【 နိုင်ငံတကာဆောင်းပါး 】 တစ်ရက်ထက်ပိုသော ချစ်သူများနေ့များ - ၂

【 နိုင်ငံတကာဆောင်းပါး 】 တစ်ရက်ထက်ပိုသော ချစ်သူများနေ့များ - ၂

လူတွေကြားမှာ ရေပန်းစားတဲ့ ချစ်သူများနေ့တွေ ကမ္ဘာပေါ်က နိုင်ငံအလိုက်မှာရှိနေလို့ တစ်ရက်ထက်ပိုတဲ့ ချစ်သူများနေ့တွေအကြောင်း ဖော်ပြပေးတဲ့အခါ အခုတော့ (အပိုင်း - ၂) ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။

ဒီအထဲ တစ်နှစ်တာမှာ ချစ်သူများနေ့ (၆) ရက်အထိ အသိအမှတ်ပြု ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံက နေ့ရက်တချို့အကြောင်းကို အပိုင်း (၁) မှာ ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် အခုအပိုင်းမှာတော့ တရုတ်နိုင်ငံက ချစ်သူများနေ့ (၆) ရက်ထဲက ရိုးရာအကျဆုံးနေ့အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

          တရုတ်မှာ ရိုးရာအကျဆုံး ချစ်သူများနေ့က ဘယ်နေ့လဲ ?

ချစ်သူများနေ့ကို အသိအမှတ်ပြုပါဝင်ကြတဲ့ နေ့ရက်တွေထဲ တရုတ်မှာ ရိုးရာအကျဆုံးနေ့ကတော့ Qixi ပွဲတော်နေ့ဖြစ်ပါတယ်။အပိုင်း (၁) မှာ ဖော်ပြခဲ့တဲ့ ရက်တွေထဲက တရုတ်ပြက္ခဒိန်ရဲ့ (၇) လပိုင်း (၇) ရက်နေ့မှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ဒီနေရာမှာ Qixi ကို “Evening of the Sevens” လို့လည်း တင်စား အဓိပ္ပါယ်ဖွင့်ကြပါတယ်။ခရစ်ပြက္ခဒိန်မှာတော့ ပုံမှန်အနေနဲ့ သြဂုတ်လမှာ ကျရောက်လေ့ရှိပြီး ၂၀၂၃ ခုနှစ်က သြဂုတ်လ ၂၂ ရက်ဟာ ပွဲတော်နေ့ဖြစ်ပါတယ်။ Qixi ပွဲတော်ကို ချစ်သူများနေ့အဖြစ် အသိအမှတ်ပြု ဆင်နွှဲရတဲ့ အကြောင်းအရင်းကို ကြည့်ရင်တော့ နွားကျောင်းသားနဲ့ နတ်သမီးလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ရှေးဟောင်း တရုတ်ဒဏ္ဍာရီ ပုံပြင်တစ်ခုကနေလာတယ်လို့ ဆိုရမှာဖြစ်ပြီး အနောက်ဟန်မင်းဆက် (ဘီစီ ၂၀၆ မှ အေဒီ ၆) ရာစုအချိန်က ဇတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

          ယက္ကန်းနတ်သမီးလေးနဲ့ နွားကျောင်းသားလေး ပုံပြင်

ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို အိမ်မက်ဆန်ဆန် ဒီဇာတ်လမ်းလေးမှာ ဟိုးတစ်ချိန်က အရမ်းဆင်းရဲနွမ်းပါးတဲ့ နွားကျောင်းသားလေး (Niúláng) အတွက် သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ နွားတစ်ကောင်ပဲရှိပါတယ်။ဖြစ်ချင်တော့ သူ့ရဲ့တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်တဲ့ နွားက နတ်နွားတစ်ကောင်ဖြစ်နေပြီး လူစကားပြောနိုင်လို့ နွားကျောင်းသားလေး အံ့သြဝမ်းသာသွားရပါတယ်။နတ်နွားကတော့ ဖူးစာဖက်မရှိဘဲ အထီးကျန်နေတဲ့ နွားကျောင်းသားလေးကို အကြံပေးလို့ နွားကျောင်းသားလေးက ရေကန်နားမှာ သွားစောင့်နေခဲ့ပါတယ်။

