【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နှစ်သစ်ကူး ဝတ်စားဆင်ယင်မှုနဲ့ အသစ်ဝတ်ဆင်ခြင်းဓလေ့

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နှစ်သစ်ကူး ဝတ်စားဆင်ယင်မှုနဲ့ အသစ်ဝတ်ဆင်ခြင်းဓလေ့

တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်) ကာလမှာ တရုတ်လူမျိုးတွေက အဝတ်အစားသစ်တွေ ၀တ်ဆင်ကြလေ့ရှိတာကို တွေ့မြင်ဖူးကြမှာဖြစ်ပါတယ်။
 
ဒီလိုနှစ်သစ်ကူးကာလအတွင်း အဝတ်အစားသစ် ဝတ်ဆင်ကြရာမှာ ရိုးရာပုံစံ အဝတ်အစားတွေကိုလည်း ဝတ်ဆင်ကြတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။အခုတစ်ခေါက်မှာတော့ နှစ်သစ်ကူးမှာ ဘာလို့အဝတ်အစားသစ်တွေ ဝတ်ဆင်ကြလဲဆိုတာနဲ့ နောက်ပြီး ဒီကာလမှာတွေ့ရတဲ့ ရိုးရာပုံစံတွေက ဘယ်ခေတ်က ဘယ်လိုအမျိုးအစားတွေလည်း၊ ခေတ်နဲ့အညီ ဘယ်လိုရှိလည်းဆိုတာကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။
 
အဝတ်အစားသစ်တွေ ဝတ်ဆင်ကြတဲ့ ဓလေ့ဟာ တရုတ်နှစ်သစ်ကူးအစဉ်အလာမှာ ရှေးအကျဆုံး ရိုးရာဓလေ့တစ်ခုလို့ ဆိုကြပါတယ်။ဒီဓလေ့ရဲ့ ရည်ရွယ်ချက်မှာတော့ အဟောင်းတွေကို ဖယ်လိုက်ပြီး နှစ်သစ်ကူးအတွက် အဝတ်အစားသစ်တွေ ၀တ်ဆင်လိုက်တာနဲ့အတူ ကောင်းခြင်းမင်္ဂလာကို ရရှိနိုင်ဖို့ပဲဖြစ်ပါတယ်။ဆိုတော့ ဒါနဲ့ပတ်သက်လို့ အချက်တချို့ကို တစ်ခုချင်းစီ ဖော်ပြပေးလိုပါတယ်။
 
             ဘယ်အချိန် အဝတ်အစားအသစ် ဝတ်ရမလဲ ?
 
အဝတ်အစားသစ် ဝတ်ဆင်ရာမှာတော့ နှစ်သစ်ကူး ပထမနေ့မှာ ဝတ်ဆင်ကြလေ့ရှိပါတယ်။ဒီလိုဝတ်ဆင်ရာမှာတော့ ဘာဝတ်ရမယ်လို့ ကန့်သတ်ချက်မရှိဘဲ အဝတ်အစားအရောင်တွေအပေါ်မှာတော့ အယူအဆထားရှိကြတာကို တွေ့ရပါတယ်။ရှေးခေတ်ထဲက တရုတ်ပြည်မှာ နှစ်သစ်ကူးကာလဆိုရင် ခေတ်ကာလ ဖက်ရှင်ရေစီး ကြောင်းအတိုင်း ဝတ်ဆင်ကြတယ်လို့ ဖော်ပြမှုတွေရှိပါတယ်။ဒါကြောင့် နှစ်သစ်ကူးကာလမှာ အဆင်ပြေရာ ဝတ်လို့ရတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ရှေးထဲက တရုတ်ရိုးရာဝတ်စုံကို တရုတ်နှစ်သစ်ကူးဝတ်စုံအဖြစ် အသုံးပြုကြတာလည်းရှိနေတာကြောင့် ဒီနေ့အထိ ရိုးရာဝတ်စုံတွေက ရေပန်စားလျက် ရှိနေကြပါတယ်။
 
             ဘယ်ရိုးရာအဝတ်အစားတွေ ရေပန်းစားလဲ ?
 
ဒီနေရာမှာတော့ Qipao နဲ့ Tang Suit လို တရုတ်ရိုးရာအဝတ်အစားတွေက နှစ်သစ်ကူးကာလမှာ ရိုးရာဝတ်စုံသင်္ကေတအနေနဲ့ရှိကြပြီး သမိုင်းတန်ဖိုးမြင့်မားမှုနဲ့အတူ မြတ်နိုးဝတ်ဆင်ကြသူတွေလည်း များပြားပါတယ်။ဒီနေရာမှာ တန်ဝတ်စုံ (Tang Suit) ကတော့ အမျိုးသားဂျာကင်အင်္ကျီဖြစ်ပြီး ဒီအင်္ကျီပုံကို မြင်သာအောင် ပြောရ ရင်တော့ တရုတ်သိုင်းပညာကို ဝါသနာပါသူအဖို့ ရုပ်ရှင်တွေမှာ မြင်တွေ့ဖူးကြမှာဖြစ်ပါတယ်။ဒီဝတ်စုံအမျိုးအစားကို တရုတ်မင်းသားကြီး ဂျက်ကီချမ်း (Jackie Chan) က ကြိုက်နှစ်သက်စွာ ဝတ်ဆင်လေ့ရှိပါတယ်။ဒါ့အပြင် တန်ဝတ်စုံက ၂၀၀၁ APEC အစည်းအဝေးမှာလည်း “၀တ်စားဆင်ယင်မှု” အနေနဲ့ မြင်တွေ့ခဲ့ဖူးမှာဖြစ်ပါတယ်။
 
