【 နိုင်ငံတကာဆောင်းပါး 】 စစ်ဆောင်ပန္နားရှိ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာများ

【 နိုင်ငံတကာဆောင်းပါး 】 စစ်ဆောင်ပန္နားရှိ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာများ

မြန်မာနိုင်ငံရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ စစ်ဆောင်ပန္နားဒေသဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါတယ်။
 
စစ်ဆောင်ပန္နားဟာ လန်ချန်းမြစ် ဖြတ်သန်းစီးဆင်းရာ ဒေသတစ်ခုလည်းဖြစ်ပြီး မြန်မာနိုင်ငံနဲ့ တူတဲ့အချက်က အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
 
တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ စစ်ဆောင်ပန္နားဒေသဟာဆိုရင် လန်ချန်းမြစ် ဖြတ်သန်းစီးဆင်းရာ ဒေသဖြစ်ပါတယ်။စစ်ဆောင်ပန္နားဟာ ဂေဟဗေဒဆန်စွာလှနေပြီး စိမ်းလန်းစိုပြေနေတာကြောင့် တရုတ်နိုင်ငံရဲ့ အပူပိုင်းဒေသ ဂေဟစနစ်ထိန်းသိမ်းမှု အကောင်းဆုံး နယ်မြေဖြစ်ပါတယ်။
 
စစ်ဆောင်ပန္နားမှာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးရဲ့ တိရစ္ဆာန်မျိုးစိတ် လေးပုံတစ်ပုံနဲ့ အပင်မျိုးစိတ် ခြောက်ပုံတစ်ပုံ တည်ရှိနေတာကြောင့် သူ့ကို တိရိစ္ဆာန်နဲ့ အပင်တို့ရဲ့ နတ်ဘုံဗိမ္မာန်လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
 
အလားတူ အဲဒီဒေသကို “မျိုးစိတ်ဗီဇဘဏ်” ၊ “သစ်တောပြတိုက်” ၊ “ရုက္ခဗေဒသုခဘုံရဲ့ အောင်မြင်မှုသရဖူပေါ်က ရတနာကျောက်” ဆိုပြီးတော့လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။
 
စစ်ဆောင်ပန္နားမှာ တရုတ်သိပ္ပံအကယ်ဒမီ အပူပိုင်းရုက္ခဗေဒဥယျာဉ်လည်း တည်ရှိပါတယ်။ဒီဥယျာဉ်ကို ရုက္ခဗေဒပညာရှင် Cai Xitao ၏ ဦးဆောင်မှုဖြင့် ၁၉၅၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီဥယျာဉ်ဟာ တရုတ်သိပ္ပံအကယ်ဒမီလက်အောက်ရှိ သိပ္ပံနည်းပညာ သုတေသနမျိုးစိတ် ထိန်းသိမ်းခြင်းနဲ့ သိပ္ပံ နည်းပညာ တွင်ကျယ်လာစေရေး သင်ကြားမှုတို့ကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ ဘက်စုံ သုတေသနအဖွဲ့ အစည်းဖြစ်ပါတယ်။
 
တရုတ်ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကျော် ရှုခင်းနေရာလည်းဖြစ်ပြီး စစ်ဆောင်ပန္နားရဲ့ တစ်ခုတည်းသော (A) အဆင့် အမျိုးသားခရီးသွားနေရာလည်းဖြစ်ပါတယ်။
 
