【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာကြီး၌ နွေဦးပွဲတော်၏ အရေးကြီးသော အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာကြီး၌ နွေဦးပွဲတော်၏ အရေးကြီးသော အခန်းကဏ္ဍ

တရုတ်နှင့် ကမ္ဘာအနှံ့၌ လမ်းများတွင် အနီရောင်နှင့် ရွှေရောင်တို့ဖြင့် ဖုံးလွှမ်းနေသည့် တရုတ်နှစ်သစ်ကူးရောက်လာချိန်တွင် သန်းပေါင်းများစွာသော တရုတ်ပြည်သူများသည် စုဝေးကာ နှစ်သစ်ကို ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။

နွေဦးပွဲတော်ဟု လူသိများသော တရုတ်နှစ်သစ်ကူးသည် တရုတ်၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပချိန်သက်သက်သာမဟုတ်ဘဲ စည်းလုံးညီညွှတ်ခြင်း၊ စုံလင်ကွဲပြားခြင်းနှင့် ယဉ်ကျေးမှုဟန်ချက်ညီခြင်းတို့ကို မီးမောင်းထိုးပြသည့် အချိန်အခါလည်းဖြစ်သည်။

နွေဦးပွဲတော်သည် မျှဝေသော အနာဂတ်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း ပေါ်ထွက်လာရေးအတွက် အရေးကြီးသော အုတ်မြစ်တစ်ခုဖြစ်ပြီး ပဋိပက္ခများနှင့် ကွဲပြားမှုများကြားတွင် စည်းလုံးညီညွှတ်ခြင်းကို ဖော်ဆောင်နေခြင်းဖြစ်သည်။

ကုလသမဂ္ဂသည် ၂၀၂၄ ခုနှစ်မှ စတင်ပြီး နွေဦးပွဲတော်အား အဖွဲ့၏ အစည်းအဝေးများဆိုင်ရာ ပိတ်ရက်တွင် ထည့်သွင်းဖော်ပြပြီဖြစ်သည်။ကုလသမဂ္ဂသည် ယဉ်ကျေးမှုများစွာနှင့် နိုင်ငံများစွာတွင် နွေဦးပွဲတော်၏ လွှမ်းမိုးမှုကို အသိအမှတ်ပြုရုံသာမက ယဉ်ကျေးမှုစုံလင်ကွဲပြားခြင်းနှင့် အားလုံးပါဝင်ခြင်း အခန်းကဏ္ဍတွင် အရေးပါပုံကိုလည်း လက်ခံအသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

တရုတ်ယဉ်ကျေးမှု သမိုင်းတစ်လျှောက်တွင် ဟန်ချက်ညီ စည်းလုံးခြင်းသည် ပင်မထောက်တိုင်အဖြစ် ရပ်တည်နေပြီး ရှေးယခင် ထုံးတမ်းစဉ်လာများတွင် အမြစ်တွယ်ထားသကဲ့သို့ များစွာသော တိုင်းရင်းသားအဖွဲ့များအကြားတွင် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးတို့ကို တွန်းအားပေးလျက်ရှိသည်။

တရုတ်၏ ပွဲတော်အမျိုးမျိုးသည် စုံလင်ကွဲပြားမှုများ ကြွယ်ဝခြင်းကို ပြသနေပြီး လူထုအားလုံးကို တစ်သွေးတစ်သားတည်းဖြစ်စေသည့် ညီညွတ်ခြင်းကိုလည်း ဖော်ပြလျက်ရှိသည်။

တရုတ်၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများသည် နယ်စပ်များကို ဖြတ်ကျော်ပြီး မတူညီသော ယဉ်ကျေးမှုမှ လူထုများသည်လည်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်နိုင်ကာ နိုင်ငံများသည် ငြိမ်းချမ်းစွာ အတူနေနိုင်ကြောင်း ဖော်ပြလျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုထွန်းကားခြင်း အစီအစဉ်ကဲ့သို့သော အစီအစဉ်များအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ခြင်းဖြင့် တရုတ်သည် အပြန်အလှန်ဆက်သွယ် ချစ်ကြည်ရေးဖြင့် အပြန်အလှန်အကျိုးရရေးကို ဦးစားပေးလျက်ရှိသည်။

