【 နိုင်ငံတကာဆောင်းပါး 】 စီချွမ်ပြည်နယ်၏ ဆန်းကြယ်သည့် ရှေးခေတ်အမွေအနှစ်များ

【 နိုင်ငံတကာဆောင်းပါး 】 စီချွမ်ပြည်နယ်၏ ဆန်းကြယ်သည့် ရှေးခေတ်အမွေအနှစ်များ

တရုတ်နိုင်ငံထဲက ပြည်နယ်တစ်ခုဖြစ်သည့် စီချွမ်ပြည်နယ်သည် သုတေသီတို့ စိတ်ဝင်စားသော ပြည်နယ်တစ်ခုဟုဆိုလျှင် မမှားနိုင်ပါ။အဘယ်ကြောင့်ဆိုသော စီချွမ်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး မြို့ဖြစ်သလို ရှေးခေတ်က ဆန်းကြယ်သော သမိုင်းကြောင်း အမွေအနှစ်များကိုပါ မကြာခဏဆိုသလိုပင် တူးဖော်ရရှိနေခြင်းဖြစ်သည်။

စီချွမ်ပြည်နယ်သည် ဆန်နှင့် ဂျူံများ စိုက်ပျိုးထွက်ရှိမှုကောင်းပြီး ဓာတ်သတ္တု သယံဇာတများ ပေါကြွယ်ခြင်းကြောင့် တရုတ်နိုင်ငံ၏ အရေးပါသော ပြည်နယ်တစ်ခုလည်းဖြစ်သည်။တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး စီချွမ်ကမ်းရိုးတန်းနှင့် တိဘက်ကုန်းပြင်မြင့် အရှေ့ဘက်၊ အနောက်ဘက် ကျင်းရှားမြစ်တို့ကြား တောင်နှင့် မြောက် တောင်တန်းများနှင့် ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

စီချွမ်ပြည်နယ်၏ မြို့တော်မှာ ချန်ဒူးမြို့ဖြစ်ပြီး အများစုမှာ ဟန်လူမျိုးများ နေထိုင်ကြသည်။သဘာဝသယံဇာတများစွာနှင့် ဒဏ္ဏာရီဆန်ဆန် သမိုင်းကြောင်းအမွေအနှစ်များစွာရှိသော စီချွမ်ပြည်နယ်တွင် စန်းရှင်းသွေ့ဟုခေါ်သော ရှေးဟောင်းပြတိုက်ရှိပါသည်။၎င်းပြတိုက်တွင် ထူးခြားဆန်းကြယ်သော ခေတ်အဆက်ဆက်မှ တူးဖော်ရရှိသည့် ပစ္စည်းများကို ပြသထားသည်။ကြေးခေတ် ယဉ်ကျေးမှုပစ္စည်းများကို အလေးပေးပြသထားသည်။

တရုတ်ဘာသာဖြင့် စန်းရှင်းသွေ့ဟူသော အမည်မှာ မြန်မာဘာသာတွင် ကြယ်သုံးပွင့်ဟု အဓိပ္ပာယ်ရပြီး စီချွမ်ပြည်နယ်၊ ကွမ်ဟန်မြို့တွင်ရှိသည်။ပြတိုက်များသည် လူမျိုးတိုင်းအတွက် အလွန်တန်ဖိုးရှိသော နေရာတစ်ခုဖြစ်သည်။ဆင်းသက်လာသော မျိုးနွယ်များနှင့် ရှေးခေတ်က ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို လေ့လာရာ၊ နောင်လာနောင်သားများအတွက် လက်ဆင့်ကမ်း ထိန်းသိမ်းရာ နေရာများပင်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၀ ခုနှစ်အထိ ပြတိုက်ပေါင်း ၅၇၀၀ ကျော်ရှိပြီး နိုင်ငံပိုင်ပြတိုက်၊ အမျိုးသားနှင့် ဒေသန္တရအစိုးရ (သို့မဟုတ်) တက္ကသိုလ်များက စီမံခန့်ခွဲသည့် ပြတိုက်၊ ပုဂ္ဂလိကပြတိုက်တို့ ပါဝင်သည်။ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသရာနေရာဖြစ်လာ၍ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

စန်းရှင်းသွေ့ (Sanxingdui) ပြတိုက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်က ယဉ်ကျေးမှုလက်ရာများကို တရုတ်သုတေသီများ ရှာဖွေတွေ့ရှိ၍ ပြသထားသည်။တရုတ်သုတေသနပညာရှင်များသည် စန်းရှင်းသွေ့အရပ်မှ ရှေးဟောင်းပစ္စည်း ၁၃၀၀၀ ကျော်ကို တူးဖော်ရရှိခဲ့ပြီး ထိုအထဲမှ ၃၁၅၅ ခုသည် အကောင်းပကတိအတိုင်း ကျန်ရှိနေသေးကို တွေ့ရှိခဲ့ကြသည်။

