【 နိုင်ငံတကာဆောင်းပါး 】 တစ်ရက်ထက်ပိုသော ချစ်သူများနေ့များ - ၁

【 နိုင်ငံတကာဆောင်းပါး 】 တစ်ရက်ထက်ပိုသော ချစ်သူများနေ့များ - ၁

ချစ်သူများနေ့လို့ဆိုလိုက်ရင် မကြာသေးမီက ဖြတ်သန်းခဲ့ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကိုတော့ အားလုံးနီးပါးက ရင်းနှီးပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ လေ့လာကြည့်မယ်ဆိုရင် တကယ်တမ်းတော့ ကမ္ဘာ့နိုင်ငံသီးသီးမှာရှိတဲ့ လူ့အသိုင်းအဝန်းမှာ မတူညီတဲ့ ပုံပြင်တွေ၊ ဒဏ္ဏာရီတွေ၊ ဇာတ်ကြောင်းတွေနဲ့အတူ ကိုယ်စီအသိအမှတ်ပြုပြီး ပြုလုပ်ကြတဲ့ ချစ်သူများနေ့တွေ ရှိနေကြပါတယ်။

ဒီအထဲ အနီးစပ်ဆုံးမြင်ရမှာက တရုတ်နိုင်ငံမှာဆိုရင် ဖေဖော်ဝါရီလ (၁၄) ရက်အဖြစ် သိကြတဲ့ ချစ်သူများနေ့အပြင် တစ်နှစ်တာအတွင်း ချစ်သူများနေ့လို့ သတ်မှတ်ထားကြတဲ့ ရက်ပေါင်းက (၆) ရက်အထိရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ဒီလိုရက်တွေမှာ တရုတ်လူမျိုးတွေက အချစ်သင်္ကေတ လက်ဆောင်ပေးတာ၊ ပျော်ရွှင်ဖွယ်တွေ့ဆုံတာ၊ လက်ထပ်ခွင့်တောင်းတာတွေကို ပြုလုပ်ကြတာဖြစ်ပါတယ်။

ဒီတော့ အခုတစ်ခါ ဆောင်းပါးကဏ္ဍမှာတော့ ချစ်သူများနေ့သတ်မှတ်ရက်အဖြစ် ရက်ပေါင်း (၆) ရက်အထိရှိနေတဲ့ တရုတ်နိုင်ငံက ချစ်သူများနေ့တွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

          (၁) ဖေဖော်ဝါရီ ၁၄ - ချစ်သူများနေ့

အများစုရင်းနှီးပြီးသား ဗယ်လင်တိုင်းဒေး (Valentine's Day) လို့ပဲ ခေါ်ကြတဲ့ ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ကို တရုတ်နိုင်ငံမှာ လူငယ်၊ လူရွယ်တွေက အသိအမှတ်ပြု ပါဝင်ဆင်နွှဲကြတာကြောင့် တရုတ်နိုင်ငံက ချစ်သူများနေ့ထဲက တစ်ရက်အဖြစ် ပါဝင်ပါတယ်။အဲဒီနေ့မှာဆိုရင် တရုတ်နိုင်ငံမှာ အခြားနိုင်ငံတွေနည်းတူ ချစ်သူစုံတွဲတွေက ချစ်ခြင်းမေတ္တာကို ပြသကြလေ့ရှိပြီး လူငယ်တွေကြားမှာလည်း ဖက်ရှင်တစ်ခုအနေနဲ့ ရှိနေကြပါတယ်။

