【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အကောင်းဆုံး ခရီးသွားရွာများရှိရာ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အကောင်းဆုံး ခရီးသွားရွာများရှိရာ

နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ဖို့ အပန်းဖြေခရီးတွေသွားတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ရွေးချယ်ကြတဲ့ပုံစံနဲ့ အကြောင်းပြချက်တွေက မတူညီကြပါဘူး။
 
ခရီးသွားရင်း အပန်းဖြေအနားယူဖို့အတွက် ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေ၊ အထင်ကရ မှတ်တမ်းမှတ်ရာတွေရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုနေရာတွေ၊ တောတောင်ရှုခင်းတွေပေါများတဲ့ နေရာတွေနဲ့ ကိုယ့်အတွက် အသစ်အဆန်းဖြစ်စေမယ့် နေရာဒေသမျိုးစုံကို ရွေးချယ်ပြီး ခရီးသွားကြတာဖြစ်ပါတယ်။
 
လူတချို့ကတော့ နေရာသစ်များကို စူးစမ်းလေ့လာဖို့အတွက် ခရီးသွားကြသလို မတူညီသော ယဉ်ကျေးမှုများကို တွေ့ကြုံခံစားကြပြီး စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းများဖြင့်လည်း ခရီးသွားမှုကို စတင်တတ်ကြပါတယ်။
 
မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ကျေးလက်ဒေသတွေဆိုတာကလည်း ခရီးသွားတွေ မျက်စိကျတဲ့ နေရာဒေသတွေ ဖြစ်လာပြန်ပါတယ်။
 
ဒါကြောင့်ပဲ ယူနက်စကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ “အကောင်းဆုံး ခရီးသွားကျေးရွာ” တွေကို ထည့်သွင်းရွေးချယ်လေ့ရှိပါတယ်။
 
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှာ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၅၆) နိုင်ငံ ရှိပါတယ်။ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ အခြေစိုက်ဖွဲ့စည်းထားပြီး နိုင်ငံတကာကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယား သတင်းအချက်အလက်တွေကို ကောက်ယူစာရင်းပြုစုခြင်းနှင့် နှိုင်းယှဉ် သုံးသပ်မှုပြုခြင်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
 
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အနေနဲ့ “အကောင်းဆုံး ခရီးသွားကျေးရွာများ” စာရင်းကို ၂၀၂၁ ခုနှစ်မှာ စတင်ရွေးချယ်ပေးခဲ့ပါတယ်။ 
၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ်အထိ သုံးကြိမ်မြောက်ရွေးချယ်ခဲ့တဲ့ ကျေးရွာများတွင် တရုတ်နိုင်ငံထဲက ကျေးရွာ ၈ ရွာအထိ ရွေးချယ်ခံထားရပြီး ထိပ်တန်းနိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။
 
၂၀၂၁ ခုနှစ်မှာ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ စုစုပေါင်းကျေးရွာ ၄၄ ရွာကို အကောင်းဆုံး ခရီးသွားကျေးရွာများအဖြစ် အသိအမှတ်ပြု ရွေးချယ်ခဲ့ရာတွင် တရုတ်နိုင်ငံက ကျေးရွာ ၂ ရွာ ပါဝင်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တွင်လည်း ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်သည့် “အကောင်းဆုံး ခရီးသွားကျေးရွာများ” စာရင်းတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ ကျေးရွာပေါင်း ၃၂ ရွာကို ရွေးချယ်ခဲ့ပြီး တရုတ်နိုင်ငံက ကျေးရွာ ၂ ရွာ ပါဝင်ခဲ့ပြန်ပါတယ်။
 
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ နှစ်ကြိမ်ထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံး ခရီးသွားကျေးရွာစာရင်းတွင် ၂၀၂၁ ခုနှစ်က ကျဲ့ကျန်ပြည်နယ် ယွီကျေးရွာနှင့် အန်းဟွေးပြည်နယ် ရှီးတိကျေးရွာတို့ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ကွမ်ရှီးဒါ့ ကျိုက်ကျေးရွာနှင့် ချုံချင့် ကျင်းကျူကျေးရွာတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
 
၂၀၂၃ ခုနှစ် ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ “အကောင်းဆုံး ခရီးသွားကျေးရွာများ” စာရင်းကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီမှာလည်း ကမ္ဘာတစ်ဝန်းရှိ ကျေးရွာပေါင်း ၅၄ ရွာကို ရွေးချယ်ခဲ့ပါတယ်။
 
အဲဒီစာရင်းမှာလည်း တရုတ်နိုင်ငံထဲက ကျေးရွာ ၄ ရွာအထိ ပါဝင်ခဲ့ပါတယ်။တရုတ်နိုင်ငံထဲက ကျန်းရှီးပြည်နယ်မှာရှိတဲ့ ဟွမ်လင်ကျေးရွာ၊ ကျဲ့ကျန်းပြည်နယ်မှာရှိတဲ့ ရှကျန်းကျေးရွာ၊ ကန်စုပြည်နယ်မှာရှိတဲ့ ဇားကာနကျေးရွာနှင့် ရှန်ရှီးပြည်နယ်မှာရှိတဲ့ ကျူးကျားဝမ်ကျေးရွာတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
 
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ ၂၀၂၃ခုနှစ်အတွက်ထုတ်ပြန်တဲ့ “အကောင်းဆုံး  ခရီးသွားကျေးရွာများ” စာရင်းတွင် တရုတ်၊ ဂျော်ဒန်၊ ချီလီ၊ ဂျပန်၊ စပိန်၊ ပီရူး၊ အီဂျစ်၊ အိန္ဒိယ၊ ကိုရီးယား၊ လက်ဘနွန်၊ ပေါ်တူဂီ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ အီရန်၊ အာဂျင်တီးနား၊ အီသီယိုးပီးယား၊ အီတလီ၊ ဆွစ်ဇာလန်၊ အင်ဒိုရာ၊အီကွေဒေါ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ဩစတြီးယား ၊ ဥဇဘက်ကစ္စတန်၊ တူရကီ၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ မော်လ်ဒိုဗာ၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေက ကျေးရွာတွေ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
 
အဆိုပါဂုဏ်ပြုဆုဟာ ကျေးလက်ဒေသများ ပြုစုပျိုးထောင်ရေးနှင့် သဘာဝအလှရှုခင်းများ၊ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အချက်အပြုတ်ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရာတွင် ဦးဆောင်နေသော ကျေးရွာများကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါတယ်။
 
လက်ရှိအချိန်အထိ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ သုံးကြိမ်ထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံး ခရီးသွားကျေးရွာစာရင်းတွင် တရုတ်နိုင်ငံမှ ကျေးရွာစုစုပေါင်း ၈ ရွာအထိ ပါဝင်နေတာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ခရီးသွား ကျေးရွာတွေ စုဝေးတည်ရှိနေတာဖြစ်ပါတယ်။
 
ခန့်မောင်