【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နှစ်သစ်ကူးကာလ ရွှေဝယ်ခြင်းအလေ့အထနဲ့ ထူးခြားချက်များ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နှစ်သစ်ကူးကာလ ရွှေဝယ်ခြင်းအလေ့အထနဲ့ ထူးခြားချက်များ

တရုတ်နှစ်သစ်ကူးကာလမှာ ထူးခြားချက်တစ်ခုကိုဆိုရရင် နှစ်သစ်ကူးမတိုင်မီ ဒီဇင်ဘာလလောက်ထဲက ရွှေဝယ်ယူမှု ပုံမှန်ထက်မြင့်တက်တဲ့ အစဉ်အလာဖြစ်ပါတယ်။

ကာလကြာရှည်စွာ တည်ရှိခဲ့တဲ့ အစဉ်အလာ တစ်ခုဖြစ်ပြီး  ဒီနေ့ခေတ်မှာလည်း လူနေမှုပုံစံနဲ့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ တရုတ်လူမျိုးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာဆိုရင် ရွှေဟာ ကိုင်ဆောင်သူကို ကံကောင်းစေတယ်လို့ ယုံကြည်နေကြပါတယ်။

ဒါကြောင့် သေချာကြည့်မယ်ဆိုရင် တရုတ်တန်းတွေ၊ ဘုံကျောင်းတွေမှာ အနီရောင်တွေနဲ့ အလှဆင်မှုတွေအပြင် နောက်ထပ်ထည့်သွင်း အသုံးပြုတဲ့ အရောင်က ရွှေရောင်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဟာ ကောင်းခြင်းမင်္ဂလာနဲ့ပတ်သက်လို့ ကြီးမားတဲ့ အယူအဆရှိကြတဲ့ တရုတ်လူမျိုးတွေမှာ မင်္ဂလာအရောင်ဖြစ်တဲ့ အနီရောင်အပြင် နောက်ထပ်အနေနဲ့ ရွှေရောင်ကို ဘယ်လိုကိုယ်စားပြုတဲ့ အကြောင်းအရင်းကြောင့် မြတ်နိုးတန်ဖိုးထားကြတာပါလဲဆိုတာလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

           သမိုင်းအယူအဆနဲ့ ရွှေ

တရုတ်ပြည် သမိုင်းတစ်လျှောက်မှာတော့ ရွှေကို ဧကရာဇ်မင်းမြတ်တွေရဲ့ သြဇာအာဏာကို ကိုယ်စားပြုတဲ့ အရောင်နဲ့ နိမိတ်အဖြစ် အသုံးပြုခဲ့တယ်လို့ ဖော်ပြမှုတွေရှိပါတယ်။

အဝါရောင်နဲ့ ရွှေရောင်ဟာ မြင့်မြတ်မှုကို ကိုယ်စားပြုတဲ့အပြင် ဝိညာဉ်ရေးရာနယ်ပယ်ကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ဒါ့ကြောင့် သမိုင်းစဉ်ဆက်ထဲက ရွှေကို အကောင်းမြင်အရောင်အဖြစ် ရှုမြင်ခဲ့ကြတာကို တွေ့ရပါတယ်။ဒါပေမဲ့ အခြားဖော်ပြမှုတွေမှာ တွေ့ရတာက တရုတ်လူမျိုးတွေဟာ “တန်မင်းဆက်” လက်ထက်မှာ ရွှေတွေကို ကြိုက်နှစ်သက်ခဲ့ခြင်း မရှိသေးဘူးလို့လည်း ဖော်ပြကြပါတယ်။

           ဗုဒ္ဓဘာသာလွှမ်းမိုးမှုနဲ့ ရွှေ
 
အခြားတစ်ဖက်မှာတော့ တရုတ်လူမျိုးတွေက ရွှေနဲ့ပတ်သက်လို့ အကောင်းမြင် သတ်မှတ်တာက ဗုဒ္ဓဘာသာလွှမ်းမိုးချိန်နဲ့လည်းပတ်သက်တယ်လို့ ဆိုကြပါတယ်။တရားတော်တွေမှာ ရွှေနဲ့ပတ်သက်တဲ့ ဇာတ်တော်အကြောင်းအရာတွေ ပါဝင်သိရှိမှုကနေ ရွှေရဲ့အရောင်ကိုအသိအမှတ်ပြုလာကြတယ်လို့လည်း ဖော်ပြကြ ပါတယ်။အဲဒီနောက်မှာတော့ ရွှေကို ပွဲလမ်းသဘင်၊ အလှူမင်္ဂလာတွေမှာ တန်ဖိုးထားတဲ့ အရောင်အနေနနဲ့ ထည့်သွင်းလာကြသလို ဗုဒ္ဓဆင်းတုတော်နဲ့ ဝိညာဏ်ရေးရာရုပ်ထုတွေထုလုပ်ရာမှာလည်း အသုံးပြုခဲ့ကြတယ်လို့ ဖော်ပြမှုတွေရှိပါတယ်။

