【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံထဲက ရီလူမျိုးများ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံထဲက ရီလူမျိုးများ

ရီ (Yi) လူမျိုးဆိုတာကတော့ တရုတ်နိုင်ငံထဲက ယူနန်ပြည်နယ်နဲ့ စီချွမ်ပြည်နယ်တွေထဲမှာ အများဆုံးတွေ့ရတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။

တရုတ်နိုင်ငံထဲက ယူနန်၊ စီချွမ်၊ ကွမ်ရှီနှင့် ကွေ့ကျိုး စတဲ့ ပြည်နယ်များတွင်လည်း ရီလူမျိုးများ ဖြန့်ကြက်နေထိုင်ကြပါတယ်။  

တရုတ်နိုင်ငံအတွင်းမှာ ရီလူမျိုး အများဆုံးနေထိုင်လျက်ရှိသော နေရာဒေသကတော့ စီချွမ်ပြည်နယ်၊ လျန်စန်း၊ ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲဖြစ်ပါတယ်။ဒါ့အပြင် ရီလူမျိုးတွေဟာ ယူနန်ပြည်နယ်၊ ချူရှုန်ရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ယူနန်ပြည်နယ်၊ ဟွန်ဟယ်ဟားနှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ စသည့် နေရာဒေသများတွင်လည်း နေထိုင်ကြတာဖြစ်ပါတယ်။

ရီလူမျိုးများဟာ တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံး လူနည်းစုများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်နိုင်ငံထဲမှာ ရီလူမျိုး ၈ သန်းနီးပါး နေထိုင်ကြပါတယ်။

ရီလူမျိုးတွေ နေထိုင်ရာ ဒေသတွေဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး သူတို့ဟာ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြသလို ယွန်းပန်းချီ၊ ပန်းထိုးခြင်း၊ ငွေထည်အပါအဝင် လက်မှုပညာတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။

ရီလူမျိုးတွေမှာ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုနှင့် လက်ဆင့်ကမ်း ရိုးရာမျိုးဆက်များရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုလည်းရှိပါတယ်။ရီလူမျိုးဆိုင်ရာ အဓိကအစားအစာကတော့ အာလူး၊ ပြောင်း၊ ဆန်တို့ ဖြစ်ကြပါတယ်။

ရီလူမျိုးအိမ်သို့ အလည်အပတ်ရောက်ရှိပါက ၎င်းတို့က ရိုးရာအစားအစာများအပြင် အရက်ဖြူများဖြင့် ဧည့်ခံလေ့ရှိပြီး အရက်မသောက်မီ ရီလူမျိုးများက အရက်ကို ပျော်ရွှင်စိတ်ချမ်းသာစွာ သောက်ကောင်းစေရန် သီချင်းဆိုပြ၍ ရီလူမျိုးရဲ့ ဖော်ရွေမှုနှင့် စိတ်အားထက်သန်မှုကို ဖော်ပြလေ့ရှိပါတယ်။

ရီလူမျိုးစုတွင် မတူညီသော ရိုးရာပွဲတော်များ အများအပြားရှိပါတယ်။အခြားဒေသဆိုင်ရာ ပွဲတော်များနှင့် ဘုရားနှင့် ဘိုးဘေးများအား ပူဇော်ရန် လှုပ်ရှားမှုများ ပါဝင်ပါတယ်။ဒီထဲမှာ ရီလူမျိုးဆိုင်ရာ နှစ်သစ်ကူးပွဲတော်ကတော့ ရီလူမျိုးအတွက် အခမ်းနားဆုံး အထည်ဝါဆုံးဖြစ်သော ရိုးရာပွဲတော်ဖြစ်ပြီး ပွဲတော်ကာလ ၃ ရက်ကြာ ကျင်းပပါတယ်။

