【 ဆောင်းပါး 】 “အယ်ဒီတာနှင့် စာရေးဆရာ”

【 ဆောင်းပါး 】 “အယ်ဒီတာနှင့် စာရေးဆရာ”

ဆရာနတ်နွယ်က (၁၉၈၈) ခုနှစ်ထုတ် ချယ်ရီမဂ္ဂဇင်းတွင် “စာရေးဆရာအတော်များများသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် အယ်ဒီတာများဖြစ်ကြပြီး အယ်ဒီတာတော်တော်များများသည်လည်း အနည်းနှင့် အများဆိုသလို စာရေးသူများဖြစ်ကြသည်။အမှန်တော့ စာရေးဆရာအလုပ်နှင့် အယ်ဒီတာအလုပ်သည် တခြားစီဖြစ်ကြသည်။ရံဖန်ရံခါတွင် ဆန့်ကျင်ဘက်များပင်ဖြစ်ကြသည်၊ စာရေးဆရာတစ်ယောက်သည် အယ်ဒီတာဖြစ်ရန် မလိုသလို အယ်ဒီတာတစ်ယောက်သည်လည်း စာရေးဆရာဖြစ်ရန် မလိုချေ။အယ်ဒီတာတစ်ယောက် စာရေးသည့်အတွက် သူ့အလုပ်ကို ဘာမျှမထိခိုက်သော်လည်း စာရေးဆရာတစ်ယောက် အယ်ဒီတာလုပ်သည့်အတွက်ကား သူ့အလုပ်ကို အများကြီးထိခိုက်နိုင်ပါသည်” ဟု ဆိုပါသည်။

စာရေးဆရာတစ်ယောက်သည် အလိုအလျောက်ပင် လွတ်လပ်လိုသော သဘောရှိသည်။ယုတ်စွ အပြာစာ အဝါစာအမျိုးအစားပဲရေးရေး ဘယ်သူ့မှမပြလျှင် ရိုက်နှိပ်ထုတ်ဝေခြင်းမပြုလျှင် ဘာပြဿနာမှမရှိ။အယ်ဒီတာကျတော့ တည်းဖြတ်ရပြီဆိုကတည်းက ဘယ်လိုအစိုးရလဲ၊ ဘယ်လိုမူဝါဒရှိသလဲ၊ စာပေစိစစ်ရေးလွတ်နိုင်သလား၊ မလွတ်နိုင်ဘူးလားဆိုတာကို မင်နီတံကိုင်ကတည်းက ပြဿနာကစတော့သည်။တစ်ဦးချင်းအနေဖြင် ပြဿနာမရှိသော်လည်း တစ်ပြိုင်တည်းမှာ စီစစ်သူရော စာဖတ်သူပါ ချပြရမည့် ပြဿနာက အတော်ကြီးပါသည်၊ ထုတ်ဝေသူ (ဝါ) အယ်ဒီတာချုပ် (ထုတ်ဝေသူပိုင်ရှင်လည်း ဖြစ်နိုင်သည်) က အလုပ်တွေလည်းမရှုပ်ချင် အချိန်ဆုံးရှုံး ငွေဆုံးရှုံးလည်းမဖြစ်ချင်၊ ဒါလည်း သာဓကတွေများစွာရှိသည်၊ ရိုက်နှိပ်ပြီးခါမှ ငွေမင်သုတ်ပြီး ဖျက်ခိုင်းလျှင် အလွန်ဒုက္ခရောက်ကြရသည်၊ စာမျက်နှာကို ဆွဲဆုတ်ရသည်က ပို၍ဆိုး၏။ဘာမှ မဆိုင်သော ကျောကပ်တစ်မျက်နှာပါ အလိုအလျောက် ပါသွားပါသည်။

