【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်နှစ်သစ်ကူးပွဲများ (အပိုင်း ၂)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်နှစ်သစ်ကူးပွဲများ (အပိုင်း ၂)

ကမ္ဘာတစ်ဝန်းက တရုတ်နှစ်သစ်ကူးပွဲများ အကြောင်း ဖော်ပြရင်း အခုတော့ (အပိုင်း ၂) ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။
 
ဒီအချိန်မှာပဲ နှစ်သစ်ကူးရက်ကလည်း ပိုပြီးနီးလာတော့ ပွဲတော်ပြင်ဆင်မှုတွေနဲ့ ပွဲတော်အငွေ့အသက်ဟာဆိုရင် တရုတ်နွယ်ဖွားတွေရှိတဲ့နေရာတိုင်းနီးပါးမှာ ပျံ့လွင့်နေပြီပဲဖြစ်ပါတယ်။
 
ဒီတော့ နှစ်သစ်ကူးအငွေ့အသက်တွေ ပျံ့လွင့်နေတဲ့အချိန် ကမ္ဘာတစ်ဝန်းက တရုတ်နှစ်သစ်ကူးပွဲများအကြောင်း ဆက်ရရင် တရုတ်နှစ်သစ်ကူးပွဲကို အကြီးအကျယ်ကျင်းပတဲ့ နိုင်ငံထဲက အရှေ့အာရှနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကနေ စလိုက်ချင်ပါတယ်။
 
တရုတ်နွယ်ဖွားတွေ အများအပြားရှိတဲ့ စင်ကာပူမှာဆိုရင် ခရစ္စမတ်ထက် တရုတ်နှစ်သစ်ကူးက ပိုပြီးရေပန်းစားတယ်လို့ ဖော်ပြကြပါတယ်။
 
          (၃) စင်ကာပူ
 
စင်ကာပူ တရုတ်တန်းက နှစ်သစ်ကူးဆို အထူးစည်ကားလှပြီး ရောင်စုံမီးပုံးတွေ၊ အလှဆင်ပြင် ဆင်မှုအမျိုးမျိုးကို ရပ်ကွက်တိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ LED မီးလုံး ၈၀,၀၀၀ ကျော်နဲ့ ခရိုင်တစ်ခုလုံးကို လင်းထိန်အောင် တရုတ်နှစ်သစ်ကူး မီးထွန်းပွဲကိုလည်း ပြုလုပ်ကြပါတယ်။နောက်ပြီး စွဲမက်ဖွယ် အစားအစာတွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်ပါတယ်။
 
နောက်ထပ် စိတ်ဝင်စားစရာက နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Chingay ပွဲတော် ဖြစ်ပါတယ်။ဒီပွဲတော်မှာ ခမ်းနားတောက်ပတဲ့ အဝတ်အစားဆင်ယင်မှုတွေကို မြင်တွေ့ ရမှာဖြစ်သလို မတူညီတဲ့ တိုင်းရင်းသားအသိုက်အဝန်းတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလည်းရှိနေပါတယ်။ရိုးရာ ခြင်္သေ့ အက၊ နဂါးအကတွေအပြင် အခြားယဉ်ကျေးမှု ဖျော်ဖြေပွဲတွေလည်းရှိနေပါတယ်။
 
ဆက်လက်ဖော်ပြလိုတာကတော့ ဥရောပမှာ အကြီးမားဆုံး တရုတ်နှစ်သစ်ကူးပွဲဖြစ်တဲ့ လန်ဒန်က နှစ်သစ်ကူးပွဲဖြစ်ပါတယ်။
 
          (၄) အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့
 
တရုတ်နှစ်သစ်ကူးပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာတော့ တရုတ်တန်း၊ Trafalgar Square  နဲ့ West End တို့လိုနေရာတွေမှာ ပြုလုပ်ကြလေ့ရှိကြပါတယ်။
 
တရုတ်တန်းမှာဆိုရင် ဂီတနဲ့ ပြဇာတ်ရှိုးတွေ၊ အစားအသောက်ဆိုင်တွေ၊ တရုတ် ကာယဗလပြပွဲတွေ၊ လက်ရေးလှ ပြသမှုတွေနဲ့ အခြားဖျော်ဖြေတင်ဆက်တာတွေလည်း အများအပြားရှိပါတယ်။ Trafalgar Square မှာတော့ ပျော်ရွှင်ဖွယ်အခမ်းအနားကို ပုံမှန်အားဖြင့် စခရင်ရှိုးတစ် ခုကနေစတင်ပြီး ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနား၊ မီးရှူးမီးပန်းလွှင့်တင်မှု စတဲ့ အခမ်းအနားတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပြုလုပ်လေ့ရှိပါတယ်။ Trafalgar Square အနီးက National Gallery မှာလည်း မိသားစုလှုပ်ရှားမှုတွေကို ခံစားကြည့်ရှုနိုင်ပြီး West End မှာလည်း အက၊ ဂီတနဲ့ ဟာသအပါအဝင် ဖျော်ဖြေတင်ဆက်မှုများစွာရှိနေပါတယ်။
 