           ရှေးဒဏ္ဍာရီနဲ့ ရွှေအယူအဆ

တရုတ်နှစ်သစ်ကူးကာလမှာ ချစ်ခင်ရသူတွေကို ဝယ်ယူပြီး ပေးကမ်းတဲ့ လက်ဆောင်ထဲ ရွှေလက် ဝတ်ရတနာက ရေပန်းအစားဆုံးပစ္စည်းထဲ ပါဝင်ပါတယ်။ဒီနေရာမှာ သတိထားမိရင် အန်ပေါင်းဆိုတဲ့ စာအိတ်နီတွေကို သတိထားမိမှာဖြစ်ပါတယ်။ဒီစာအိတ်နီတွေရဲ့အပေါ်မှာ ရွှေစာလုံးတွေကို ထည့်သွင်းထားကြပါတယ်။ဒါဟာ ရှေးဒဏ္ဍာရီ ကနေ ဆင်းသက်လာတဲ့ ဓလေ့ဖြစ်ပြီး ပုံပြင်အရ ကလေးတွေကို ထိတ်လန့်ဖျားနာစေတဲ့ နတ်ဆိုး Sui ဟာ ကလေးတစ်ဦးကိုပေးထားတဲ့ ရွှေဒင်္ဂါးအိတ်လေးကနေ ထွက်လာတဲ့ အလင်းရောင်ကြောင့် ထိတ်လန့်ခဲ့ရာက နောက်ပိုင်း နတ်ဆိုး Sui ကို တားဆီးဖို့အတွက် ငွေဖြည့်ထားတဲ့ အိတ် အနီတွေပေးတဲ့ဓလေ့ ဖြစ်လာတယ်လို့ ဖော်ပြမှုလည်း တွေ့ရပါတယ်။

           အစားအသောက်နဲ့ ရွှေနိမိတ်

ရွှေကို တရုတ်လူမျိုးတွေက တရုတ်နှစ်သစ်ကူး အစားအသောက်လောကမှာလည်း ထည့်သွင်းထားကြတာ တွေ့ရမှာဖြစ်ပါတယ်။ပွဲတော်ရဲ့ ပထမနေ့တွင်မှာဆိုရင် jiaozi လို့ခေါ်တဲ့ ဖက်ထုပ်တွေကို စားကြလေ့ရှိပါတယ်။ဒီနေရာမှာ ဖက်ထုပ်လေးတွေကို Ingot လို့ခေါ်တဲ့ ရှေးဟောင်း ရွှေတုံးပုံစံမျိုး‌လေး လုပ်ထားကြတာ ဖြစ်ပါတယ်။နောက်ထပ်အနေနဲ့တော့ နှစ်သစ်အတွက် ကံကောင်းခြင်း၊ ချမ်းသာခြင်း သင်္ကေတအဖြစ် ရွှေသတ္တုပါးနဲ့ ပတ်ထားတဲ့ ချောကလက် အကြွေစေ့တွေ၊ အတုံးကလေးတွေကလည်း စျေးကွက်အနေနဲ့ ရှိသလို လက်ဆောင် အဖြစ်လည်း ပေးအပ်အသုံးပြုရာမှာလည်း တွင်ကျယ်လျက်ရှိပါတယ်။

အခြားတစ်ဖက်မှာတော့ ဒီလိုအယူအဆတွေအပြင် ကမ္ဘာမှာတန်ဖိုးရှိတဲ့ သတ္တုဖြစ်တာကြောင့်လည်း တရုတ်လူမျိုးတွေက ရွှေတုံးတွေနဲ့ ဒင်္ဂါးတွေကို နှစ်သက်ကြတာဖြစ်ပါတယ်။လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး ရွှေကိုတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ်လည်း ယူဆကြပါတယ်။

ဒါ့ကြောင့် တရုတ်လူမျိုးတွေက ချစ်ခင်သူတွေကို ရွှေချောင်း (သို့မဟုတ်) ရွှေဒင်္ဂါးတွေ ပေးကမ်းတာနဲ့ လာမယ့်နှစ်အတွက် ကံကောင်းခြင်းနိမိတ်အဖြစ် ပေးဆောင်ကြတာလည်းဖြစ်ပါတယ်။

မိုးသား