【 နိုင်ငံတကာဆောင်းပါး 】 ကျဲ့ကျန်းပြည်နယ်က ဝါးပင်လယ်ကြီး

【 နိုင်ငံတကာဆောင်းပါး 】 ကျဲ့ကျန်းပြည်နယ်က ဝါးပင်လယ်ကြီး

တရုတ်နိုင်ငံထဲမှာရှိတဲ့ ကျဲ့ကျန်းပြည်နယ် (Zhejiang) ဟာ ရှည်လျားသော သမိုင်းကြောင်းရှိကာ များပြားသော ပညာရှင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိနေတဲ့ ဒေသဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ရှီးဟူရေကန် (West Lake) ၏ ရှုခင်းများမှာ သာယာကြည်နူးဖွယ်ကောင်းလှပြီး ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းကြီးသည်လည်း တောင်နှင့် မြောက်ကို ဖြတ်သန်းဆက်သွယ်လျက် ရှိနေပါတယ်။

လျန်ကျူ (Liangzhu) ရှေးဟောင်းအမွေအနှစ်နေရာသည် တရုတ်နိုင်ငံ သမိုင်းကြောင်း နှစ်ပေါင်း (၅၀၀၀) ကျော် သက်တမ်းရှိမှု၏ သက်သေပြယုဂ်တစ်ခုပင်ဖြစ်ပြီး ကျန်းလန်တောင်(Jianglang) သည်လည်း တရုတ်နိုင်ငံရှိ အလှပဆုံးသော Danxia landform ခေါ် ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကျဲ့ကျန်းပြည်နယ်ဟာ ပိုးထည်၊ ကြွေထည်၊ လက်ဖက်ခြောက်တို့၏ ဇာတိဌာနေဖြစ်ပြီး ရှီးဟူရေကန် (West Lake) ၏ ဒေသထွက် လုံကျင် (Longjing) လက်ဖက်ခြောက်သည်လည်း ရနံ့မွှေးကြိုင်လှပါတယ်။

ပိုးထည်ယဉ်ကျေးမှုမှာ သမိုင်းကြောင်းရှည်ကြာပြီး လုံချွမ် (Longquan) စဉ့်စိမ်းတင်ကြွေထည်သည် ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များ ကျော်ကြားလှပါတယ်။

ကျဲ့ကျန်းပြည်နယ်ထဲက အန်းကျီခရိုင် (Anji) ဟာလည်း စိမ်းလန်းသောရေမြေသဘာဝတွေကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ ဝါးပင်လယ်ကြီး (Big Bamboo Sea in China) ဟာလည်း ကျဲ့ကျန်းပြည်နယ်၊ အန်းကျီခရိုင်၊ ကန်ခိုကျေးရွာကြီး (Gangkou) မှာ တည်ရှိတာဖြစ်ပါတယ်။

တရုတ်ပြည်မှာ ဝါးနဲ့ပတ်သက်လို့ တင်စားတဲ့ စကားတစ်ခုမှာတော့ “တရုတ်ဝါးမြင်လိုလျှင် ကျဲ့ကျန်းပြည်နယ်ကို သွားပါ၊ ကျဲ့ကျန်းပြည်နယ်က တရုတ်ဝါးကိုမြင်လိုလျှင် အန်းကျီခရိုင်ကိုသွားပါ၊ အန်းကျီခရိုင်က တရုတ်ဝါးကိုမြင်လိုလျှင် ကန်ခိုကျေးရွာကြီးကိုသွားပါ” ဆိုပြီး ဖြစ်ပါတယ်။

အဲဒီဒေသဟာ ကျဲ့ကျန်းပြည်နယ်မှာ နာမည်အကြီးဆုံး တရုတ်ဝါးသရုပ်ပြအခြေစိုက်စခန်းဖြစ်ပြီး ရှုခင်းဧရိယာရဲ့ စုစုပေါင်းမျက်နှာပြင်ဧရိယာဟာ စတုရန်းမီတာ ၆.၆၇ သန်းရှိပါတယ်။

ရှုခင်းသာတစ်ခုလုံးကို သဘာဝရှုခင်းနဲ့ အဓိကဖွဲ့စည်းထားပါတယ်။တောတောင်မြစ်ချောင်းများဝန်းရံပြီး တစ်တောင်လုံး ဝါးပင်တွေနဲ့ စိမ်းစိုနေပါတယ်။အလွှာအထပ်ထပ်ရှိတဲ့ ဝါးပန်းချီကားလိပ်ကြီးတစ်ခုနဲ့တူပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ ရှုခင်းနေရာက “Zhu Hai Tan Wang” ပဲ ဖြစ်ပါတယ်။ Big Bamboo Sea ဟာ နာမည်ကျော် ရုပ်ရှင်ရိုက်ကူးရေးစခန်းလည်းဖြစ်ပါတယ်။ Anji Bamboo Sea ဟုလည်း လူသိများသော တရုတ်နိုင်ငံရဲ့ Big Bamboo Sea နေရာမှာ ရိုက်ကူးခဲ့တဲ့  “Crouching Tiger, Hidden Dragon” ဇာတ်ကားဖြင့် ကျော်ကြားလာခဲ့ပါတယ်။

၂၀ဝ၁ ခုနှစ်မှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကား အော်စကာဆုရရှိခဲ့တဲ့ “Crouching Tiger, Hidden Dragon” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သော နေရာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားဟာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံးဒါရိုက်တာ အော်စကာဆုရရှိခဲ့တဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

ဒါရိုက်တာ လီအန်း (Ang Lee) ဟာ အော်စကာဆုရရှိပြီးနောက် အန်းကျီခရိုင်ကို သွားရောက်လည်ပတ်ချိန်တုန်းက “အန်းကျီခရိုင်ရဲ့ သာယာလှပတဲ့ သဘာဝမြေကြောင့် “Crouching Tiger, Hidden Dragon” ဇာတ်ကားကို အော်စကာဆုပေးပွဲရဲ့ ဆုပေးစင်ပေါ် ရောက်စေခဲ့တာပါ” လို့ ပြောသွားခဲ့ဖူးပါတယ်။

ဝါးတောဧရိယာအပေါ် ရှုခင်းကြည့်ရာနေရာဖြစ်သည့် Bamboo Viewing Tower ကို တက်ခြင်းဖြင့် လှပသော ဝါးတောများကို မြင်တွေ့နိုင်ပါသေးတယ်။ အဲဒီဒေသကိုရောက်လာသူတွေအတွက် ဝါးပင်လယ်ကိုငေးမောခြင်း၊ ဝါးလက်မှုပညာရှုစားခြင်း၊ ဝါးလုပ်ငန်းများကြည့်ရှုခြင်း၊ ဝါးနဲ့လုပ်သော ကုန်ပစ္စည်းများဝယ်ယူခြင်း၊ ဝါးပွဲတော်စားသုံးခြင်း၊ စမ်းချောင်းထဲမှာ ရေကစားခြင်း၊ ဝါးအိမ်မှာ အိပ်ခြင်းတို့ဖြင့် သဘာဝတောထဲက ပျော်မဆုံးနိုင်တဲ့ ပျော်ရွှင်စရာတွေကို အကြွင်းမဲ့ခံစားစေနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်