တူးဖော်ရရှိသော ပစ္စည်းများတွင် ဒဏ္ဍာရီဆန်ဆန် ရှေးခေတ်လက်ရာများကိုလည်း တွေ့ရှိရသည်။ကြေးဖြင့် ပြုလုပ်ထားသော သစ်ပင် ၈ ပင်သည် အကောင်းဆုံး အနုပညာလက်ရာမြောက် ပစ္စည်းများဖြစ်သည်။သစ်ပင်တစ်ပင်လျှင် လေးမီတာမြင့်ပြီး သစ်ကိုင်း ၉ ကိုင်း ပါရှိသည်။သစ်ကိုင်းတိုင်းတွင် ငှက်တစ်ကောင်စီနားပြီး ၎င်းသစ်ပင်ကို စန်းဟိုင်းကျင်းကျမ်းစာထဲ၌ ဒဏ္ဍာရီလာ ဖူဆန်းသစ်ပင်ပုံကို ကြေးဖြင့်သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ကြီးမားသော ကြေးဝါသစ်ပင်သည် ရှန်မင်းဆက် လက်ထက်ကတည်းက လျှို့ဝှက်ဆန်းကြယ်သော ယဉ်ကျေးမှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။  

၂၀၂၁ ခုနှစ်၊ မတ်လက ချန်ဒူးမြို့ အပြင်ဘက် ၄ ဒသမ ၆ စတုရန်းမိုင် ဧရိယာရှိသည့် စန်းရှင်းသွေ့အရပ်တွင် နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိ ရွှေမျက်နှာဖုံးအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ၅၀၀ ကျော်ကို တရုတ်သုတေသနပညာရှင်တို့  ရှာဖွေတွေ့ရှိခဲ့သည်။ရွှေမျက်နှာဖုံးသည် ရွှေ ၈၄ ရာခိုင်နှုန်းဖြင့် ပြုလုပ်ထားပြီး အလားတူမျက်နှာဖုံးများ၊ ကျောက်စိမ်းပစ္စည်းရုပ်ကြွင်းများ၊ ဆင်စွယ်ရုပ်ကြွင်းများ၊ ကြေးထည်ပစ္စည်းများ၊ တိရစ္ဆာန်ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိခဲ့သည်။ကြီးမားသော ကျောက်စိမ်းတုံးကြီးကိုလည်း တူးဖော်တွေ့ရှိခဲ့သလို ကြေးဝါမျက်နှာဖုံးများကို ဆန်းကြယ်စွာ တွေ့ရှိခဲ့ကြသည်။ယခုလို ထူးခြားဆန်းကြယ်သည့် ရုပ်ကြွင်းများ တူးဖော်တွေ့ရှိခြင်းက ရှေးခေတ် ထိုအရပ်က လူမျိုးများ၏ မျက်နှာဖုံးစွပ်သည့်ဓလေ့ကို မြင်တွေ့လိုက်ရခြင်းဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူသားများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှု၊ အသုံးအဆောင်များသည် ယနေ့ခေတ်ကာလ လူသားများထက်တော့ မညံ့ဘူးဆိုသည့် သမိုင်းကြောင်းများကို အထောက်အထားများစွာဖြင့် တွေ့ရှိနေခြင်းဖြစ်သည်။  

တရုတ်သုတေသနပညာရှင်များ၏ အဆိုအရ BC 800 ခန့် ကြေးခေတ်ကာလက စီချွမ်မြစ်ဝှမ်းတွင် ရှူ (Shu) နိုင်ငံတစ်ခုရှိခဲ့သည်။ထိုခေတ်က လူများသည် ကြေးဝါ၊ ကျောက်စိမ်း၊ ရွှေနှင့် ကြွေထည်ပစ္စည်းများကို လက်ရာမြောက်စွာ ဖန်တီးခဲ့ကြပြီး ဘုရင်၊နတ်ဘုရား၊ နတ်ဆရာ ပန်းပုများကို အံ့သြဖွယ်ရာ မျက်လုံးပြူးကျယ်သော ပုံသဏ္ဍာန်များ ထုလုပ်ဖန်တီးခဲ့ကြသည်။

စီချွမ်ပြည်နယ်သည် ငလျင်ဒဏ်များကို အကြီးအကျယ် ခံစားခဲ့ရသည့်အတွက် တချို့သော သမိုင်းကြောင်းအမွေအနှစ်များလည်း ပျက်စီးခဲ့ရသည်။တရုတ်နိုင်ငံရှိ ရှေးဟောင်း စန်းရှင်းသွေ့အရပ်က သမိုင်းကြောင်းယဉ်ကျေးမှုများကို “The Guest of Sanxingdui”  ဆိုသည့် ဇာတ်ကားအမည်ဖြင့် ကမ္ဘာကျော်သရုပ်ဆောင် အာနိုးလ်က ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးပြီး ကမ္ဘာတစ်ဝန်းတွင် အောင်မြင်ခဲ့သည်။

စီချွမ်ပြည်နယ်၊ စန်းရှင်းသွေ့ (Sanxingdui) ပြတိုက်တွင် သမိုင်းအမွေအနှစ်များစွာ တစ်စထက် တစ်စ တူးဖော်ရရှိလာခြင်းများက ၎င်းပြည်နယ်၏ သမိုင်းကြောင်းယဉ်ကျေးမှုသည် မည်ကဲ့သို့ရှေးကျနေပြီလဲဆိုသည်ကို ပါးစပ်ပြောဖြင့် ဖော်ပြစရာမလိုဘဲ ရုပ်ကြွင်းပစ္စည်းများက သက်သေပြလျက်ရှိနေပေသည်။

အမွန်