【 ဆောင်းပါး 】 “စာမရေးသော အယ်ဒီတာ”

【 ဆောင်းပါး 】 “စာမရေးသော အယ်ဒီတာ”

စာမရေးသော မဂ္ဂဇင်းမှာ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ အက်ဆေး မရေးသော အယ်ဒီတာ (စစ်စစ်) ကို စဉ်းစားရသည်မှာ အတော်မလွယ်သော ကိစ္စကြီးဖြစ်ကြောင်း ယခုမှပင် သိရှိရတော့သည်။

ကျနော်က စာပေနယ်ထဲသို့ ဝတ္ထုတိုဖြင့် ခြေချသည်။ကိုယ်တိုင်ပဲ လေ့လာရသည်၊ ရေးရင်းကျင့်ရင်း လက်တွေ့သင်ရသည်၊ အယ်ဒီတာပညာကတော့ ကိုယ်တစ်ယောက်တည်း လေ့လာ၍ ရကောင်းသည်မဟုတ်၊ စာတွေ့အနေနဲ့က နည်းနည်းပဲရနိုင်သည်။လက်တွေ့တတ်မြောက်ဖို့ဆိုသည်မှာ ကိုယ်ဝင်လုပ်မှပဲရနိုင်သည်။

မဂ္ဂဇင်းစာစောင်တစ်ခု လုပ်ရန်ရှိနေသည်။ဘယ်သူလုပ်တတ်သလဲ။လုပ်တတ်ပါသည်ဆိုသူတွေ များစွာရှိသည်။ပေါ်ထွက်လာသည်။အရင်ဆုံး ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး တောင်းမည်၊ မြို့နယ်မဂ္ဂဇင်း၊ ကျောင်းမဂ္ဂဇင်း၊ ဌာနဆိုင်ရာမဂ္ဂဇင်း စာမူစုကြ၊ ဒမ်မီ (Dummy) နည်းနည်း နားလည်သူက ပုံစံချသည်။ဆိုင်ရာမဂ္ဂဇင်း ဘယ်သူပဲလုပ်လုပ် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး မပါ၍တော့ မရ။၎င်းပုံသေနည်းအတိုင်းသွားလျှင် မဂ္ဂဇင်းတစ်စောင်ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်သာလွဲလိမ့်မည်။သို့သော် ထိုမဂ္ဂဇင်းများက မေ့လောက်မှ တစ်ခါထွက်လာတတ်သည်။ကျိန်းသေဖြစ်ပါသည်။

“လက်တွေ့” ဆိုသည်ကို ကိုယ်တွေ့ကြုံတွေ့ရသော အဖြစ်အပျက်၊ စမ်းသပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံဟု အဘိဓာန်က အနက်ပေးပါသည်။သို့သော် ၎င်းတို့မှာ ပရော်ဖက်ရှင်နယ်မဟုတ်။အခြားမပြောနှင့် ပရုဖတ်ရသည်မှာပင် မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရသည်က တာဝန်ကြီးသည်။စာတစ်လုံး စာတစ်ကြောင်း ကျန်ရစ်သည်မှ စာတစ်ပိုဒ်လုံး၊ စာတစ်ခန်းလုံး ကျန်ရစ်သည်များရှိတတ်သဖြင့် စနစ်ကျကျ ဖတ်ဖို့လိုသည်။

(ဦး) သိန်းဖေမြင့်လို နိုင်ငံရေးအရ ထိပ်တန်းစာရေးဆရာမှာ ဒါမျိုးမှားလို့မရ။တခြားသူဆို ခွင့်လွှတ်နိုင်သည်ထား သိန်းဖေမြင့်လို ပဂေးကြီးကို ဘယ်သူမှခွင့်လွှတ်မည်မဟုတ်။

အင်ဒီရာဂန္ဓီမှာ ကွန်မြူနစ်မဟုတ်ဟူ၍ ရေးလိုက်လျှင် မည်သို့ဖြစ်မည်နည်း။ဟိုဘက်က ဆိုရှယ်လစ်ပါဟု အပျော့ပျောင်းဆုံး ပြောကောင်းပြောမည်။ဒါ သိန်းဖေမြင့်က တမင်သိက္ခာချတာ ဘာညာတွေ ဖြစ်မလာဟု မပြောနိုင်။ပရုဖတ်သူ မှားတာပါဟုပြောလျှင် ယုံကြမည် မထင်။