ဥယျာဉ်တစ်ခုလုံးမှာ သက်ရှိအပင်မျိုးစိတ်ပေါင်း ၁၃,၀ဝ၀ ကျော်ရှိပြီး အပင်မျိုးကွဲဧရိယာ ၃၈ ခုခွဲခြားထားပါတယ်။ဟက်တာ ၂၅၀ ရှိတဲ့ သဘာဝ အပူပိုင်း မိုးသစ်တောတစ်ခုကို ထိန်းသိမ်းကာကွယ်ထားပါတယ်။ဒါဟာ တရုတ်နိုင်ငံရဲ့ ဧရိယာအကျယ်ဆုံး၊ စုစည်းထားတဲ့ မျိုးစိတ်အကြွယ်ဝဆုံး၊ အပင်မျိုးကွဲ ဧရိယာအများဆုံး ရုက္ခဗေဒဥယျာဉ်ဖြစ်သလို ကမ္ဘာပေါ်မှာ ပြင်ပဧရိယာမှာ ထိန်းသိမ်းထားတဲ့ အပင်မျိုးစိတ်အများဆုံးနဲ့ အများပြည်သူကိုပြသထားတဲ့ အပင်အုပ်စုအရေအတွက် အများဆုံးရှိတဲ့ ရုက္ခဗေဒဥယျာဉ်ဖြစ်ပါတယ်။
 
စစ်ဆောင်ပန္နား အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်၊ ကညင်နီပင် ရှုခင်းသာဧရိယာဟာ ကမ္ဘာရဲ့ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီမှာရှိတဲ့ တစ်ခုတည်းသော အိုအေစစ်ဖြစ်ပြီး တရုတ်ရဲ့ကမ္ဘာ့အသိအမှတ်ပြု တစ်ခုတည်းသော အပူပိုင်းသစ်တောဖြစ်ပါတယ်။
 
ဒီထူထပ်တဲ့ သဘာဝ အပူပိုင်းမိုးသစ်တောအတွင်း အရှေ့တောင်အာရှ မိုးသစ်တောရဲ့ပြယုဂ် သစ်ပင်အမျိုးအစားဖြစ်တဲ့ ကညင်နီပင်တို့ထူထပ်စွာ ပေါက်ရောက်နေပါတယ်။မီတာ ၇၀ (သို့မဟုတ်) မီတာ ၁၀ဝ အမြင့်ရှိတဲ့ ဧရာမပင် စည်တွေရဲ့ ၃၆ မီတာ အမြင့်မှာ ဝေဟင်လျှောက်လမ်းတစ်ခုကို တည်ဆောက်ထားပါတယ်။ဒီစင်္ကြံလျှောက်လမ်းဟာ မိုးမျှော်ပင်တွေကြားမှာ မီတာရာချီကွေ့ကောက်ရှည်လျားစွာ တည်ရှိနေပါတယ်။မိုး သစ်တောရဲ့ ရှုမျှော်ခင်းတစ်ခုလုံးကို အပေါ်စီးကနေမြင်ရပြီး တစ်ကမ္ဘာလုံးမှာ မရေတွက်နိုင်တဲ့ သိပ္ပံပညာရှင်တွေနဲ့  စွန့်စားမှုကို နှစ်သက်တဲ့ နယ်ပယ်အသီးသီးကလူတွေ ဒီစင်္ကြံလျှောက်လမ်းမှာ လျှောက်လှမ်းဖူးပါတယ်။
 
နွေရာသီမှာဆိုရင် အဲဒီဥယျာဉ်မှာ ပိုးစုန်းကြူးများကို ရှုစားရန် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။သောင်းနှင့်ချီသော ပိုးစုန်းကြူးများဟာ သစ်ရွက်၊ မြက်ခင်း၊ ရေကန် (သို့မဟုတ်) ခရီးသည်များ အနီးအနား အုပ်စုလိုက် အားရပါး ရ ပျံသန်းနေကြတာကို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။
 
တရုတ်သိပ္ပံနည်းပညာအကယ်ဒမီ စစ်ဆောင်ပန္နား အပူပိုင်းဒေသ ရုက္ခပင်ဥယျာဉ်ဟာ သိပ္ပံနည်းပညာသုတေသနပြုခြင်း၊ ဇီဝအမျိုးအစား ကာကွယ်ထိန်းသိမ်းခြင်း၊ ခေတ်မီသိပ္ပံပညာရေး စသည်တို့ ပေါင်းစပ်ထားသော အထွေထွေသုတေသနဌာနတစ်ခုဖြစ်ပါတယ်။
 
ခန့်မောင်