Qipao ကတော့ Qing Dynasty မင်းဆက်အတွင်း ပင်မတရုတ်ယဉ်ကျေးမှုကို ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ဒီနေ့ခေတ်နဲ့ ရှေးပုံစံကြားမှာတော့ အများကြီးကွဲပြားခြားနားမှုရှိတယ်လို့ ဆိုပါတယ်။ခေတ်နဲ့လိုက်ပြီး အရှည်နဲ့ အတို၊ တင်းတင်းကျပ်ကျပ်နဲ့ လျော့ရဲတဲ့ပုံစံတွေကြား အမြဲပြောင်းလဲတဲ့ အဝတ်အစားလည်းဖြစ်ပါတယ်။အခုခေတ်မှာတော့ Qipao တွေက အများစုက ဘော်ဒီဖစ် ချပ်ချပ်ရပ်ရပ်တွေအဖြစ် ချုပ်လုပ်ကြတာလည်း တွေ့ရပါတယ်။ဒါ့အပြင် အခြားရှေးရိုးရာဝတ်စုံတွေလည်း ရှိနေပါသေးတယ်။ဒီအထဲက နောက်ထပ် ထင်ရှားတာ တစ်ခုက Hanfu အဝတ်အစားဖြစ်ပါတယ်။
 
Hanfu ကတော့ “ဟန်လူမျိုးရဲ့အဝတ်အစား” လို့သိကြပါတယ်။ဟန်ဖူ (Hanfu) ဝတ်စုံမှာဆိုရင် ရှပ်အင်္ကျီနဲ့ စကတ်တစ်ခုပါဝင်တဲ့ ပုံစံဖြစ်ပါတယ်။ Tang မင်းဆက်ခေတ် Hanfu ကဆိုရင် ဂျပန်ကီမိုနိုကို လွှမ်းမိုးခဲ့ပြီး Ming မင်းဆက်က ကိုရီးယားရဲ့ Hanbok ကို လွှမ်းမိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီဝတ်စုံမှာ ကြော့ရှင်းတဲ့ ဖြတ် တောက်မှုတွေနဲ့ လတ်ဆတ်တဲ့ အရောင်တွေကြောင့် လူကြိုက်များပြီး ခေတ်မီဗားရှင်းအနေနဲ့လည်း ထုတ်လုပ်လျက်ရှိနေကြပါတယ်။
 
             တရုတ်နှစ်သစ်ကူး အဝတ်အစားအရောင်
 
နှစ်သစ်ကူးအဝတ်အစားရောင်မှာတော့ လူသိများပြီးသားဖြစ်တဲ့ အနီရောင်ကို သဘောကျသုံးစွဲကြပါတယ်။ကံကောင်းစေတဲ့ အရောင်အနေနဲ့ သတ်မှတ်ကြပြီး ခွန်အားနဲ့ ကြွယ်ဝမှုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ဒါ့အပြင် တောက်ပတဲ့ ရွှေရောင်နဲ့ ဝါကိုလည်း ထည့်သွင်းအသုံးပြုကြတာရှိပါတယ်။ဒါပေမဲ့ တရုတ်နှစ်ကူးမှာ အဖြူရောင်နဲ့ အနက်ရောင် အဝတ်အစားတွေကို ရှောင်ကြလေ့ပြီး အကြောင်းအရင်းအနေနဲ့ နာရေးအခမ်းအနားတွေမှာ အသုံးပြုလေ့ရှိတာကြောင့် သေခြင်းနဲ့ ဆက်စပ်တဲ့ မကောင်းတဲ့အရောင်လို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့လည်း ဒီခေတ်မှာတော့ လူငယ်တွေက ဒီအယူအဆတွေကို အရမ်းကြီးဂရုမစိုက်တော့တာလည်း ရှိပါတယ်။
 
             ဝတ်စားဆင်ယင်မှုဆိုင်ရာ တားမြစ်ချက်
 
နှစ်သစ်ကူးကာလမှာ အဝတ်စားသစ်တွေကို ဝတ်ဆင်တာကြောင့် စုတ်ပြဲပျက်စီးနေတဲ့ အဝတ်တွေကို မဝတ်ဆင်ဖို့ လူကြီးတွေက တားမြစ်ကြပါတယ်။အကြောင်းကတော့ ပျက်စီးနေတဲ့ အဝတ်အစားတွေက ကံဆိုးတွေကို ဆွဲဆောင်တယ်လို့ဆိုကြပြီး တစ်နှစ်ပတ်လုံး ကံဆိုးတာတွေ မဖြစ်ပေါ်ဖို့ တားမြစ်ကြတာလို့ ဆိုပါတယ်။နောက်ထပ်တစ်မျိုးကတော့ ဖိနပ်သစ်ဝယ်ခြင်းဖြစ်ပြီး တောင်ပိုင်းဒေသအချို့မှာဆိုရင်  ဖိနပ်အသစ်ဝယ်ခြင်း (ဝတ်ဆင်ခြင်း) က ကံဆိုးစေတယ်လို့ ရှုမြင်ကြပါတယ်။
 
မိုးသား