【 နိုင်ငံတကာဆောင်းပါး 】 စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကျွဲ ၊ နွား ကိုယ်ထည် ပန်းချီပြိုင်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】 စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကျွဲ ၊ နွား ကိုယ်ထည် ပန်းချီပြိုင်ပွဲ

ပန်းချီကို စာရွက်ပေါ်မှာ၊ သစ်သား၊ ပိတ် အစရှိတဲ့ အရာဝတ္ထုတွေအပြင် နေရာမျိုးစုံမှာ ရေးဆွဲတာကို မြင်ဖူးကြမှာဖြစ်ပါတယ်။အခုတော့ ပန်းချီကို ကျွဲ၊ နွားတွေပေါ်မှာ ရေးဆွဲပြီး ပြိုင်ပွဲကျင်းပတဲ့ အစဉ်အလာတစ်ခုအကြောင်း ဖော်ပြပေးလိုပါတယ်။

ဒီပြိုင်ပွဲအကြောင်း မပြောခင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပြိုင်ပွဲဆုကြေးနဲ့ပတ်သက်ပြီး အရင်ပြောချင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ နွားကိုယ်ထည် ပန်းချီပြိုင်ပွဲမှာဆိုရင် နိုင်ငံပေါင်း ၃၀ ကျော်က အသင်းပေါင်း ၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုငွေ ယွမ်ငွေ ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅,၃၀၀) တန်ကြေးရှိတဲ့ ဆုကြေးငွေကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ဒီလိုဆိုရင် နွားပန်းချီပြိုင်ပွဲက ဘယ်လိုပြိုင်ပွဲမျိုးပါလဲ …။

နွားကိုယ်ထည် ပန်းချီပြိုင်ပွဲကို  အခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း သတ္တမအကြိမ်မြောက် ကျင်းပခဲ့ကြပါတယ်။တကယ်တော့ ဒီပြိုင်ပွဲဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ ကျန်းချိန်ခရိုင်မှာ ပြုလုပ်ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဖူအော်မြို့ရှိ ကျန်းချိန်ဒေသဟာ လာအိုနဲ့ ဗီယက်နမ် နယ်စပ်ဖြစ်တဲ့ တစ်ခုတည်းသော ခရိုင်အနေနဲ့ရှိနေပြီး အရှည် ၁၈၃ ကီလိုမီတာရှိတဲ့ နယ်နိမိတ်မျဉ်းရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒါကြောင့် နွားကိုယ်ထည် ပန်းချီပြိုင်ပွဲ ဘယ်လိုပေါ်ပေါက်လာလဲဆိုရင် ကျန်းချိန်ဒေသမှာ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ ဒဏ္ဍာရီတွေကနေ ဆင့်ကဲပြောင်းလဲလာတယ်လို့ တချို့ကဆိုကြပါတယ်။အဓိကအနေနဲ့တော့ အစောပိုင်းအခြေအနေမှာ တောရိုင်းတိရစ္ဆာန်တွေက ကျွဲ၊ နွားတွေကို အမဲလိုက်ကျက်စားတာကနေ ကာကွယ်တားဆီးဖို့ ရည်ရွယ်လုပ်ဆောင်ရင်း ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။

ဒဏ္ဍာရီအရ ဒေသခံရွာသားတစ်ဦးရဲ့ ကျွဲဟာ တစ်ချိန်က ကျားကိုက်ခံရဖူးပြီး အဲဒီအချိန်မှာ တိရစ္ဆာန်တွေက လှည့်ပတ်ပြီး လယ်ကွင်းထဲမှာ အချင်းချင်း သတိပေးနေကြရပါတယ်။ဒီအချိန်မှာ ရွှံ့နဲ့ သွေးတွေလူးနေတဲ့ ကျွဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် သွင်ပြင်ဖြစ်လာပြီး ကျားကလည်း ကြောက်လို့ ထွက်ပြေးခဲ့ရာကနေ ဒေသခံရွာသားတွေက သားရဲတွေကို မောင်းထုတ်တဲ့ နည်းလမ်းအဖြစ် သုံးရာက ကျွဲ၊ နွားတွေကို ဆေးခြယ်တဲ့ဓလေ့ ဖြစ်လာတယ်လို့ ဖော်ပြကြပါတယ်။

