဲ့သည့် တံလျှပ်ထနေသည့် နေပူပူ လွင်ပြင်ကျယ်ကိုသာ မျက်စိထဲ ပြေးပြေးမြင်နေတော့သည်။တကယ်လည်း အဖွားပြောခဲ့သလို မဆုံးနိုင်သည့် အပူပြင်ထဲ ကျနော်တို့ဖြတ်နေရပြီ။စီးပွားရေး၊ နေရေးထိုင်ရေးနှင့် သားရေးသမီးရေးတွေ။နောက် ဘယ်လို ဒီလိုကာလမှ ချစ်ရသူတွေနှင့် မဆုံးရှုံးဘဲ ဘယ်လိုဆက်အသက်ရှင်သန်အောင် နေထိုင်ကြမလဲဆိုသော သောကအပူတွေ။

နွေရာသီမှာ အပင်ရိပ်မရှိသော လွင်ပြင်တွေကို အပူအပင်မရှိဘဲ ဖြတ်ခဲ့သည့်အခါတောင် ခြေချမရအောင် အပူကြောင့် ခုန်ဆွနေရသည်။ဒီလိုအပူမျိုးမှာ လူတိုင်းရင်ထဲ နောက်ထပ် သောကရှိနေသည့်အခါ အပြင်ပူ၊ အတွင်းပူ၊ အောက်ပူ၊ အပေါ်ပူဖြင့် … ဒီနွေသည် သောကနွေဟုဆိုရမလို ပူလွန်းမက ပူလှသည့် အချိန်ပါလားဟု ကျနော်တွေးနေမိလေတော့သည်။

မောင်ဦးလွင်