နောက်ထပ်ဖော်ပြပေးလိုတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေအများဆုံး မြို့ဖြစ်တဲ့ နယူးယောက်မြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲဖြစ်ပါတယ်။
 
          (၅) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့
 
အမေရိကန်ပြည်ထောင်စုမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို လူကြိုက်များပြီး ကျယ်ကျယ်ပြန့်ပြန့် တန်ဖိုးထားကြတယ်လို့ ဆိုပါတယ်။ဒီအထဲကမှ နယူးယောက်မြို့ကလည်း ရေပန်းအစားဆုံးထဲက တစ်နေရာဖြစ်ပါတယ်။ဒီမှာတော့ ကိုယ်ခံပညာပြပွဲ ဖျော်ဖြေတင်ဆက်သူတွေနဲ့အတူ Mott နဲ့ Canal Street ကနေ Grand Street တစ်လျှောက်ကို နဂါးအက ဖျော်ဖြေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင် ဂီတဖျော်ဖြေပွဲတွေ ကိုနားဆင်နိုင်သလို၊ ရိုးရာအကတွေနဲ့ လှည့်လည်ဖျော်ဖြေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
 
တစ်ခါ Sara D.  Roosevelt Park မှာဆိုရင်လည်း မီးရှူးမီးပန်း ၆၀၀,၀၀၀ ကို လွှင့်တင်အသုံးပြုလေ့ရှိလို့ စိတ်လှုပ်ရှားပျော်ရွှင်စရာ အခိုက်အတန့်တွေရှိနေပါတယ်။
 
နောက်ဆုံးဖော်ပြပေးလိုတာကတော့ သြစတြေးလျ (Australia) ရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ မြို့တော် ဆစ်ဒနီက နှစ်သစ်ကူးအကြောင်း ဖြစ်ပါတယ်။
 
          (၆) သြစတြေးလျနိုင်ငံ မြို့တော် ဆစ်ဒနီ
 
တရုတ်နှစ်သစ်ကူးပွဲ ကျင်းပတဲ့ နေရာတွေထဲ ဩစတြေးလျနိုင်ငံ မြို့တော် ဆစ်ဒနီကလည်း နာမည်ကြီးပါတယ်။ဒီမြို့မှာတော့ တရုတ်ကနေ တက္ကသိုလ်တက်ဖို့လာတဲ့ တရုတ် လူငယ်၊ လူရွယ်တွေ အများအပြားရှိနေတာကြောင့်လည်း နှစ်သစ်ကူး စည်ကားရတဲ့အချက်ထဲ ပါဝင်ပါတယ်။ဆစ်ဒနီမှာဆိုရင် လှည့်လည်ဖျော်ဖြေပွဲ ပုံစံမျိုးစုံကို တွေ့နိုင်မှာဖြစ်ပြီး ပါဝင်နေကျ ခြင်္သေ့အကတွေ၊ အနုပညာမြောက် ဖန်တီးပြသမှုတွေနဲ့ အရသာရှိတဲ့ အစားအသောက်အများအပြားကိုလည်း ခံစားထိတွေ့နိုင်ပါတယ်။
 
Haymarket ရဲ့ street festival က လူကြိုက်များသလို ဟေးလမ်း Hay Street ရဲ့ ပင်မစင်မြင့်ထက်မှာဆိုရင် အာရှအသိုင်းအဝန်းဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်နဲ့ ဂျပန်အသိုင်းအဝန်းရဲ့ ပါဝင်တင်ဆက်မှုတွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
 
ဒါ့အပြင် Darling ဆိပ်ကမ်းမှာ နဂါးလှေပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိတယ်ဆိုတာ တင်ပြရင်း ကမ္ဘာတစ်ဝန်းက  တရုတ်နှစ်သစ်ကူးပွဲများအကြောင်း ဖော်ပြမှုကို ဒီမှာပဲ အဆုံးသတ်လိုက်ချင်ပါတယ်။
 
မိုးသား