【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၃)

【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၃)

ကမ္ဘာပေါ်က ခရီးသွားနေရာတွေများစွာထဲ ခရီးသွားတွေစိတ်ဝင်စားတဲ့ နေရာတွေဖြစ်တဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးတွေအကြောင်း ဖော်ပြပေးလျက်ရှိရာမှာ အခုဆိုရင် (အပိုင်း-၃) ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အခုအပိုင်းမှာတော့ ခရီးသွားတွေအများအပြား စိတ်ဝင်စားကြတဲ့ ယူနန်ပြည်နယ်က ခရီးသွားနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

          ယူနန်ပြည်နယ်၊ လီကျိန်းမြို့ (Lijiang)

ပြည်နယ် အနောက်မြောက်ဘက်၊ စီရင်စုအဆင့်မြို့ဖြစ်တဲ့ လီကျိန်း (Lijiang) မှာဆိုရင် ကျော်ကြားတဲ့ ယူနက်စကို အမွေအနှစ်နေရာတွေ၊  ကွဲပြားဆန်းပြားတဲ့ သမိုင်းဝင် ဗိသုကာပုံစံတွေနဲ့ ခရီးသွားဆွဲဆောင်ရာနေရာတွေ ရှိနေပါတယ်။ဒီအထဲက လီကျိန်းမြို့ဟောင်းနဲ့ လှပတဲ့ ရှုခင်းမြင်ကွင်းနောက်ခံတွေ တိုင်းရင်းသားဖျော်ဖြေမှုပွဲတွေရှိရာ ကျောက်စိမ်းနဂါးနှင်းတောင် (Jade Dragon Snow Mountain) တို့ဟာ ခရီးသွားလေ့လာသူများပြားတဲ့ နေရာတွေဖြစ်ပါတယ်။ဒါ့အပြင် “လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းနိုင်ငံတော်” အဖြစ် လူသိများတဲ့ Lugu ရေကန်၊ ယူနန်သဘာဝထိန်းသိမ်းရေးနယ်မြေရဲ့ မျဉ်းပြိုင်မြစ်သုံးစင်း (The Three Parallel Rivers of Yunnan Protected Area) လိုမျိုး နေရာတွေအပြင် များပြားလှတဲ့ ခရီးသွားစိတ်ဝင်စားဖွယ်နေရာတွေ ရှိနေပါတယ်။

          ယူနန်ပြည်နယ်၊ တာလီမြို့ (Dali)

ယူနန်ပြည်နယ်မှာဆိုရင် အနောက်မြောက်ပိုင်းမှာရှိတဲ့ တာလီမြို့ဟာလည်း ခရီးသွားတွေစိတ်ဝင်စားတဲ့ ဒေသဖြစ်ပါတယ်။ တာလီ (Dali) မှာတော့ သာယာလှပတဲ့ တောတောင်ရေမြေရှုမျှော်ခင်းတွေ၊ သမိုင်းဝင်နေရာတွေ၊ အနောက်တိုင်းအစားအစာ၊ ဂီတ၊ နိုင်ငံခြားသားလမ်းမ စတဲ့ စိတ်ဝင်စားဖွယ်ရာတွေက တရုတ်ခရီးသွားနဲ့ အနောက်တိုင်းခရီးသွားတွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။

တာလီမှာ ထင်ရှားတဲ့ နေရာတွေကတော့ လှပကြည်လင်တဲ့ အယ်ဟိုင်ကန် (Erhai)၊  ထူးခြားဆန်းကြယ် ထည်ဝါလှတဲ့ ချန်းစန်းတောင် (Cangshan)၊ လောင်ကျွင်းတောင် (Laojun) ရှုခင်းတွေ၊ ရေပူစမ်းတွေ၊ ပိုင်လူမျိုး(Bai) တို့ရဲ့ ရိုးရာနေအိမ်တွေ၊ ပိုင်လူမျိုး (Bai) တို့ရဲ့ လက်မှုအနုပညာရပ်တွေကြောင့် လူသိများကျော်ကြားတဲ့ ဒေသဖြစ်ပါတယ်။

          ယူနန်ပြည်နယ်၊ ရှန်ဂရီလာ (Shangri-La)