          (၂) တရုတ်နှစ်သစ်ကူးပြီး ၁၅ ရက်မြောက်နေ့ - မီးပုံးပွဲတော်

ဒီရက်ကတော့ အားလုံးသိကြတဲ့အတိုင်း တရုတ်နွေဦးပွဲတော် (တရုတ်နှစ်သစ်ကူး) ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ ဒီပွဲတော်ကို ချစ်သူများနေ့အဖြစ် မကျင်းပကြတော့ပါဘူး။ဒါပေမဲ့ အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ တရုတ်နွေဦးပွဲတော် (တရုတ်နှစ်သစ်ကူး) ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ မီးပုံးပွဲတော်ကာလမှာဆိုရင် လူငယ်တွေအတွက် မြို့ထဲကို အုပ်ထိန်းသူတွေ မလိုက်ပါဘဲ ဖြတ်သန်းသွားလာခွင့်ပြုတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ဒါကြောင့် ချစ်သူနဲ့ဆုံတွေ့နိုင်တဲ့နေ့ဖြစ်ခဲ့ပြီး တရုတ်သမိုင်းဝင် တီဗီဒရာမာတွေမှာဆိုရင် မကြာခဏပါဝင်လေ့ရှိတာလည်းဖြစ်ပါတယ်။

          (၃) မတ်လ ၁၄ ရက် - အဖြူရောင် ချစ်သူများနေ့

အဖြူရောင် ချစ်သူများနေ့ကတော့ ၁၉၇၈ ခုနှစ် ဂျပန်နိုင်ငံက စတင်ခဲ့တာဖြစ်ပါတယ်။အခုတော့ ဒီပွဲတော်က တခြားအာရှနိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေကိုလည်း ပျံ့နှံ့လျက်ရှိပါတယ်။ဒီနေ့ကတော့ ဖေဖော်ဝါရီ ၁၄ ရက်အပြီး နောက်တစ်လမှာ ဖေဖော်ဝါရီလက သူတို့ကိုလက်ဆောင်တွေပေးခဲ့သူတွေကို လူတွေက လက်ဆောင်တွေ အပြန်အလှန်ပြန်ပေးကြတာဖြစ်ပါတယ်။

          (၄) မေလ ၂၀ ရက် - ၅၂၀ ပွဲတော်

မေလ ၂၀ ရက် - ၅၂၀ ပွဲတော်ကတော့ တရုတ်နိုင်ငံမှာရှိတဲ့ တရားဝင်မဟုတ်တဲ့ ချစ်သူများနေ့ကို ရည်ညွှန်းပါတယ်။တရုတ်အင်တာနက်ဘန်းစကားမှာ “၅၂၀” နံပါတ်ဆိုတာ တရုတ်လို “Wo Ai Ni” ဒါမှ မဟုတ်“I Love You” ဆိုတဲ့ အသံထွက်နဲ့ ဆင်တူတယ်လို့ ဖော်ပြကြပါတယ်။ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ဗယ်လင်တိုင်းဒေး (Valentine's Day) အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို သတ်မှတ်ထားပေမယ့် တရုတ်မှာတော့ မေလ ၂၀ ရက် - ၅၂၀ ပွဲတော်အပါအဝင် Qixi ပွဲတော်တို့ကိုလည်း အသိအမှတ်ပြု လုပ်ဆောင်ကြပြီး တရုတ်ဗားရှင်းတွေအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ “ငါမင်းကိုချစ်တယ်” ဆိုတဲ့ သင်္ကေတအဖြစ် ၅၂၀ က အထူးအရေးပါတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။

          (၅) လပြက္ခဒိန် ၇လပိုင်း ၇ ရက်နေ့ - Qixi ပွဲတော်

ဒီပွဲတော်ကတော့ ချစ်သူများနေ့ကို ကိုယ်ပိုင်ဇာတ်လမ်းနောက်ခံနဲ့ တရုတ်ရိုးရာ ချစ်သူများနေ့အဖြစ် မကြာသေးမီနှစ်တွေက ပြန်လည်အသက်သွင်းခဲ့တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။လပြက္ခဒိန် ၇ လပိုင်း ၇ ရက်နေ့ - Qixi ပွဲတော်ကာလဟာ  တရုတ်နိုင်ငံမှာတော့ ဒီချစ်သူများနေ့တွေထဲ အစည်ကားဆုံး ကျင်းပတဲ့နေ့လို့လည်း ဆိုနိုင်ပါတယ်။

