【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမြင့်ဆုံး ပေဖန်ကျန်းတံတား

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမြင့်ဆုံး ပေဖန်ကျန်းတံတား

တရုတ်နိုင်ငံထဲမှာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေဖို့အတွက် ဖောက်လုပ်ထားတဲ့ တံတားပေါင်းများစွာရှိပါတယ်။အဲဒီလို ဆောက်လုပ်ထားတဲ့ တံတားတွေထဲမှာ ကမ္ဘာ့စံချိန်တင် တံတားတွေလည်း များစွာပါဝင်နေပါတယ်။

တရုတ်ပြည်၊ အနောက်တောင်ဘက်၊ ယူနန်ပြည်နယ်နှင့် Guizhou ပြည်နယ်တို့ရှိ တောင် ၂ လုံးကို ဆက်သွယ်ပေးထားတဲ့ ကမ္ဘာ့အမြင်ဆုံးတံတားကိုတော့ ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ အဲဒီတံတားကတော့ ပေဖန်ကျန်းတံတားဖြစ်ပြီး တံတားအမြင့်က ၅၆၅.၄ မီတာကျော်မှာ တည်ရှိပါတယ်။အဆိုပါ ၄ လမ်းသွား တံတားကြီးကို တည်ဆောက်လိုက်တဲ့အတွက် ယူနန်ပြည်နယ်ရှိ Xuanwei မြို့နှင့် Guizhou ပြည်နယ်၊ Shuicheng မြို့တို့အကြား သွားလာရေးမှာ ၄ နာရီကျော်ကြာ အချိန်ကုန်သက်သာသွားကြောင်း သိရပါတယ်။တံတား၏ ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄၄ သန်း) ရှိတယ်လို့ သိရပါတယ်။

တရုတ်ပြည်မှာ ကမ္ဘာ့အမြင့်ဆုံးတံတား အများအပြားရှိရာ မူလက ဟူဘေးပြည်နယ်ရှိ ဆီဒူမြစ်ကို ဖြတ်ကူးထားသည့် တံတားမှာ ကမ္ဘာအမြင့်ဆုံးဖြစ်ခဲ့သော်လည်း ပေဖန်ကျန်းတံတားသစ်ကို ဖွင့်လိုက်တဲ့အချိန်မှာတော့ အဆိုပါတံတားကို ကျော်ဖြတ်ကာ ပေဖန်ကျန်းတံတားက ကမ္ဘာအမြင့်ဆုံးတံတားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပေဖန်ကျန်းတံတားဟာ ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် ၂၀၁၈ ခုနှစ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်မှ အသိအမှတ်ပြုခြင်းခံထားရတာဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားနေရာတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

ပေဖန်ကျန်းတံတားကို အင်ဂျင်နီယာတွေရဲ့  အံ့ဩဖွယ်လက်ရာတွေနဲ့  ခေတ်မီဖန်တီးတည်ဆောက်ထားတာဖြစ်ပြီး တံတားပေါ်ကနေ မြစ်နက်ချိုင့်ဝှမ်းနဲ့  လှပသောရှုခင်းတွေအပါအဝင် ပတ်ဝန်းကျင်ရှုခင်းတွေကို ရင်သပ်ရှုမောဖွယ် အပန်းဖြေကြည့်ရှုခံစားနိုင်ပါတယ်။အဲလိုလှပတဲ့ သဘာ၀အလှတရားတွေ ပိုင်ဆိုင်ထားတာကြောင့်လည်း  အဆိုပါတံတားကြီးကို အနီးဝန်းပတ်ဝန်းကျင်ဒေသတွေကို ရင်သပ်ရှုမောဖွယ် လာရောက်ကြတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေဟာ တစ်ထက်တစ်နှစ် ပိုများလာတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

ခရီးသွားဧည့်သည်တွေ များပြားလာတာကြောင့်  ပေဖန်ကျန်းတံတားအနီးနေထိုင်တဲ့ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြာလာပြီး၊ အချို့သောဒေသခံတွေဟာ ၎င်းတို့ရဲ့နေအိမ်တွေကို ကျေးလက်အသေးစားဟိုတယ်အဖြစ် ပြောင်းလဲလိုက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် ဝန်ဆောင်မှုတွေပေးနေတယ်လို့ ဆိုကြပါတယ်။

ပေဖန်ကျန်းတံတားကြီးဟာ အဝေးပြေးလမ်းစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒေသတွင်းတွင် အရေးကြီးသော သယ်ယူပို့ဆောင်ရေးကို ချိတ်ဆက်မှုအတွက် အဓိကအရေးပါတယ်လို့ သိရပါတယ်။

ကရင်လေး (အိမ်မဲ)