အမှန်တကယ်မှာလည်း နွားကျောင်းသားလေး (Niúláng) ဟာ နွားအကြံပေးတဲ့အတိုင်း ရေကန်မှာစောင့်ရင်း နတ်သမီးတွေကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။နတ်သမီးခုနစ်ဖော်ဟာ ကောင်းကင်ကနေ ဆင်းသက်ပြီး ရေချိုးကြတဲ့အခါ (Niúláng) ဟာ သူမတို့ရဲ့ ကောင်းကင်ပျံနိုင်တဲ့ နတ်ဝတ်စုံတွေကို ဖွက်ထားလိုက်ပါတယ်။နောက်တော့ နတ်သမီးခုနစ်ဖော်ဟာ ကောင်းကင်ကိုပြန်ဖို့အတွက် နတ်ဝတ်စုံတွေမရှိလို့ အခက်တွေ့ခဲ့ရပြီးနောက်တော့ သဘောတူညီမှုရယူပြီး အငယ်ဆုံးနတ်သမီးလေးက လူ့ပြည်မှာ နေခဲ့ရပါတော့တယ်။အငယ်ဆုံးနတ်သမီးလေးကတော့ (Zhinu) ဖြစ်ပြီး သူမကိုတော့ ယက္ကန်းနတ်သမီးလေးလို့ လူသိများတာဖြစ်ပါတယ်။

နောက်တော့ နွားကျောင်းသားလေး (Niúláng) ဟာ ပြန်ဖို့ ဝတ်စုံမရှိလို့ ကောင်းကင်ကို မပြန်နိုင်ရှာဖြစ်နေတဲ့ နတ်သမီးလေးကိုမြင်ပြီး သူ့ရဲ့လုပ်ရပ်အတွက် နောင်တရခဲ့ပါတယ်။နွားကျောင်းသားလေးဟာ နတ်သမီးလေး (Zhinu) ရဲ့ အဝတ်အစားတွေကို ပြန်ပေးလိုက်တဲ့အချိန် နတ်သမီးလေးနဲ့ သူဟာ မြင်မြင်ချင်းပဲ အရမ်းကိုချစ်သွားကြပါတယ်။ဒီလိုနဲ့ နတ်သမီးလေး (Zhinu) ဟာ နွားကျောင်းသားလေးနဲ့အတူ ကမ္ဘာမြေပေါ်မှာ (၃) နှစ်ကြာအောင် နေထိုင်ပြီး သူတို့နှစ်ဦးမှာ သားသမီး (၂) ဦး ထွန်းကားလာခဲ့ပါတယ်။

အဲဒီအချိန်မှာဘဲ ယက္ကန်းနတ်သမီးလေး (Zhinu) ရဲ့ ညီအစ်မတွေဟာ ကောင်းကင်ဘုံကို ပြန်ရောက်သွားပြီး အငယ်ဆုံးနတ်သမီးလေး (Zhinu) ပြန်မလာတော့တဲ့အကြောင်းကို သိလိုက်ရတော့ ယက္ကန်းနတ်သမီးလေး (Zhinu) ရဲ့ မိဘတွေဖြစ်တဲ့ ကောင်းကင်ဘုံရှင်ဘုရင်နှင့် မိဖုရားတို့ဟာ စိတ်မကောင်းဖြစ်သွားကြပါတော့တယ်။တစ်ချိန်တည်းမှာပဲ သူမကိုပြန်ခေါ်ဆောင်ဖို့ ကောင်းကင်တမန်စစ်သည်တွေကို ကမ္ဘာမြေပေါ်ကို စေလွှတ်လိုက်ကြပါတယ်။ဒီလိုနဲ့ နတ်သမီးလေး (Zhinu) တစ်ယောက် သူ့ချစ်သူနဲ့ မိသားစုကို ခွဲခွာလို့ ကောင်းကင်ဘုံပေါ် ပြန်ပါသွားရပါတယ်။