          (၆) နိုဝင်ဘာလ ၁၁ ရက်နေ့ Singles’ Day

နည်းနည်းပြုံးချင်စရာ နေ့တစ်နေ့လို့ ဆိုရမှာဖြစ်မယ်ထင်ပါတယ်။မူရင်းကတော့ Bachelors’ Day လို့ ခေါ်ခဲ့ကြတဲ့နေ့ဖြစ်ပြီး အဲဒီနေ့ကို နိုဝင်ဘာ (၁၁) ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။အကြောင်းအရင်းက (၁၁/၁၁) မှာ တစ်ဂဏန်းက တစ်ကိုယ်တည်း၊ တစ်ယောက်တည်းကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်နဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။ဒီမှာသဘောကျစရာကောင်းတာက Singles’ Day ပေါ်လာတဲ့အကြောင်းဖြစ်ပါတယ်။သမိုင်းကြောင်းအရ ချစ်သူများနေ့ကို ဆန့်ကျင်တဲ့အနေနဲ့ ပေါ်လာတယ်လို့ ဖော်ပြကြပြီး ၁၉၉၃ ခုနှစ် လောက်က  Nanjing တက္ကသိုလ်ကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်  ဒီနေ့မှာမှာဆိုရင် Single တွေက သူတို့ကိုယ်သူတို့ လက်ဆောင်ပေးပါတယ်။အရပ်ထဲမှာပြောကြလေ့ရှိတဲ့ တစ်ကိုယ်တည်းသမားတွေက ခပ်ချေချေ ကိုယ့်ကိုယ်ကိုဆုချတာလို့ ပြောဆိုတာမျိုးကို မှတ်မိကြမယ်ထင်ပါတယ်။သူတို့အတွက် လိုချင်တဲ့ ပစ္စည်းလေးတွေကို ကိုယ်တိုင်ဝယ်ပြီး ကျေနပ်ပျော်ရွှင်ကြရတဲ့နေ့လည်းဖြစ်ပါတယ်။ဒါကြောင့် တရုတ်နိုင်ငံမှာဆိုရင် စျေးဝယ်ရာသီအဖြစ် သိကြပါတယ်။

သူငယ်ချင်းတွေစုပြီး တွေ့ကြတာတွေ လက်ဆောင်တွေ အပြန်အလှန်ပေးကြတာတွေလည်း လုပ်လေ့ရှိပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ Singles’ Day က သမီးရည်းစားနေ့လိုဖြစ်လာပြီး တရုတ်နိုင်ငံမှာ  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းကဆိုရင် မြို့တော် ပေကျင်းမှာ စုံတွဲပေါင်း ၄၀၀၀ ကျော် လက်ထပ်ခဲ့ကြပြီး နေ့စဉ်ထိမ်းမြားလက်ထပ်မှု ပျမ်းမျှ ၇၀၀ ထက် များစွာပိုများခဲ့တာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာတွေကတော့ ချစ်သူများနေ့အဖြစ် သတ်မှတ်ထားတဲ့နေ့တွေအကြောင်းဖော်ပြရင်း အဲဒီထဲက တစ်နှစ်တာမှာ ချစ်သူများနေ့ (၆) ရက်အထိ အသိအမှတ်ပြုပါဝင်လျက်ရှိတဲ့ တရုတ်နိုင်ငံက နေ့ရက်တချို့ကို အပိုင်း (၁) အနေနဲ့ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

လာမယ့်ဆောင်းပါးကဏ္ဍမှာတော့ ချစ်သူများနေ့တွေထဲကမှ တရုတ်မှာ ရိုးရာအကျဆုံး ချစ်သူများနေ့အကြောင်းကို “တစ်ရက်ထက်ပိုသော ချစ်သူများနေ့များ” အပိုင်း (၂) အဖြစ် ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ကြောင်း အသိပေးရင်း အခုတစ်ခေါက် ဆောင်းပါးကိုတော့ ဒီမှာပဲရပ်နားလိုက်ချင်ပါတယ်။

မိုးသား