ယဉ်ကျေးမှုများနှင့် ပွဲတော်များသည် မတူကွဲပြားမှုများနှင့် အတားအဆီးများကို ချိုးဖောက်ရာတွင် အင်အားကြီးသော တွန်းအားဖြစ်ပြီး လူမှုအသိုက်အဝန်း အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကိုလည်း အားပေးနိုင်သည်။ယဉ်ကျေးမှုများ မတူညီကွဲပြားမှုများကို နားလည်လက်ခံနိုင်ခြင်းသည် လူသားယဉ်ကျေးမှုများအကြား လေးစားမှုနှင့် အပြန်အလှန်နားလည်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

ပြီးခဲ့သော နှစ် ၂၀ အတွင်းတွင် ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်း မတူကွဲပြားချက်များသည် သွေးကွဲစေမည့် ကိစ္စရပ်များကို ဦးတည်စေခဲ့သည်ကို တွေ့ရသည်။လူ့အသိုက်အဝန်းများအကြား အယူအဆကွဲပြားလာခြင်းများသည် လက်နက်များဖြစ်လာပြီး ပဋိပက္ခများကို မီးလောင်ရာလေပင့်ဖြစ်စေကာ အမုန်းတရားများကို ပွားများစေသည်။

ကုလသမဂ္ဂ၏ အဆိုအရ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၏ ၈၉ ရာခိုင်နှုန်းမှာ ယဉ်ကျေးမှုဖလှယ်ရေး နည်းပါးသော နိုင်ငံများတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်၏ နဂါးနှစ်ဖြစ်သော ၂၀၂၄ ခုနှစ်သည် ခေတ်ဟောင်း ခေတ်သစ် ဆင်နွှဲပုံအားလုံးကို ကြိုဆိုပြီး မတူညီသော ယဉ်ကျေးမှုနှင့် နိုင်ငံများအကြား မျိုးစုံသော ဆင်နွှဲမှုများဖြင့် တံထားထိုးပေးနေသည်။လန်ဒန်မျက်လုံး၊ တိုကျိုတာဝါ၊ ဆစ်ဒနီအော်ပရာအဆောက်အအုံ စသည်ဖြင့် ကမ္ဘာတစ်ဝန်းမှ အထင်ကရ နေရာများစွာသည် အနီရောင်မီးများ ထွန်းခဲ့ပြီး ပွဲတော်တွင် ပါဝင်ခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းတွင် ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်သည် မျိုးစုံသော ယဉ်ကျေးမှုများကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲရှိစေပြီး ယဉ်ကျေးမှုများ အချင်းချင်းနားလည်လက်ခံခြင်းအတွက် အရေးပါသော အခိုက်အတန့်ကို ဖန်တီးပေးနိုင်ခြင်းဖြစ်သည်။နွေဦးပွဲတော်သည် ပွဲတော်မှတစ်ဆင့် နှလုံးသားများနှင့် စိတ်များကို မျှော်လင့်ချက်နှင့် ကောင်းမွန်မှုများ ဖြည့်ဆည်းပေးနိုင်သည့် အခွင့်အရေးတံခါးပေါက်ကို ဖွင့်ပေးလျက်ရှိသည်။

ယခုခေတ်တွင် ကမ္ဘာကြီး၌ ပို၍ရှုပ်ထွေးလာမှုများ များပြားလာပြီး ပထဝီနိုင်ငံရေးတင်းမာမှုများ၊ မဟာဗျူဟာကျ ပြိုင်ဆိုင်မှုများ၊ ပဋိပက္ခများနှင့် လူမျိုးရေးခွဲခြားသော ပြဿနာရပ်များအထိ ရှိနေပြီဖြစ်သောကြောင့် တရုတ်ယဉ်ကျေးမှု၏ ကြွယ်ဝသော ဉာဏ်ပညာကို အတုယူကာ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဟန်ချက်ညီခြင်း၊ ပွင့်လင်းခြင်းနှင့် အားလုံးပါဝင်ခြင်းတို့ကို လမ်းညွှန်မူဝါဒများအဖြစ် လိုက်ပါလုပ်ဆောင်သွားရမည်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | The significance of Spring Festival in an increasingly divisive world