【 နိုင်ငံတကာဆောင်းပါး 】 ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】 ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု

သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၄ ခုနှစ် နှစ်သစ်မိန့်ခွန်း ပြောကြားခဲ့ရာတွင် ပြည်သူများအတွက် ပိုမိုကောင်းမွန်သောဘဝကို ပေးဆောင်နိုင်ရေးနှင့် ကမ္ဘာကြီးအား ပိုမိုကောင်းမွန်သော နေရာအဖြစ် ဖန်တီးရေးတို့အတွက် တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ မရပ်မနား ကြိုးစားနေမှုများကို အလေးပေး ဖော်ပြခဲ့သည်။  

၂၀၂၃ ခုနှစ်သည် တရုတ်အတွက် ခိုင်မာသော ခြေလှမ်းများ လှမ်းနိုင်ခဲ့သည့် နှစ်ဖြစ်ပြီး တရုတ်ပြည်သူများသည် စိန်ခေါ်မှုများအကြားတွင် ကြံ့ကြံ့ခံနိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ပြသခဲ့နိုင်ပြီး သာမန်ပြည်သူများက ခက်ခဲချိန်တွင် တိုင်းပြည်အတွက် သာမန်ထက်ထူးခြားသော ထောက်ပံ့မှုများ ဖြစ်စေခဲ့သည်ဟု သမ္မတ ရှီက ဆိုသည်။  

၂၀၂၃ ခုနှစ်တွင် အမျိုးမျိုးသော စိန်ခေါ်မှုများရှိခဲ့သည်တိုင် တရုတ်ပြည်သူတို့သည် စွမ်းရည်များကို အတူတကွပူးပေါင်းပြီး တစ်ဦးနှင့် တစ်ဦး ထောက်ပံ့အားပေးကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်ဟု သမ္မတ ရှီက ပြောခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်စီးပွားရေးသည် ချောမွေ့စွာ ပြန်လည်နာလန်ထူလာပြီး အရည်အသွေးမြင့် တိုးတက်မှုကိုရရှိခဲ့ကာ စက်မှုနယ်ပယ်များတွင်လည်း အဆင့်မြင့်ပြီး သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသော စနစ်များ ဖော်ဆောင်နိုင်ခဲ့သည်။  

တရုတ်ပြည်နယ်များအနှံ့အပြားတွင် အောင်မြင်မှုများစွာရှိခဲ့ပြီး အရှေ့မြောက်ပိုင်း၏ ပြန်လည်နုပျို ခြင်း၊ ရှောင်အန်းဧရိယာသစ် လျင်မြန်စွာကြီးထွားလာခြင်း၊ ယန်ဇီမြစ် စီးပွားရေးခါးပတ်နှင့် ကွမ်တုံး-ဟောင်ကောင်-မကာအို ကြီးကျယ်သော ပင်လယ်အော်ဧရိယာကဲ့သို့သော အကြောင်းအရာများသည် တရုတ်၏ စွမ်းအင်ကို လှစ်ဟပြသလျက်ရှိသည်။  

သယ်ယူပို့ဆောင်ရေးတွင်လည်း တရုတ်ထုတ် စီးပွားရေးလေကြောင်းလိုင်း C919 ၊ တရုတ်ထုတ် အကြီးဆုံး ဇိမ်ခံသင်္ဘောနှင့် ပင်လယ်နက်ရေငုပ်သင်္ဘော Fendouzhe သည် အကြီးမားဆုံး အောင်မြင်မှုများဖြစ်သည်။တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ အထူးသဖြင့် မိုဘိုင်းဖုန်းများသည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်ကာ နိုင်ငံ၏ စက်မှုစွမ်းရည်ကို ပြသလျက်ရှိသည်။  

ထို့အပြင် အားကစားနှင့် ယဉ်ကျေးမှုကဏ္ဍတွင်လည်း တရုတ်အားကစားသမားများသည် နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာတွင်ပါဝင်ပြီး ဆုများ အသီးသီးဆွတ်ခူးနိုင်ခဲ့သည်။