နွားကိုယ်ထည် ပန်းချီပြိုင်ပွဲလို့ ဆိုကြပေမယ့် အခုနောက်ပိုင်း နွားအပြင် ကျွဲတွေကိုယ်ပေါ်မှာ ခြယ်သယှဉ်ပြိုင်တာကို ပိုပြီးတွေ့လာရပါတယ်။ကျွဲတွေဟာ အလှအပနဲ့ ဆက်စပ်မှု သိပ်မရှိဘူးလို့ ထင်ရပေမယ့် ပြိုင်ပွဲနဲ့အတူ တချို့အချိန်တွေမှာတော့ မြင်ရသူအဖို့ မမှတ်မိနိုင်လောက်အောင် ဖြစ်သွားနိုင်ပါတယ်။ခြယ်သတဲ့ အနုပညာရှင်တွေရဲ့ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းတွေ၊ ကျွမ်းကျင်မှုတွေကြောင့် လူတွေကိုလည်း ဆွဲဆောင်လာနိုင်ကြပါတယ်။

ပြိုင်ပွဲဟာ လူအများနှစ်သက်တဲ့ အနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ပြိုင်ပွဲအတွင်း ပန်းချီဆရာတွေက စုတ်တံတွေနဲ့ ရောင်စုံအရောင်တွေကို အသုံးပြုလို့ ကျွဲကိုယ်ထည်ပေါ်မှာ လှပတဲ့ ပုံပြင်တွေ၊ အကြောင်းအရာကောင်းတွေ၊ ကောင်းမွန်တဲ့ ဆုတောင်းခြင်းတွေကို သရုပ်ဖော်ရေးဆွဲပြီး လက်ရာမြောက်တဲ့ အနုပညာကို ဖန်တီးကြတာဖြစ်ပါတယ်။

အခုခေတ်မှာတော့ တရုတ်၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့က ဒီပြိုင်ပွဲမှာ အဓိကပါဝင်ယှဉ်ပြိုင်ကြလျက်ရှိပြီး နိုင်ငံသုံးနိုင်ငံမှာ လူတွေရဲ့ ပျော်ရွှင်တဲ့ ဘဝတွေကို သရုပ်ဖော်ပြသခဲ့သလို မြန်နှုန်းမြင့်ရထားတွေ၊ ကုန်တင်သင်္ဘောတွေ၊ လေယာဉ်တွေ၊ ရော်ဘာနဲ့ Belt and Road Initiative မှာ နိုင်ငံတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေကို တင်ဆက် ရေးဆွဲလာကြပါတယ်။နွားကိုယ်ထည် ပန်းချီပြပွဲကို အိတ်သွန်ပစ်ပွဲတော်အတွင်း အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းကျင်းပကြပြီး အိတ်သွန်ပစ်ပွဲတော်ကိုတော့ ၂၀၀၉ ခုနှစ်က စတင်ကာ နှစ်နှစ် တစ်ကြိမ် တရုတ်-လာအို-ဗီယက်နမ် နိုင်ငံသုံးနိုင်ငံမှာ ကျင်းပကြတာလည်းဖြစ်ပါတယ်။

အိတ်သွန်ပစ်ပွဲဟာလည်း သုံးနိုင်ငံရဲ့ နယ်နိမိတ် ပတ်ဝန်းကျင် ဒေသတွေမှာ ရေပန်းစားတဲ့ ရိုးရာလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ပစ်ကြတဲ ရောင်စုံ၊ ပန်းရောင်စုံအိတ်တွေမှာ အစေ့တွေ၊ စီရီရယ် ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြည့်နေပြီး ဖဲကြိုးတွေနဲ့ အလှဆင်ထားကြလေ့ရှိပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအဖြစ် သတ်မှတ်ခံရဖူးတယ်ဆိုတဲ့အကြောင်း တင်ပြရင်း အခုတစ်ခေါက် အကြောင်းအရာကို ဒီနေရာမှာ အဆုံးသတ်လိုက်ချင်ပါတယ်။

မိုးသား