ယူနန်ပြည်နယ် အနောက်မြောက်ဘက်၊ ယူနန်၊ စီချွမ်နဲ့ တိဗက် စတဲ့ ပြည်နယ်သုံးခုတို့ ဆက်သွယ်ရာ နေရာမှာရှိတဲ့ ရှန်ဂရီလာ (Shangri-La) ဒေသကတော့ တိဗက်ဘာသာအရ “နှလုံးသားထဲမှ နေနှင့် လ” လို့ ဆိုပါတယ်။ဒဏ္ဍာရီဆန်တဲ့ ဒီနေရာနဲ့ပတ်သက်လို့ ဗြိတိသျှစာရေးဆရာ James Hilton ရေးသားခဲ့တဲ့ “Lost Horizon” ဝတ္ထုနဲ့အတူ ကျော်ကြားလာခဲ့ပြီးနောက် လူသားတွေရဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်ခဲ့တဲ့ ဒီဒေသဟာ သမိုင်းကြောင်းရှည်ကြာစွာ တည်ရှိမှုနဲ့အတူ သဘာဝရှုခင်းတွေ ပေါများလှတဲ့ ဒေသဖြစ်ပါတယ်။

ထင်ရှားတဲ့နေရာတွေအနေနဲ့ (Potatso National Park) လို အပန်းဖြေနေရာတွေ၊ စိတ်ဝင်စားဖွယ် (Dukezong) ရှေးဟောင်းမြို့၊ Gadan Songzanlin ဘုန်းကြီးကျောင်း၊ Tiger Leaping Gorge အစရှိတဲ့ ခရီးသွားရှုမျှော်ခင်းနေရာတွေနဲ့အတူ လူသိများတဲ့ ဒေသဖြစ်ပါတယ်။အထူးသဖြင့် တိတ်ဆိတ်တဲ့သဘာဝကို နှစ်သက်သူတွေအတွက် တောတောင်၊ မြစ်ချောင်း၊ ရေကန်၊ လှပတဲ့ကောင်းကင်၊ တိမ်ခိုးတိမ်ငွေ့တွေ၊ မြက်ခင်းလွင်ပြင်တွေကြောင့် ဒဏ္ဍာရီဆန်ဆန် အေးချမ်းတဲ့ဒေသဖြစ်ပါတယ်။

          ယွမ်ယန် (Yuanyang)

ယူနန်ပြည်နယ်ထဲမှာရှိတဲ့ နောက်ထပ်ဒေသတစ်ခုကတော့ ယွမ်ယန် (Yuanyang) ဒေသဖြစ်ပါတယ်။ယွမ်ယန်ခရိုင်ဟာ ယူနန်ပြည်နယ် အရှေ့တောင်ဘက်၊ ဟောင်ဟေစီရင်စုနယ်မှာ တည်ရှိပြီး သူရဲ့အဓိကဆွဲဆောင်မှုကတော့ ဟားနီ လှေကားထစ်စိုက်ခင်း (Hani Rice Terraces) တွေဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ (၄၅) ခုမြောက် ကမ္ဘာ့အမွေအနှစ် နယ်မြေဖြစ်ပြီး လှပတဲ့ ရှုခင်းတွေကြောင့် ဓာတ်ပုံဆရာတွေရဲ့ ကောင်းကင်ဘုံလို့ တင်စားကြပါတယ်။

အဲဒီမှာဆိုရင် သဘာဝ နေထွက်ချိန်နဲ့ နေဝင်ချိန်တွေက လူတွေရဲ့အာရုံကို ဖမ်းစားထားပြီး Laohuzui (Tiger Mouth) လှေကားထစ်စိုက်ခင်း၊ (Duoyishu) လှေကားထစ်စိုက်ခင်း၊ (Bada) လှေကားထစ်စိုက်ခင်း၊ Longshuba လှေကားထစ်စိုက်ခင်းတို့အပြင် ဟားနီလူမျိုး ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်း ပြသထားတဲ့ ပြတိုက်ရှိရာ ဟားနီရိုးရာကျေးရွာ (Hani Folk Village) နဲ့ ကျောက်၊ အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဓနိမိုး မှိုပုံသဏ္ဍာန် အိမ်တွေကလည်း မြင်ကွင်းထူးဆန်းပြီး ခရီးသွားတွေကို ဆန်းသစ်မှုတွေ ပေးစွမ်းလျက်ရှိပါတယ်။

          ယူနန်ပြည်နယ်၊ ကူမင်း (Kunming)