နိုင်ငံ၏ ခမ်းနားသော သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာများကိုလည်း သမ္မတ ရှီက အလေးပေး ဖော်ပြခဲ့သည်။တရုတ်သည် သံတမန်ရေးရာအားဖြင့် အားကောင်းပြီး နိုင်ငံတကာအခမ်းအနားကို လက်ခံကျင်းပခြင်းဖြင့် နိုင်ငံကြီးတစ်ခု၏ တာဝန်ကို ကျေပွန်ခဲ့သည်။  

၂၀၂၄ ခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ် ပြည့်မြောက်ခြင်းဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အာရုံစိုက်သွားမည်ဖြစ်သည်။ရည်ရွယ်ချက်များမှာ နက်ရှိုင်းစွာ ပြန်လည်ပြုပြင်ရေး၊ စီးပွားရေး စိတ်အားထက်သန်မှုကို အားဖြည့်ရေးနှင့် ရေရှည်တွင် ကြွယ်ဝချမ်းသာရေးနှင့် ငြိမ်းချမ်းတည်ငြိမ်ရေးတို့အား မြှင့်တင်ရေးတို့ဖြစ်သည်။

တရုတ်တစ်ပြည်ထောင်အဖြစ် အင်အားစုစည်းရေးတွင်လည်း တရုတ်သည် ယုံကြည်မှုအပြည့်ရှိပြီး ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးတွင် ဘုံဖြစ်သော အောင်မြင်မှုများကို မျှဝေရန် အဆင်သင့်ဖြစ်နေခြင်းဖြစ်သည်။ထိုကဲ့သို့ ကဏ္ဍများအနက် တစ်ခုတည်းသော အဓိကပန်းတိုင်မှာ ပြည်သူများအတွက် ပိုမိုကောင်းမွန်သောဘဝကို ဖန်တီးပေးရန်ဖြစ်သည်။

အသက်အရွယ်အရွေး ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အခွင့်အလမ်းများကို ဖန်တီးပေးကာ လူမှုအသိုက်အဝန်းတွင် ဟန်ချက်မျှသော၊ နွေးထွေးသော ပတ်ဝန်းကျင်ဖြစ်စေပြီး တီထွင်ဆန်းသစ်မှုရှိခြင်းများမှတစ်ဆင့် ကောင်းမွန်သော လူနေမှုအဆင့်အတန်းများကို ဖန်တီးပေးသွားရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကိုလည်း အာရုံစိုက်လျက်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲကာ လူသားမျိုးနွယ်အတွက် ဘုံကောင်းကျိုးများဖြစ်စေရေး၊ မျှဝေသော အနာဂတ်ရှိရေးနှင့် ကမ္ဘာကြီးအား ပိုမိုကောင်းမွန်သော နေရာတစ်ခုအဖြစ် ဖန်တီးရေးတို့ကို ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့သည်။  

၂၀၂၄ ခုနှစ် ခရီးစဉ် စတင်ချိန်တွင် တရုတ်၏ တိုးတက်မှု၊ ဖွံ့ဖြိုးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပန်းတိုင်များသည် တစ်နှစ်တာအတွက် လမ်းကြောင်းခင်းပေးပြီးဖြစ်ကာ တီထွင်ဆန်းသစ်မှု၊ ရေရှည်တည်တံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းများအပေါ် အခြေခံသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံက ကိုယ်ပိုင်လမ်းကြောင်းတွင် ဆက်လက်လှမ်းလျှောက်ကာ လူသားမျိုးနွယ်၏ ပူးပေါင်းမှုကံကြမ္မာနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အတူတကွဖြေရှင်းနိုင်စွမ်းတို့အား ကမ္ဘာကြီးက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - CMG | China's 2024 vision: Resilience, innovation, and modernization