ဒါပေမဲ့ နွားကျောင်းသားလေးက ချစ်သူဖြစ်တဲ့ (Zhinu) နဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားပါတော့တယ်။သူဟာ သာမန်လူသားတစ်ယောက်ဖြစ်နေတော့ ကောင်းကင်ခရီးကိုသွားဖို့ အခက်အခဲဖြစ်နေရပါတယ်။ဒါပေမဲ့ သူ့ကို သူမွေးထားတဲ့ နတ်နွားဆီက သူမထင်တဲ့ အကူအညီရလာခဲ့ပါတယ်။နွားက သူ့ကိုသတ်ပြီး သူ့အရေခွံကိုခြုံရင်း ကောင်းကင်ဘုံကိုသွားဖို့ ပြောလာတာဖြစ်ပါတယ်။နွားကျောင်းသားလေးကတော့ နွားကို မသတ်ရက်ခဲ့ပါဘူး။အဲဒီနောက် နောက်ဆုံး သူ့ရဲ့ နွားကိုယ်တိုင်က အသက်စတေးခံခဲ့လို့ နွားရဲ့အရေခွံနဲ့ နွားကျောင်းသားလေးက နတ်သမီးလေးရှိရာကို လိုက်သွားနိုင်ပါတော့တယ်။နွားကျောင်းသားလေးဟာ သူ့ရဲ့ ကလေး (၂) ဦးကိုခေါ်ပြီး နတ်သမီးလေးနဲ့ ခိုးခိုးတွေ့ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့အဖြစ်ကို ကံမကောင်းစွာပဲ နောက်ဆုံးတော့ ကောင်းကင်မိဖုရားက သိသွားပြန်ပါတော့တယ်။နောက်တော့ ခွဲခွာဖို့အတွက် ဖြစ်လာရပြန်ပြီး နတ်သမီးလေး (Zhinu) နဲ့  နွားကျောင်းသားလေး (Niulang) ကြားမှာ တွေ့ဆုံလို့မရအောင် မိဖုရားက ပြုလုပ်ပါတော့တယ်။မိဖုရားက သူမရဲ့ ဆံထိုးနဲ့ပစ်ပြီး ကောင်းကင်မှာ ငွေရောင်မြစ်တစ်စင်းကို ဖန်တီးလိုက်ပါတယ်။ဒါကြောင့် လူ့ပြည်နဲ့ နတ်ပြည်ဟာ စည်းခြားသွားပါတော့တယ်။နွားကျောင်းသားလေး (Niulang) အတွက်တော့ စည်းခြားလိုက်တဲ့ ငွေရောင်မြစ်ကိုဖြတ်ပြီး မပျံသန်းနိုင်တော့လို့ သူတို့တွေ ဝေးကွာမှုကို ကြုံတွေ့ရပြီး လွမ်းဆွတ်ခံစားရပါတော့တယ်။တစ်ဖက်မှာလည်း နတ်သမီး (Zhinu) ဟာ လူ့ပြည်က သူ့မိသားစုကိုကြည့်ရင်း အမြဲလိုလို ငိုကြွေးနေရပြီး ခင်ပွန်း (Niulang) ကလည်း ကလေးနှစ်ဦးနဲ့အတူ သူ့ချစ်သူကို လှမ်းကြည့်လို့ ဝမ်းနည်းနေရပါတော့တယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ သူ့တို့နှစ်ဦးကို သနားတဲ့ ကောင်းကင်ပေါ်က ပျံလွှားငှက်ကလေးတွေဟာ တစ်နှစ်ကို တစ်ကြိမ် တိတ်တဆိတ် တွေ့ဆုံစေနိုင်ဖို့အတွက် တံတားအဖြစ် လာရောက်ဖန်တီးပေးကြပါတယ်။ဒါကိုမြင်တော့ မိဖုရားလည်း ကရုဏာစိတ်နဲ့အတူ နောင်တရပြီး သတ္တမလရဲ့ ခုနစ်ရက်မြောက်နေ့မှာ ၎င်းတို့ရဲ့တံတားကို နှစ်စဉ်နှစ်တိုင်း ပြန်လည်တည်ဆောက်ခွင့်ပြုခဲ့ပြီး ချစ်သူနှစ်ဦးကို တစ်နှစ် တစ်ကြိမ် ပြန်လည်ဆုံစည်းခွင့်ပေးခဲ့ပါတယ်။