ဤသည်မှာ အသေးအဖွဲထဲထားလျှင်ပင် အရေးကြီးသည်များ တစ်ပုံတပင်ကျန်သေးသည်၊ ပရုဖတ်သည်မှာ စာရေးသူအလုပ်လား အယ်ဒီတာအလုပ်လား။ဒါက အယ်ဒီအလုပ်ဟု စာရေးဆရာရော စာဖတ်သူများပါ ပြောကြလိမ့်မည်။အဆဲခံရလိမ့်မည်၊ အယ်ဒီတာက (ဘေးကင်းရန်ကင်း ကိုယ့်ပေါင်ကိုလှန်ထောင်း) စာရေးသူ ကဗျာရေးသူပါ ဖြစ်ခဲ့လျှင်လည်း (သူ့ကဗျာ သူ့ဝတ္ထုဆို ဒီလိုလုပ်ပါ့မလား) သိလျက်သားနှင့် တမင်လုပ်တာဟုပင် ထင်မြင်ကောင်း ထင်မြင်နိုင်သည်။တစ်ဆိတ်က တစ်အိတ်ဖြစ်သွားနိုင်သည်။

အဲဒါကို ခနဘေးချိတ်၊ အထက်ကပြောကြသော ဌာနဆိုင်ရာ ဒေသဆိုင်ရာမဂ္ဂဇင်းများမှာ ကြိုတင်ကြေငြာ၍ ကြော်ငြာခများ တောင်းလေ့ရှိသည်။မနိုင်ရင်ကာ လည်ပင်းညှစ်လို့လည်းရသည်၊ နဂိုရည်ရွယ်ကတည်းက ရန်ပုံငွေအခံရှိထား၍ လုပ်သာကိုင်သာရှိသည်။လက်တွေ့ ပရော်ဖက်ရှင်လုပ်ရသောအခါ အယ်ဒီတာချုပ်ပညာက အခရာဖြစ်လာသည်။ဘယ်ဌာနကမှ စာအုပ် (၁၀ အုပ်) လာမဝယ်ပါ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး ပါ၍လည်း လာမဝယ်။ဘာလို့ကောင်းတာလဲ ဘာတွေကောင်းတာလဲ အတော်ဆန်းစစ်ပြီးမှ ဝယ်ကြသည်ချည်းဖြစ်သည်။ဘယ်သူမှ မျက်စိမှိတ် မဝယ်ကြ။မထွက်ခင်ကတည်းက အရင်းအနှီးအင်အား၊ အယ်ဒီတာအင်အား အသိုင်းအဝိုင်းအင်အားကြောင့် အသံထွက်ခဲ့သော မဂ္ဂဇင်းမှာ ပေဖူးလွှာမဂ္ဂဇင်းဖြစ်သည်။အားလုံး အားလုံး ထိပ်တန်းစာရေးဆရာ များသာသုံးသည်။ကြောက်စရာကောင်းလောက်သော အရှိန်အဝါကလည်းရှိသည်၊ အယ်ဒီတာချုပ် ဆရာ မြလှိုင်မှာ ရဲဘော်သုံးကျိပ် ဗိုလ်လက်ျာ၏ ညီဖြစ်သည်။ပတ်သက်သော ဆက်နွယ်သော ဌာနဆိုင်ရာတွေပင် ရှိန်ကြသည်။ စမူဆာအောင်ကြီး ဆောင်းပါးတွေ ဝင်ရေး၍ လူစုသောကာလလည်းဖြစ်သည်။