ဤခေတ်ကာလ (နဝတ နအဖ ၈၈-၂၀၁၀) မှာ မလွတ်လပ်ခြင်းတွေ များပါသည်၊သို့သော် အယ်ဒီတာကတော့ စွန့်စားချင်ပါသည်၊ အယ်ဒီတာက ကဗျာတစ်ပုဒ်မှာ အလွန်ကောင်း အလွန်ကြိုက်စရာဖြစ်နေသည်၊ ဖြစ်နိုင်ခြေက ၅၀/၅၀ ဖြစ်နေသည်၊ ပိုင်ရှင်သဘောက မစွန့်စားချင်၊ ရုံးခေါ်ပြီး နောက်တစ်ကြိမ် ဒဏ်ရိုက်မည်ဖြစ်ကြောင်း - ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောတာလည်း မခံချင်၊ သဘောကတော့ ဝေးဝေးရှောင်ရန်ပင်ဖြစ်ပါသည်။

ပိုင်ရှင်မဟုတ်သော အယ်ဒီတာကတော့ စွန့်စားလိုက်ချင်သည်။ “ဘယ်မဂ္ဂဇင်းက ဘယ်ကဗျာလေး ဘယ်ဝတ္ထုလေးဖတ်ကြည့်စမ်း သိပ်ကောင်းတာပဲ” ဆိုတာလေးကို အလွန်မက်မောသည်။လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာကို ဂုဏ်ယူချင်သည်။

သာဓကအနေဖြင့်ပြောရလျှင် ၁၉၇၀-၈၀ ကာလက “မိုးဝေမဂ္ဂဇင်း” ကို ပြောချင်၏။ကဗျာများမှာ အဓိကဖြစ်လို့နေသည်၊ ဝတ္ထုတို ဝတ္ထုရှည်တွေကိုလည်း လူတန်းစားအမြင်ဖြင့် ရေးကြ၏။ဆရာနတ်နွယ်က “မိုးဝေမဂ္ဂဇင်း” မဖြစ်ခင် “စုံထောက်မဂ္ဂဇင်း” ဘဝမှာကတည်းက နိုင်ငံရေးအမြင် လူတန်းစားအမြင်ဖြင့် တည်ဆောက်ခဲ့သည်။မော်ဒန်ကဗျာအနေဖြင့်ကြည့်လျှင်လည်း မိုးဝေမှာ အဓိကကျသည်။အယ်ဒီတာအစဉ်ဖြင့်ကြည့်သော် ဆရာနတ်နွယ်မှာ ဗိသုကာဖြစ်သည်။ဆရာမောင်သွေးသစ်၊ ဆရာသန်းအုန်း၊ အောင်မော်၊ ညိုသစ် (တစ်ထိုင်တည်း မှတ်မိသမျှပါ၊ တမင်ချန်ထားချင်းမပြုပါ) တစ်ဖန် အယ်ဒီတာအဖြစ် မဟုတ်သော်လည်း အဝန်းအဝိုင်းထဲ ထည့်ပြောလျှင်၊ မောင်သင်းခိုင်၊ မောင်ချောနွယ်၊ အောင်ခြိမ့်၊ မောင်လေးအောင်၊ ရွှေရတောင်ကုတ် (***) ကြယ်ပွင့်အများရှိပါသေးသည်။

ဆရာနတ်နွယ် ဦးဆောင်မှုအောက်တွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြသူများ ပါဝင်ရေးသားကြသည်များ အများပင်ရှိကြပါသည်၊

အခုမေးချင်စရာကောင်းတာက “အယ်ဒီတာဆိုတာဘာလဲ၊ သူကဘာလုပ်သလဲ၊” သူက သင်္ဘောပဲ့ကိုင်သဖွယ် သူ့မဂ္ဂဇင်းရဲ့ မူဝါဒကို ထိန်းကျောင်းမောင်းနှင်သူဖြစ်ပါသည်။