ဒီဇာတ်လမ်းထဲက တစ်ခုကို ရိုမန့်စ်ဆန်ဆန် ပြောရရင် ချစ်သူနှစ်ဦးကို ကြယ်တွေနဲ့အတူ ညကောင်းကင်မှာ တွေ့နိုင်တယ်လို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ “Altair” ကြယ်ဟာ နွားကျောင်းသားလေးကို ကိုယ်စားပြုပြီး နဂါးငွေ့တန်းဂလက်ဆီရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ “Vega” ကြယ်ကတော့ ယက္ကန်း နတ်သမီးလေးကို ကိုယ်စားပြုတယ်ဆိုတဲ့ ဖော်ပြမှုတွေကြောင့်ဖြစ်ပါတယ်။

          တရုတ်နိုင်ငံမှာ Valentine's Day အမျိုးမျိုးကို ဘယ်လိုကျင်းပကြလဲ ?

ဒီလိုနဲ့ Qixi ပွဲတော်ကို “အစစ်အမှန်” တရုတ်ချစ်သူများနေ့ Chinese Valentine's Day အဖြစ် လက်ခံလာကြပါတယ်။ဒါပေမဲ့ တစ်ဖက်မှာတော့  ဖေဖော်ဝါရီ (၁၄) ရက် ချစ်သူများနေ့ကိုလည်း ပျော်ရွှင်စွာ ဆင်နွှဲကြပါသေးတယ်။ချစ်သူခင်သူတွေအဖို့ ချစ်သူများနေ့ (၂) ရက်၊ (၂) ခါဖြစ်လည်း ပျော်စရာ (၂) ဆဖြစ်တာပဲ ဖြစ်ပါတယ်။ (၂) ရက်လုံးမှာ ချစ်သူတွေ၊ လက်တွဲဖော်တွေဟာ ချစ်ခြင်းမေတ္တာကို ဖော်ပြလေ့ရှိကြပါတယ်။ပန်းလေးတွေ ပေးတာ ဒါမှမဟုတ် လက်ဆောင်တွေကို ပေးကြပါတယ်။ညစာ အတူစားကြပြီး ရုပ်ရှင်အတူကြည့်တာမျိုးကိုလည်း နှစ်သက်ကြပါတယ်။ဒီလိုရက်မှာ လက်ထပ်ထိမ်းမြားမှု မင်္ဂလာကိုလည်း အများအပြားပြုလုပ်ကြလေ့ရှိပါတယ်။

အထူးအနေနဲ့ Chinese Valentine's Day မှာတော့ နွားကျောင်းသားလေးနဲ့ ယက္ကန်းနတ်သမီးလေးတို့ကို ကိုယ်စားပြုတဲ့ Vega နဲ့ Altair ကြယ်တွေကို ရှာဖွေဖို့ကလည်း တရုတ်လူမျိုး ချစ်သူစုံတွဲတွေကြားမှာ ပြောစမှတ်တွင်ပြီး ရှိနေကြပါတယ်။

မိုးသား