ယူနန်ရဲ့ ခရီးသွားနေရာ နောက်ဆုံးတစ်ခုအဖြစ် ဖော်ပြပေးလိုတာကတော့ ကူမင်း (Kunming) ဖြစ်ပါတယ်။ယူနန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ကူမင်း (Kunming)  မြို့ကတော့ တစ်နှစ်ပတ်လုံး နွေဦးရာသီလို သမမျှတတဲ့ ရာသီဥတုရှိပြီး “နွေဦးမြို့တော်” နဲ့ “ပန်းမြို့တော်” လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ယူနန်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ယဉ်ကျေးမှုတို့ရဲ့ ဗဟိုချက်အခြာနေရာဖြစ်သလို နိုင်ငံတကာခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှုအရှိဆုံး မြို့တွေထဲက တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

ကူမင်း (Kunming) ဟာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် တည်ရှိနေပြီး မြို့ရဲ့လှပမှုမှာဆိုရင် တစ်နှစ်ပတ်လုံး လှပတဲ့ ပန်းလေးတွေနဲ့အတူ သာယာတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ဒါ့အပြင် ခရီးသွားတွေအတွက် ကူမင်းဟာ ယူနန်ပြည်နယ်ရဲ့ အရေးကြီးဆုံး ဝင်ပေါက်မြို့အဖြစ်လည်းရှိနေပြီး လည်ပတ်စရာတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ သဘာဝအံ့ဖွယ်လေးခုအနက် တစ်ခုအဖြစ်ကျော်ကြားတဲ့ ကျောက်သစ်တော (Stone Forest)၊ သာယာတဲ့ ရှုခင်းသစ်တောတွေနဲ့ လှပတဲ့ ပန်းပွင့်တွေကြောင့် နာမည်ကြီးတဲ့ ကူမင်း အနောက်တောင်တန်း (Xishan) တို့လို လှပတဲ့နေရာတွေ ရှိနေပါတယ်။

ဒါတင်မကသေးဘဲ ကူမင်း (Kunming) မှာ ရှုခင်းဓာတ်ပုံဆရာတွေကို ဖမ်းစားတဲ့ Dongchuan အနီရောင်မြေ၊ ဆောင်းရာသီတိုင်း ဆိုက်ဘေးရီးယားကနေ ကူမင်းမြို့ကို ခိုအောင်းဖို့လာတဲ့ ပင်လယ်ဇင်ယော်တွေရှိရာ Green Lake ကန်၊ ရာပေါင်းများစွာ ရောင်စုံလိုဏ်ဂူတွေရှိရာ Jiuxiang ရှုခင်းသာဧရိယာ၊ ယူနန်ပြည်နယ်ရဲ့ အကြီးဆုံး ရေချိုအိုင်နဲ့ တရုတ်နိုင်ငံ ဆဋ္ဌမမြောက်အကြီးဆုံး ရေကန်ဖြစ်တဲ့ Dian Lake (Dian Chi) ကန်၊ တိုင်းရင်းသားလူမျိုး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို နားလည်သဘောပေါက်နိုင်စေမယ့် တိုင်းရင်းသား (၂၅) မျိုးရဲ့ ဖျော်ဖြေတင်ဆက်မှုတွေရှိရာ ယူနန်တိုင်းရင်းသားကျေးရွာ (Yunnan Ethnic Village)၊ ပန်းတွေ၊ ငှက်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတဲ့ ပန်းနဲ့ ငှက်ဈေး စတဲ့ နေရာတွေအပြင် လည်ပတ်စရာများစွာ ရှိနေပါတယ်။

ဖော်ပြပေးခဲ့တာတွေကတော့ ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများအကြောင်း ဖော်ပြချက်မှ ယူနန်ပြည်နယ်ရဲ့ ခရီးသွားနေရာတွေအကြောင်းဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ (အပိုင်း-၃) မှာတော့ များပြားတဲ့ ယူနန်ပြည်နယ်ရဲ့ ခရီးသွားနေရာတွေနဲ့တင် အဆုံးသတ်လိုက်ရပါတယ်။

လာမယ့် ဆောင်းပါးကဏ္ဍမှာတော့ ကျန်ရှိနေတဲ့ ပြည်နယ်နဲ့ မြို့ကြီးတွေကို ဆက်လက်ဖော်ပြပေးသွားဖို့ရှိနေကြောင်း အသိပေးရင်း အခုဆောင်းပါးကိုတော့ ဒီမှာပဲရပ်နားလိုက်ချင်ပါတယ်။

မိုးသား