နောက်ပိုင်းတွင် အတော်ဆုံး ဂျာနယ်လစ်ဖြစ်လာခဲ့သော (ဦး) ဝင်းငြိမ်း အင်တာဗျူးဆရာအဖြစ် ပေါ်ထွက်လာခဲ့ နာမည်ရလာခဲ့သော ကာလဟုလည်း ပြောနိုင်သည်။အထက်ကပြောခဲ့သော စာရေးဆရာမဟုတ်ဘဲ အယ်ဒီတာအလုပ်ကိုသာ လုပ်သောသူတစ်ယောက်အဖြစ် (ဦး) ဝင်းငြိမ်းကို သတ်မှတ်ထားလိုက်သည်။ပြောစရာတော့ရှိပေမည်။ဦးဝင်းငြိမ်း ဘာစာမှ မရေးသူတော့မဟုတ်။ဂျာနယ်လစ်နှင့် သက်ဆိုင်သော အကြောင်းအရာကိုတော့ သူရေးသည်မှာ မှန်သည်။ပေဖူးလွှာတုန်းက အင်တာဗျူးကဏ္ဍတွင် (ဦး) ဝင်းငြိမ်းမှာ အတော်ကြီး နာမည်ရခဲ့သည်။အယ်ဒီတာပညာကိုလည်း ပေဖူးလွှာမှာ ရခဲ့သည် ထင်သည်။ဦးဝင်းငြိမ်းကိုယ်တိုင် အယ်ဒီတာလုပ်ခဲ့သော “ရွှေအမြုတေမဂ္ဂဇင်း” မှာ ၂၀၀၅ ကျော်ကာလများတွင် ဦးဝင်းငြိမ်း ၆၀ ပြည့်မွေးနေ့ အထိမ်းအမှတ်မဂ္ဂဇင်းကဏ္ဍမှ စာမူရှင်စာရေးဆရာများ ရွေး၍ ဆုပေးသော ပွဲဖြစ်သည်။အကောင်းဆုံး (ဦးဝင်းငြိမ်း အကြိုက်ဆုံး) များ ရွေးချယ်ဆုပေးပွဲဖြစ်လာတော့ မဂ္ဂဇင်းလည်း ပိုမိုအောင်မြင်လာသည်။ တစ်ပြိုင်နက်မှာ အလင်းတန်းဂျာနယ်သည်လည်း အောင်မြင်မှုရလာသည်။

သတိထားမိတာတွေရှိသည်။မြန်မာစာပေ၏ တိုးတက်ဖွံ့ဖြိုးမှုမှာ မဂ္ဂဇင်းများ၏ အခန်းကဏ္ဍက အတော်ပင်ကြီးမားသည်။နိုင်ငံအနေနှင့်ကတော့ ၆၂ ခုနှစ်ကျော်ကာလများ မတည်မငြိမ်၊ မတည်မငြိမ်ဖြစ်တိုင်းလည်း စာပေယဉ်ကျေးမှုကို အနည်းနှင့် အများ ထိခိုက်သည်ချည်းဖြစ်သည်။ ၇၄ ကာလ၏ ဒီဘက်၊ ၈၈ ကာလ၏ ဒီဘက်၊ အကြိမ်ကလည်းမနည်း။စာပေနှင့် ယဉ်ကျေးမှုသည် နောက်ဆုတ်သွားသည်။ရပ်တန့်သွားသည်။တက်ခွင့်လေးရ အသက်ရှူခွင့်လေးရပြန်တော့ စမ်းတဝါးဝါးနှင် တဖြည်းဖြည်းချင်းသာ။တက္ကသိုလ်ပရဝုဏ်အတွင်းမှ စာပေလောကသည်လည်း ပြင်ပစာပေလောကနှင့် မခြားနားလှ။သူလည်း နောက်ဆုတ်သွားခြင်း ရပ်တန့်သွားခြင်းတို့ကို အတူတူပဲ ခံစားခဲ့ရသည်။နိုင်ငံရေးအလျဉ်ကို ကျော်၍လည်းမရ ချန်၍လည်းမရ။ တချို့သောနေရာများတွင် တက္ကသိုလ်စာပေလောကနှင့် ပြင်ပစာလောက အဟပ်ကွာသွားတာတွေမှာ တက္ကသိုလ်မှ စာပေအနုပညာရှင်လည်းရှိ၍ ပြင်ပစာပေလောကမှ ထွက်ပေါ်လာသော စာပေ၊ ကဗျာ အနုပညာရှင်လည်းရှိသည်။

ထိုနှစ်ခုနှစ်နေရာမှာ အကြမ်းအားဖြင့် လေ့လာရေး နောက်ကျတတ်သော ပြင်ပကမ္ဘာနှင့် လူထုနှင့် ကင်းကွာတတ်သော တက္ကသိုလ်အဝန်းအဝိုင်းတို့ အမှီသဟဲပြုနိုင်ကြလျှင် ပို၍အလျှင်အမြန်တိုးတက်သွားနိုင်သည်။

ယခုတော့ ကျနော်တို့သည် သွားနေကြသည်။တကယ်ရောက်သင့်သလောက်ရော ရောက်ကြရဲ့လား။မေးစရာတွေက တစ်ပုံတပင်။ဘယ်သူဖြေမည်နည်း။

မည်သို့ဖြစ်စေ ပြင်ပကမ္ဘာမှ အသစ်အသစ်သော ဖန်တီးရေးဖွဲ့မှုတွေ လိုသည်။တက္ကသိုလ်ပရဝုဏ်အတွင်းမှ ထွက်လာသော အနုပညာများ စာတမ်းဖတ်ပွဲများအသံများ ကြားချင်နေမိသည်။

လင်းထင်