“ခုစ်” ဟု ရီဘာသာစကားဖြင့် ခေါ်ဝေါ်ပါတယ်။မီးပုံပွဲတော်ဟာ ရီလူမျိုးဆိုင်ရာ ရိုးရာပွဲတော်ဖြစ်ကာ နှစ်စဉ် နှစ်တိုင်း တရုတ်သက္ကရာဇ် ၆ လပိုင်း ၂၄ ရက်နေ့မှ စပြီး ၃ ရက်ကြာ ကျင်းပကြတာဖြစ်ပါတယ်။ပွဲတော်အချိန်ကာလတွင် ရီလူမျိုးများဟာ ဝတ်ကောင်းစားလှ ဝတ်ဆင်ပြီး မီးပုံကြီးကို ဝိုင်းပတ်ကာ ဆိုရင်းကရင်း ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းကြတာဖြစ်ပါတယ်။

ပွဲတော်ကာလမှာလည်း ပျော်ပွဲရွှင်ပွဲတွေ ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပကြပါသေးတယ်။အဲဒီလိုပျော်စရာကောင်းသော လှုပ်ရှားမှုများစွာကြောင့် အင်မတန်စည်ကားလှပါတယ်။

ဒါ့အပြင် “တစန်းရှန် (Da san xian) အက” လို့ အမည်ရသော “ကြိုးသုံးချောင်းတပ် တူရိယာအက” ကလည်း ရီတိုင်းရင်းသား ဆားနီ (Sa Ni) လူမျိုးနှင့် အားရှိ (A Xi) လူမျိုးတို့ အချင်းချင်း အပြန်အလှန်အကဖလှယ်၍ ဖန်တီးထွက်ပေါ်လာသော အကတစ်မျိုးဖြစ်ပါတယ်။စီလင် (Shi Lin) ရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်နှင့် မီလဲ့ (Mi Le) မြို့တို့ဟာ တောတောင်ရေမြေချင်း ထိစပ်နေသောကြောင့် Shi Lin မှ Sa Ni လူမျိုးနှင့် Mi Le မှ A Xi လူမျိုးတို့ဟာ ညီအစ်ကိုမောင်နှမရင်းချာသဖွယ် ဖြစ်နေပါတယ်။

အချိန်ကာလကြာရှည်စွာ အတူတကွ လုပ်ကိုင်စားသောက်ပြီး ယှဉ်တွဲနေထိုင်လာသည့်ကာလတွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အဆိုအက၊ အနုပညာများကို လေ့လာသင်ယူရာမှ ထူးခြားပြောင်မြောက်လှသော အကပုံစံစနစ်တစ်ခုအဖြစ် ယနေ့ထက်ထိတိုင်အောင် လက်ဆင့်ကမ်း ထွန်းကားလာတာဖြစ်ပါတယ်။

ရီလူမျိုးတွေရဲ့ ပန်းထိုးမှုပညာဟာလည်း တရုတ်မြေပေါ်မှ တောက်ပနေသော ယဉ်ကျေးမှုရတနာဖြစ်ပြီး သမိုင်းမြစ်ရေစီးကြောင်းတွင် နှစ်ပေါင်း ၁၇၀၀ ကျော် လက်ဆင့်ကမ်းလာပြီးဖြစ်ပါတယ်။ရီလူမျိုး မိသားစုများကလည်း ရီလူမျိုး မိန်းကလေးများဟာ အပ်ကိုင်တတ်တယ်၊ ပန်းထိုးတတ်တယ်ဆိုပြီး မကြာခဏဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ရီ မိန်းကလေးတစ်ယောက်ဟာ ပန်းထိုးခြင်းအလုပ်ကို ကောင်းကောင်းမလုပ်နိုင်သရွေ့ သူမဟာ မည်မျှပင်လှပါစေ ခင်ပွန်းသည်ကို ရှာဖွေရန် ခက်ခဲနေသေးတယ်ဆိုပြီးလည်း ပြောလေ့ရှိပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံကိုရောက်လာတဲ့ ခရီးသွားတွေဟာလည်း ရီလူမျိုးတို့၏ နွေးထွေးဖော်ရွေသော ဧည့်ခံမှုကို ခံစားလေ့လာနိုင်ဖို့နဲ့ မတူညီတဲ့ လူမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအငွေ့အသက်တွေကို ခံစားနိုင်ဖို့အတွက် ရီမျိုးနွယ်စုတွေရှိရာ ဒေသတွေကို သွားရောက်လည်ပတ်ကြတာဖြစ်ပါတယ်။

ခန့်မောင်