မူဝါဒမှာ “စာပေကိုသာ အဓိကဖော်ပြမည်” ဟု ဆိုလိုက်လျှင် နိုင်ငံရေးရှိသော စာရေးဆရာများဖြစ်သည့် ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ လူထုဒေါ်အမာ အစရှိသူတို့ကို လက်မခံဟု ဆိုလိုရာရောက်ပါသည်။မိုးဝေမဂ္ဂဇင်းက “နိုင်ငံရေးအခြေခံ လူတန်းစားရေး” ကဲ့သော မူဝါဒရှိပါသည်။မိုးဝေက ဘယ်ကဗျာလေး၊ ဘယ်ဝတ္ထုလေးဖတ်ကြည့်စမ်း ဘယ်လိုကောင်းတာဟူသော အသံကို သူ့ဘဝအတွက် သူ့ဖြတ်သန်းမှုအတွက် အမြဲဂုဏ်ယူလိုသူဖြစ်ပါသည်။အဲသည် ဂုဏ်ပုဒ်လေးအတွက် ထမင်းဟင်းနှင့် လဲနိုင်သူ လစာငွေကြေးနှင့် လဲနိုင်သူဖြစ်ပါသည်။

အယ်ဒီတာက ရွေးချယ်တည်းဖြတ် သုတ်သင်ပြီး စင်တင်ပေးသောကြောင့် စာရေးဆရာ၏စာသည် တောက်ပြောင်လာနိုင်သည်၊ နိုင်ဝင်းဆွေ-မဟူရာမေတ္တာ၊ ငြိမ်းကျော်-ပဉ္စမမြောက်ဆောင်းရက်များ၊ မောင်တင်မြ-နက်ဖန်အထိဆက်နေပါ၊ ဂျူး-အမှတ်တရ --- စသဖြင့်၊ တချို့ ပြင်ဆင်ပေးစရာပင်မလိုအောင် ကောင်းသူလည်းပါသလို တချို့အကြောင်းအရာကောင်း အရေးအသားလည်းသင့် အပိုဆာဒါးတွေ ပွယောင်းယောင်းတွေကို သုတ်သင်ပြင်ဆင် တည်းဖြတ်စင်တင်လိုက်လျှင် အလားအလာရှိသူလည်း ပါဝင်နိုင်သည်။နောင်မှသိ၍ ကျေးဇူးတင်သူ ရှိချင်လည်းရှိမည်၊ မရှိရင်လည်းနေ၊ ဘာမှမဖြစ်။

ဥပမာပြလိုသူမှာ “မိုးဝေအယ်ဒီတာ ဆရာ ကိုသန်းအုန်း” ဖြစ်သည်။ သူသည် “အမေဆရာမ” ဟူသော ဝတ္ထုတိုကို ဖတ်မိ၏။တိုက်ကို စာမူရောက်တာလည်းကြာ ဘေးဖယ်ထားလိုက်လျှင်လည်း ဘာမှမဖြစ်၊ ပိုတာလေးဖယ် လိုတာလေးဖြည့် တည်းဖြတ်လိုက်လျှင် ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်သွားမည် - အလားအလာလည်းရှိမည်ဟု သူ့ဖြတ်သန်းမှုအရ သိနေသည်။တကယ်လည်း နောင်အခါတွင် သိက္ခာရှိ ကလောင်တစ်လက်ဖြစ်လာသည်။စစ်စစ်မှန်မှန် ဂုဏ်ယူထိုက်သော စာရေးဆရာဖြစ်လာ၏။အဲဒါ ဘယ်လောက်တန်ဖိုးကြီးမှန်း အလေးအနက်ရှိသော အယ်ဒီတာ စာရေးဆရာများ သိကြ၏။

တိုက်ဆိုင်တာလေး တစ်ခုရှိထား၍ ပြောချင်နေသည်၊ စာလား ဠဒလားလည်းမသိ၊ကိုယ့်စာက ဘယ်အခြေဆိုက်နေမှန်းလည်းမသိ။ကိုယ်မသိမှန်းကိုလည်း မသိ။မြှောက်ထိုးပင့်ကော်တွေသာများနေသလား မသိနိုင်။မကြာမီက ဆရာမလေးတစ်ဦးက လိုင်းပေါ်ကနေ ဝတ္ထုတိုပေါင်းချုပ်သုံးအုပ်ကို ကြော်ငြာရောင်းချနေသည်ကို တွေ့ရသဖြင့် စကားတောက်ကြည့်လိုက်သည်၊ စာအုပ်အဖုံးမှာ ဓာတ်ပုံလေးလည်းပါတာ တွေ့သည်။ အရွယ်က နှစ်ဆယ်ပတ်လည်၊ ဘယ်မဂ္ဂဇင်းတွေဖတ်လဲ၊ ဘယ်မှာရေးဖူးလဲဆိုတော့ကာ ဖက်ရှင်မဂ္ဂဇင်း ကြော်ငြာမဂ္ဂဇင်းတချို့ ရွတ်ပြသည်။ရှည်မှာစိုးလို့ ပါတာတွေအကုန်လုံး မပြောလိုတော့ပါဟု ဆိုသည်။

စာအုပ်ပြင်ဆင်မှုကပင် လက်ရှိ တန်းဝင်စာအုပ်နှင့်မတူ။ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ဂွတ်တယ်ထင်ရင် ဒူးသာဒူးဖြစ်မည် ထင်၏။အစစ်အမှန် ကလောင်တစ်လက်ဖြစ်ဖို့ရာ ခေတ်ပြိုင်သိက္ခာရှိ မဂ္ဂဇင်းတွေကို ဖြတ်သန်းဖို့လိုသည်ဟု ထင်ပါသည်။ကိုယ့်ဖာသာ ကိုယ်ရေး ပိုက်ဆံရှိတော့ စာအုပ်ထုတ်၊ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ရာ အဲသလောက်တော့မလွယ်။

တစ်ခါက ဆရာဇော်ဂျီ ရာပြည့်ပွဲအတွက် ဖျာပုံကို သုံးထပ်သင်္ဘောကြီးနဲ့ သွားကြရတော့ ညဘက် အပေါ်ဆုံးထပ် လေတဟူးဟူးမှာ ကဗျာရွတ်ကြ တရားဟောကြသည်။

တစ်ယောက်က “စာပေသမားတွေကြားမှာ နိုင်ငံရေးအကြောင်းပြောရင် သစ္စာဖောက်” ဟု ထကလော်သည်။ “သွားစမ်းကွာ မူးရင်သွားအိပ်ကွာ” အသံတွေ တစ်ပုံတပင်ထွက်လာသည်။ကုပ်ချောင်းကုပ်ချောင်း ပြန်ထိုင်သွားသည်။ လေထုဖိအားကြီးကို နားလည်ပုံမရ။

တစ်ဖန် ခေတ္တတည်းမည့် ဖျာပုံသာသနာ့ဓမ္မာရုံကိုအရောက် လွယ်အိတ်တွေချ နားမည်ကြံကာရှိသေး နှစ်ဆယ်ကျော်အရွယ် အသားညိုညို ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက် ဓမ္မာရုံသို့ရောက်လာသည်။ကျမ ကဗျာဆရာမ (#) ပါ၊ ရှင်တို့ မသိကြဘူးလား၊ အင်းလေ စာမဖတ်ကြဘူး ထင်ပါရဲ့တဲ့။ကျနော်တို့လည်း  အတန်းသင် ဆရာမတစ်ယောက် အတန်းထဲဝင်လာပြီး ငေါက်တာခံရသလို မျက်လုံးအဝိုင်းသားဖြစ်နေကြ၏။တစ်ယောက်က “ကလောင်နာမည် ဘယ်သူပါလိမ့်” ဆိုမှ သူ့ကလောင်နာမည် ပြောပါသည်။ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာမှာ သူ့ကဗျာ မကြာမကြာပါသည်ဟုပြော၍ သူ့ကိုမှ မသိရကောင်းလားပုံမျိုးဖြင့် ခြေဆောင့်ကာ ပြန်ထွက်သွားပါသည်။

ဪ …. နားရွက်ဆွဲ၊ ဗိုက်ခေါက်လိမ်မဆွဲသွားတာ တော်ပါသေးရဲ့….။

လင်းထင်